၄ မတ်

 

မန္တလေးက မြို့ပြစတင်လျာထားပုံစံထုတ်ကတည်းက မြန်မာ့စိတ်ဓာတ်၊ မြန်မာ့စရိုက်နှင့်အညီ မြန်မာမှုဗိသုကာကို အခြေခံပြီး ပုံစံထုတ်ခဲ့ကာ မြန်မာပညာရှင်များ မြန်မာအလုပ်သမားများကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

မင်းနေပြည်တော်အဖြစ် မြို့သစ်နန်းသစ်ကို  တည်ဆောက်ခဲ့ခြင်းကြောင့်   အကောင်းဆုံးစိတ်ကူး၊ အကောင်းဆုံးအစီအမံ၊ အကောင်းဆုံးဆောင်ရွက်မှုများကိုသာ အသုံးပြုခဲ့၍ မြန်မာနှင့်ပတ်သက်သော အပြည့်စုံဆုံးစံနမူနာ မြို့ပြဖြစ်ခဲ့သည်မှာ ငြင်းဖွယ်မရှိခဲ့။

 

ထို့ပြင် မြန်မာတို့၏ မြို့ပြအိမ်ရာ   လူမှုဝန်းကျင်နှင့်အတူ  မြန်မာ့လက်မှု ပန်းဆယ်မျိုးအနုပညာများကိုလည်း တစ်နေရာတည်းတွင် တစုတဝေးတည်း တည်ရှိခဲ့သော မြို့လည်းဖြစ်သည်။ မြို့ကွက်၏ အတိုင်းအထွာများသည်ပင်လျှင်   မြန်မာ့ရိုးရာဓလေ့ ဘာသာရေးယုံကြည်မှုများနှင့် တိုက်ရိုက်ပတ်သက်နေခြင်း၊ လေးထောင့်ကျကျမြို့ကွက်တွင်း စုဝေးနေထိုင်ကြခြင်းဖြင့် မြန်မာတို့၏   လက်ရည်တစ်ပြင်တည်း နေထိုင်မှုပုံစံကို ဖော်ဆောင်ခြင်းများက    မန္တလေး၏   ထင်ရှားသည့်လက္ခဏာများ ဖြစ်စေခဲ့သည်။

 

ကနဦးမူလစတင်ခဲ့သည့် မြို့ပြအခင်းအကျင်းပန္နက်ကပင် မြန်မာမှုစစ်စစ်ဖြစ်ခဲ့၏။ တစ်နည်းဆိုရသော် ထိုအခင်းအကျင်း ပန္နက်ကပင် Tangible Culture လက်ဆုပ်လက်ကိုင်ပြနိုင်သော (ဝါ) အကောင်အထည်ရုပ်ဝတ္ထုရှိသော၊    ဒြပ်ဝတ္ထုရှိသော   ယဉ်ကျေးမှုဖြစ်သည်။  Immocrable Cultural Property မရွှေ့ပြောင်းနိုင်သော ယဉ်ကျေးမှုဝတ္ထုပစ္စည်းလည်းမည်ပါ၏။

 

တရစပ်ဗုံးကြဲတိုက်ခိုက် 

 

၁၉၄၂ ခုနှစ် ဧပြီ ၃ ရက် (၁၃၀၃ ခု နှောင်းတန်ခူးလဆုတ် ၄ ရက်)   သောကြာနေ့   နံနက်  ၁၁  နာရီလောက်တွင် လေယာဉ်အစင်း ၈၀ ကျော် ပါဝင်သည့် ဂျပန်လေတပ်ကြီးက မန္တလေးမြို့ပေါ် အနိမ့်ပျံသန်းလာပြီး လူနေရပ်ကွက်များပါမကျန် တရစပ် ဗုံးကြဲတိုက်ခိုက်သည်။ လူအများအပြား သေကျေကြသလို နန်းမြို့တော်၏ တောင်ဘက်မြို့ရိုးရှိ ပြာသာဒ်များလည်း မီးလောင်ပျက်စီးကုန်၏။

