နွယ်နီလင်း
လက်ဘနွန်နိုင်ငံသည် အာရှတိုက်၏ အနောက်မြောက်ဘက်၊ မြေထဲပင်လယ်၏ အရှေ့ဘက်ကမ်းခြေတွင် တည်ရှိသည့် သမ္မတနိုင်ငံတစ်ခုဖြစ်ပြီး အကျယ်အဝန်းမှာ ၄၀၁၅ စတုရန်းမိုင်ခန့်ရှိသည်။ လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ လူပေါင်း ၁၃၃၆၀၀ နေထိုင်လျက်ရှိရာ ယခုအခါ အစ္စရေးနှင့် အီရန် ကျောထောက် နောက်ခံ ပြုထားသည့် ဟစ်ဇ်ဘိုလာအကြား ပဋိပက္ခဖြစ်ပွားနေသည့်အတွက် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဒေသခံတစ်သိန်းကျော်မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမားစ်တို့က အစ္စရေးကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၁၂၀၀ သေဆုံးပြီး ၂၀၀ ကျော် ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ယင်းသို့ ဟားမားစ်တို့၏ တိုက်ခိုက်မှုကို လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့က ထောက်ခံခဲ့သည့်အနေဖြင့် ဩဂုတ် ၈ ရက်တွင် အစ္စရေးကို ၎င်းတို့က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ယခုအခါတွင်လည်း လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ လူနေအဆောက်အအုံတစ်လုံးကို ဩဂုတ် ၁၇ ရက် အစောပိုင်းက အစ္စရေးက လေကြောင်းတိုက်ခိုက်ရာ လူ ၁၀ ဦး သေဆုံးပြီး စစ်ဘေးရှောင် ဆီးရီးယားနိုင်ငံသား သုံးဦးဒဏ်ရာ ရရှိခဲ့သည်။ နေအိမ်မှာလည်း ပျက်စီးသွားခဲ့သဖြင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များနှင့် အစ္စလာမ္မစ် ကျန်းမာရေးအာဏာပိုင်အဖွဲ့များက နေအိမ်အပျက်အစီးများကို ရှင်းလင်းရန် ဘူဒိုဇာများ၊ ကရိန်းများ ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိ သည်။ အခြားဒဏ်ရာရရှိသူများကိုလည်း ဆေးရုံများ သို့ ပို့ဆောင်ပေးလျက်ရှိသည်ဟု လက်ဘနွန် စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဆိုသည်။
လက်နက်ကြီးဖြင့်ပစ်ခတ် နေအိမ်အများအပြားပျက်စီး
အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ကျေးရွာလေးရွာနှင့် မြို့များကို ယင်းနေ့အရုဏ်တက်ချိန်နှင့် နံနက်ပိုင်းက ဒရုန်းနှင့် စစ်လေယာဉ်များဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များကဆိုသည်။ လက်ဘနွန်နိုင်ငံတောင်ပိုင်း နယ်စပ်ဒေသ၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အလယ်ပိုင်းရှိ ကျေးရွာရှစ်ရွာနှင့် မြို့များကို အစ္စရေးက လက်နက်ကြီး ၃၅ လုံးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးဖြစ်သည့် ဒါဟိကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဖော့အစ်ရှော့ကာနှင့် အရပ်သားခုနစ်ဦး သေဆုံးမှုဖြစ်ပွားပြီးနောက် နှစ်ဖက် နောက်ထပ်တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဟစ်ဇ်ဘိုလာ အထွေထွေအတွင်းရေးမှူးချုပ် ဟက်ဆန်နာစရယ်လာကလည်း အစ္စရေး၏ တိုက်ခိုက်မှုအပေါ် သင့်လျော်သည့်အချိန်နှင့် နေရာတို့၌ ပြန်လည်လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ပြောကြားသည်။ ဟစ်ဇ်ဘိုလာ အဖွဲ့ကလည်း အရပ်သား ၁၀ ဦး သေဆုံးခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး နိုင်ငံမြောက်ပိုင်းသို့ ကက်ယူရှာ ဒုံးကျည်များဖြင့် ဩဂုတ် ၁၇ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု စစ်ဘက်ဆိုင်ရာအဖွဲ့က ဆိုသည်။