 

မေလ ၁ ရက်နေ့တွင် ဂျပန်က မန္တလေးကို အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့သည်။ ဂျပန်၏ မန္တလေးမြို့သိမ်းတိုက်ပွဲတွင် ရှေးဟောင်းဘုရားကျောင်းကန် ဇရပ်များအပြင်ဆေးရုံ၊ ဘူတာ၊ ကြေးနန်းရုံ၊ ဂတ်တဲ၊ မီးသတ်၊ ဓာတ်စက်ရုံ၊ ဘဏ်များ၊ စာသင်ကျောင်းများ၊ ကုန်တိုက်ကြီးများနှင့် လူနေအိမ်ခြေအများအပြား မီးလောင်ပျက်စီးခဲ့ရ၏။

 

မန္တလေးကို ဂျပန်အုပ်စိုးသည့် သုံးနှစ်တာကာလ အတွင်းနှင့် မဟာမိတ်တပ်များ ပြန်လည်သိမ်းပိုက်မှုကြောင့် ဂျပန်ပြန်အဆုတ် မန္တလေးသည် ထပ်မံ၍ မြေစာပင်ဖြစ်ခဲ့ရပြန်သည်။

 

စစ်ဒဏ်၊ဗုံးဒဏ်ဖြင့် ပြာပုံဘဝရောက် 

 

၁၃၀၆ ခုနှစ် တပို့တွဲလဆန်း ၁ ရက်နေ့တွင် မန္တလေးတောင်ခြေမှ စံကျောင်းတော်ကြီး မီးလောင်ပျက်စီးခဲ့သည်။ တပေါင်းလကွယ်နေ့တွင် စလင်းတိုက်ကြီး မီးလောင်ပျက်စီးခဲ့သည်။ တန်ခူးလဆန်း ၂ ရက်နှင့် ၃ ရက်နေ့များက နာမည်ကျော် အရှေ့ပြင်တိုက်တော်ကြီး မီးလောင်ပျက်စီးခဲ့သည်။ တန်ခူးလဆန်း ၅ ရက်နေ့မှာတော့ ရွှေနန်းတော်ကြီး မီးလောင်ပျက်စီးခဲ့ပြန်၏။

 

မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရား အရှေ့မုခ်၏ တောင်ဘက်၌ မြို့တည်နန်းတည် ခုနစ်ဌာန အပါအဝင်ဖြစ်သော သုဓမ္မာဇရပ်တော်ကြီးနှင့် မြောက်ဘက်ရှိ ပဋ္ဌာန်းဟေ ရွှေသိမ်တော်ကြီးလည်း မီးလောင်ပျက်စီးခဲ့ချေပြီ။ ထို့ပြင် မဟာမုနိဘုရားကြီး စောင်းတန်းနှစ်သွယ်၊ မုခ်ဦးပြာသာဒ်တော်ကြီးများ၊ သကျသီဟဘုရား ဂန္ဓကုဋီပြာသာဒ်တော်ကြီး၊ တောင်ပြင်ငါးစို့ကျောင်းကြီး၊ ရွှေရေးဆောင်တိုက်ကျောင်းကြီး၊ မြတောင်ရွှေကျောင်းတော်ကြီး၊ တောင်ခွင်ကျောင်းကြီး၊ အကောက်ဝန်ကျောင်းကြီး၊ သင်္ဂဇာကျောင်းကြီး၊ ယောအတွင်းဝန်အုတ်ကျောင်းကြီး၊ မိုးထိကျောင်းကြီး၊ တောင်ပြင်မှန်ကျောင်းတိုက်ကြီးနှင့် အတုမရှိကျောင်းတော်ကြီးတို့လည်း စစ်ဒဏ်၊ ဗုံးဒဏ်ဖြင့် ပြာပုံဘဝရောက်ကြရတော့သည်။

 


အဲဒါတွေ မတွေးကြနဲ့၊ ရှေ့ဆက်ကာစီမံကြစို့လေ 

 

မန္တလေးသည် မြန်မာလူမျိုးတို့၏ နှလုံးသည်းပွတ် ဖြစ်သည်။  မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာဖြစ်သည်။ မြန်မာလူမျိုးတို့၏  ဇာတိသနေ ̈ဟုလည်းခေါ်ဆိုရမည်။ ဆုံးရှုံးမှုများအတွက်လည်း ဖြေသိမ့်နိုင်၏။ ပူဆွေးမှုများထဲမှ ဖြေသိမ့်ကာ အားမာန်မွေးယူ ပြန်လည်တည်ဆောက်သည့် စရိုက်လက္ခဏာအပြည့်ရှိသည်။

 

မန္တလေးဆို .. ရွှေမြို့တို့ရတနာပုံနေပြည် ...
တင့်တယ်သာယာ စည်ကားဟိုတုန်းအခါကလေ ...
အဲဒါတွေ မတွေးကြနဲ့...၊
ရှေ့ဆက်ကာစီမံကြစို့လေ ...မေ့မေ့ပျောက်ပျောက် အောက်မေ့လို့နေ ...
တိုက်တာအိမ်ခြေစည်းစိမ်ရှင်တွေ ...
ယူကြရင် ခံနိုင်ဘူး .. အထူးပင်မှတ်ကြလေ ...
အရင်လိုပျော်ပျော်ရွှင်ရွှင်နေ ...
မြို့မအသင်းကပြောမလေ ...
ဖြစ်ဟဲ့ဆို ဖြစ်ရမယ်တဲ့ ...
တက်ခေတ်လူငယ်များ အားအင်တောင့်တင်းစေတဲ့...။

 

ဤသို့ဖြင့် ကျန်ကောင်းကျန်ရာဖြင့် အစပြုကာ မန္တလေးကို  မြန်မာ့စရိုက်၊ မြန်မာ့လက္ခဏာ၊ မြန်မာ့ပုံရိပ်ပီသစွာဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် မန္တလေးမသေခဲ့။

 

မူလဗီဇကိုပိုမိုကြီးထွားအားကောင်းစေရန် 

 

ဝိတိုရိယဘုရင်မကြီး နန်းတက်သက် ၆၀ ပြည့်နှစ်အထိမ်းအမှတ် မြန်မာမှုဗိသုကာနှင့် ဈေးချိုနာရီစင်ကြီး၊ ထိုနာရီစင်ကြီးတွင် တပ်ဆင်အသုံးပြုရန်အတွက် သီးခြားထုတ်လုပ်တည်ဆောက်ပေးခဲ့သော သံပတ်ပေး  ရောမကိန်းဒိုင်ခွက်များနှင့် သံမဏိနာရီစင်ကြီး။

 


၁၂၉၈ ခုနှစ်တွင် မလွန်ဈေးလူငယ်များမှ စတင်တည်ထောင်ခဲ့သည့် မလွန်ဈေးဆန်လှူအသင်းကြီး၊ ဘာသာသာသနာကို အစဉ်တစိုက် မညှိုးနွမ်းရလေအောင် မြို့မိမြို့ဖများဦးဆောင်၍ ၁၂၆၀ ပြည့်နှစ် ဝါဆိုလပြည့်နေ့တွင် တည်ထောင်ခဲ့သော ပရိယတ္တိသာသနာ့ဟိတအသင်းကြီးနှင့် နှစ် ၅၀ ကျော်အကြာ ၁၃၁၃ ခုတွင်တည်ဆောက်ပြီးစီးခဲ့သည့် မလွန်သာသနာ့ဗိမာန်တော်ကြီး။ မစိုးရိမ်ကျောင်းတိုက်၊ ရွှေအင်ပင်ကျောင်းတိုက်တို့ကဲ့သို့သော အခြေတည်အားကောင်းပြီး မန္တလေးသာသနာဝင်အတွက် ထပ်မံပွားစည်းထွန်းကားစေမည့် ကျောင်းတိုက်တော်ကြီးများ။