လက်ဘနွန်နိုင်ငံမှ အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ပစ်လွှတ်သည့် ဒရုန်းများနှင့် ဒုံးကျည်အချို့ကို အစ္စရေး Iron Dome ဒုံးကျည်များက ကြားဖြတ်တားဆီးခဲ့ပြီး အချို့မှာ လက်ဘနွန်တောင်ပိုင်း နယ်စပ်ဒေသ လေပိုင်နက်တွင် ပေါက်ကွဲခဲ့သည်ဟု လက်ဘနွန် စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဆိုသည်။
“ပုံမှန်ဖောက်သည်တွေကို ရောင်းချဖို့အတွက် သလဲပြုလုပ်ရန် ခရမ်းချဉ်သီးအရေအတွက် အများ အပြားကို ရေဆေးခြင်း၊ ညှစ်ခြင်းနဲ့ ကျိုချက်ခြင်းအလုပ်တွေ လုပ်ကိုင်ပါတယ်” ဟု လက်ဘနွန်နိုင်ငံ နယ်စပ်ကျေးရွာ တစ်ရွာမှ နာဘာတိမြို့တောင်ပိုင်း ကို နေရပ်စွန့်ခွာလာတဲ့ အသက် ၆၀ အရွယ် အမျိုးသမီး ဆာဘက်အခီက ဆိုသည်။
“အိမ်လုပ်အစားအစာ အမျိုးအစားပေါင်း ၂၅ မျိုးကျော်ကို ရောင်းချခဲ့တာ အခုဆို နှစ် ၂၀ ရှိပါပြီ။ အဲဒီလုပ်ငန်းကနေ မိသားစုအတွက် နှစ်လိုဖွယ် ကောင်းတဲ့ဝင်ငွေနဲ့ ဆင်းရဲနွမ်းပါးမှုကနေ ကာကွယ် ပေးပါတယ်” လို့ ၎င်းက ဆိုပါတယ်။
“ဒါပေမယ့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစကာ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့အကြား ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် အသက်မွေးဝမ်းကျောင်းအရင်းအမြစ်ကို ဆုံးရှုံးစေတယ်။ စစ်ပွဲရဲ့ အကျိုးဆက်ကြောင့် နေအိမ်၊ အစားအစာ ပြုလုပ်ရာမှာအသုံးပြုတဲ့ စက်ပစ္စည်းတွေ၊ ဟင်းသီး ဟင်းရွက်နဲ့ အသီးအနှံတွေမျိုးစုံစိုက်ပျိုးထွက်ရှိတဲ့ စိုက်ခင်းလည်း မီးလောင်ပျက်စီးသွားတဲ့အတွက် အခုအခါမှာ အစားအစာသုံးမျိုးပဲ ပြုလုပ်နိုင်ပါတယ်။
အိမ်လုပ်အစားအစာဆိုတာ ဒေသတွင်းသီးနှံများအပေါ်များစွာ မှီခိုနေရတဲ့အတွက် လက်ဘနွန် နိုင်ငံတောင်ပိုင်းကို အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး၊ အမြောက်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် သံလွင်ပင်၊ သီးပင်စားပင်၊ စပျစ်ပင်၊ မွေးမြူရေးတိရစ္ဆာန်တွေ အပါအဝင် လယ်ယာမြေတွေကို ဆိုးရွားစွာ ပျက်စီးစေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် လက်ဘနွန်နိုင်ငံတောင်ပိုင်း၌ ဆက်လက် ဖြစ်ပွားနေသည့် အစ္စရေး- ဟစ်ဇ်ဘိုလာ ပဋိပက္ခကြောင့် ရေနှင့် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကိုလည်း ပိုမိုဆိုးရွားလာစေသည်။
လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်လာ
အဆိုပါ ပဋိပက္ခကြောင့် လူသားချင်းစာနာမှု ဆိုင်ရာကပ်ဘေးတစ်ခု ဖြစ်လာခဲ့သည်။ ယင်းသို့ နေရာပြောင်းရွှေ့ရခြင်းမှာ ပိုမိုဆိုးရွားလာသည့် လက်ဘနွန်စီးပွားရေး အကျပ်အတည်းဖြစ်ပေါ်နေချိန် ဒေသခံ အိမ်ရှင်မများ၏ ဝင်ငွေမှာ သိသိသာသာ လျော့ကျလာခဲ့သည်ဟု သိရသည်။
ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့အကြား ပဋိပက္ခကြောင့် တင်းမာမှုများတိုးလာနိုင်သည့်အတွက် လက်ဘနွန်နိုင်ငံ၌ နေထိုင်သည့် ဖိလစ်ပိုင်နိုင်ငံသားများကို လက်ဘနွန်နိုင်ငံမှ အမြန်ဆုံးထွက်ခွာရန် ဩဂုတ် ၁၆ ရက်က လက်ဘနွန်ရှိ ဖိလစ်ပိုင်သံရုံးက လူမှုကွန်ရက်မီဒီယာတွင် အကြံပြုထားသည်။
“ဖိလစ်ပိုင်နိုင်ငံသားအားလုံး ၎င်းတို့ရဲ့ ဘေးကင်းရေးကို ဦးစားပေးပြီး လက်ဘနွန်နိုင်ငံကနေ အမြန်ဆုံးထွက်ခွာဖို့ အကြံပြုပါတယ်” ဟု သံရုံးက အကြံပေးထားသည်။ လက်ဘနွန်နိုင်ငံ၌ ဖိလစ်ပိုင်နိုင်ငံသား ၁၇၅၀၀ ခန့်ရှိပြီး ၃၀၀၀ မှာ လက်ဘနွန်တောင်ပိုင်း၌ နေထိုင်ကြသည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေး-ဟားမားစ် အပစ်အခတ်ရပ်စဲသည့်အချိန်အထိ ၎င်းတို့၏ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားသည်။ ကိုး
ကား- ဆင်ဟွာ