 


၁၉၂၅ ခုနှစ်တွင် မန္တလေးသား ပညာတတ်ဝါသနာရှင်များ ရည်ရွယ်ချက်ကောင်းဖြင့် စုစည်းတည်ထောင်ခဲ့သည့် မြို့မအပျော်တမ်းတူရိယာအသင်းကြီး၊ ထို့ပြင် သဘင်တက္ကသိုလ်ဟုခေါ်ဆိုကာ ပညာရည်နို့သောက်စို့ခဲ့ကြရသော သုခုမသဘင်မှုနှင့် ပန်းဆယ်မျိုးအတတ်ပညာများ ထွန်းကားဖြန့်ဖြူးရာ နေရာဌာနကြီး စသည်ဖြင့်... စသည်ဖြင့်... မန္တလေးဟူသော မူလဗီဇကို ပိုမိုကြီးထွားအားကောင်းစေရန် ရုပ်ပိုင်း၊ နာမ်ပိုင်းအလိုက် စည်ပင်အားကောင်းစေခဲ့သည်။

 

အထူးသဖြင့်    သီးခြားတစ်ခန်းတစ်ကဏ္ဍအနေနှင့် တင်ပြရသော် မြန်မာစာပေသမိုင်းတွင် ဂန္တဝင်စာပေပိုင်းဆိုင်ရာ အားကောင်းခဲ့သည့် သာဓကများနည်းတူ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ဟူသောသဘောထားဖြင့် ဆင်သွားလမ်းဖြစ်စေခဲ့သည့် ပြည်သူ့အကျိုးပြုစာပေများကို မှတ်တမ်းမှတ်တိုင် ခိုင်ခိုင်ကျန်ရစ်စေခဲ့သည်။ မန္တလေးစာပေလှုပ်ရှားမှုများကလည်း မာန်မာနဖြင့် ခံ့ထည်စေခဲ့သော စာပေသမိုင်းကို ခိုင်မာကျယ်ပြန့်စွာ နေရာယူ အကျိုးဖြစ်ထွန်းစေခဲ့သည်။

 

ဤသို့ဖြင့် .. မန္တလေးသည် ...
ဤသို့ဖြင့် .. မန္တလေးသည် ... 
အောင်ပင်လယ် ကြာညိုပွင့်ချိန် ဂေါဝိန်မှာ မီးအိမ်ပြတဲ့မြို့  ...                          - ၁၄ ခန်းဇရပ်နဲ့ အယ်လ်ဖင်စတုန်းသူကြွယ်ကုန်းရောက်မှ အာဇာနည်လမ်းတွင်တဲ့မြို့  ....                                                                          

- စံရွေးဆိပ် ကူးတို့မဖြတ်ခင် ပြည်တော်ဝင်  တီးမှုတ်ချင်တဲ့မြို့  ... .             

- ဦးကျားကြီးဝင်းက မြောက်ပြင်အကူးအင်းခရုဘုရားဖူးတဲ့မြို့  ...                  - ကနားပေးမြေရောင်း ကျောက်ဝိုင်းဆင်း  ကာရာအိုကေဆိုရင်း ရင်ခုန် အကင်စုံညှော်ဝနေတဲ့မြို့... .                                                                              - ရာဇဝင်ရှိသတဲ့ မှန်ဘောင်မဲ့ စီပီယာဓာတ်ပုံထဲကလို ရွှေထီးအိုအရောင်နဲ့  ပါးပြောင်နေဆဲမြို့...။   
 - ...... ဖြစ်လို့

 

ဆူးငှက်

 

dd