ကိုယဉ်ချစ် (မန္တလေး)
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းကြီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုသည်မှာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်းဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။
သန်းခေါင်စာရင်း သမိုင်းကြောင်း
မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ် အင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက်နှင့် ၁၁၄၅ ခုနှစ် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်များတွင် လက်ရှိအခြေအနေမှန်များကို သိရှိနိုင်ရန်နိုင်ငံတော်၏ လူဦးရေ၊ မြေအကျယ်အဝန်း၊ သီးနှံအထွက်နှုန်း၊ စီးပွားရေးအခြေအနေနှင့် ပေးဆောင်ရသည့် အခွန်အတုတ်နှုန်းများ ပါဝင်သည့် စီးပွားရေးစစ်တမ်း အသွင်ကောက်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရပါသည်။
ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ် ညသန်းခေါင်အချိန်တွင် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ကြောင်း သိရပါသည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှစတင်၍ ၁၀ နှစ်လျှင်တစ်ကြိမ် စာရင်းကောက်ယူခဲ့ရာ ၁၈၈၁ ခုနှစ်တွင် ဗြိတိသျှတို့ သိမ်းပိုက်ထားသည့် အောက်မြန်မာပြည်၏ လူဦးရေမှာ နှစ်သန်းကျော် သုံးသန်းခန့်သာ ရှိသည်ဟုဆိုပါသည်။ ၁၈၈၆ ခုနှစ်၌ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ပြီးနောက် ၁၈၉၁ ခုနှစ်မှစတင်၍ တစ်ပြည်လုံး စာရင်းကောက်ယူခဲ့ရာ အောက်မြန်မာ ပြည်တွင် ၄၄၀၈၄၆၆ ဦးနှင့် အထက်မြန်မာပြည်တွင် ၃၃၁၃၅၈၇ ဦးရှိခဲ့သည်။ ထိုအချိန်က ဗြိတိသျှအစိုးရ ၏ သွေးခွဲအုပ်ချုပ်ရေးအစီအမံများအရ ကရင် ပြည်နယ်နှင့် ကရင်နီပြည်နယ် (ယခု ကယား) တို့ မပါဝင်ခဲ့ပေ။
၁၉၃၁ ခုနှစ်တွင် စာရင်းကောက်ယူရာတွင် အောက်မြန်မာပြည်၌ ၇၇၆၅၈၇၃ ဦးနှင့် အထက် မြန်မာပြည်၌ ၆၈၈၁၈၈၃ ဦး စုစုပေါင်း ၁၄၆၄၇၇၅၆ ဦး (၁၄ ဒသမ ၄၇ သန်းကျော် ) ရှိခဲ့ပြီး ၁၀ နှစ်အကြာ တွင် ကောက်ယူခဲ့သည့် ၁၉၄၁ ခုနှစ် လူဦးရေစာရင်း အရ အောက်မြန်မာပြည်တွင် ၇၇၆၅၈၇၃ ဦးနှင့် အထက်မြန်မာပြည်တွင် ၇၉၀၆၂၆၅ ဦး စုစုပေါင်း ၁၆၈၂၃၇၉၈ ဦး (၁၆ ဒသမ ၂၃ သန်းကျော်) ရှိပြီး မြန်မာနိုင်ငံ၏ မြေဧရိယာအကျယ်အဝန်းမှာ ၂၃၃၄၉၂ စတုရန်းမိုင်ဖြစ်ပါသည်။ ဒုတိယကမ္ဘာ စစ်ကြီး ဖြစ်ပွားမှုကြောင့် ၁၉၄၁ ခုနှစ် စာရင်းများ၊ မှတ်တမ်းများ ပျောက်ပျက်ခဲ့ရသည်။ ဗြိတိသျှအစိုးရ လက်ထက်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် ရည်ရွယ်ချက်မှာ အခွန်တော်ရရှိရေး၊ စစ်မှုထမ်းနိုင်သည့် လူဦးရေ သိရှိနိုင်ရေး၊ မြန်မာနိုင်ငံမှ သဘာဝ သယံဇာတအဆီအနှစ်များကို ထုတ်ယူနိုင်ရန်ဖြစ်ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း သန်းခေါင်စာရင်းများကောက်ယူရာတွင် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာများကို စီမံကိန်းများရေးဆွဲကာ စနစ်တကျ ဖြည့်ဆည်းပေးနိုင်ရေးအတွက်ဖြစ်ပါသည်။ ၁၉၄၁ ခုနှစ်မှ ၁၀ နှစ်ပြည့်သည့် ၁၉၅၁ ခုနှစ် တွင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် စာရင်းမကောက်ယူနိုင်ခဲ့ပါ။ ၁၉၅၃ ခုနှစ်တွင် မြန်မာပြည် တစ်ဝန်းလုံး မြို့ပေါင်း ၂၅၂ မြို့မှ မြို့နေလူဦးရေ စာရင်းများ ကောက်ယူခဲ့ပါသည်။
၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရ တာဝန်ယူပြီးနောက် ၁၉၆၄ ခုနှစ်တွင် ဗဟိုစာရင်း အင်းနှင့် စီးပွားရေးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဌာနတို့ပူးပေါင်းပြီး ကျောင်းဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပူးပေါင်း ကူညီမှုဖြင့် လူဦးရေနှင့် စီးပွားရေး စစ်တမ်း ကောက်ယူခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ လက်ထက် ၁၉၇၂ ခုနှစ်တွင် သန်းခေါင်စာရင်းဥပဒေ ကို ပြဋ္ဌာန်းပြီး ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူခဲ့ပါသည်။ ယင်းသို့ ကောက်ယူရာတွင် ဗဟိုသန်းခေါင်စာရင်းဦးစီးဌာန က မေးခွန်း ၂၅ ခု ပါရှိသည့် သန်းခေါင်စာရင်းပုံစံသစ် များကို အပိုင်းလေးပိုင်းခွဲ၍ ထုတ်ပြန်ပေးခဲ့သည်။ အဆိုပါစာရင်းတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုး အပေါ် အခြေပြုကောက်ယူခဲ့သည်။ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးမှာ ကချင် ၁၂ မျိုး၊ ကယား ကိုးမျိုး၊ ကရင် ၁၁ မျိုး၊ ချင်း ၅၃ မျိုး၊ ဗမာ ကိုးမျိုး၊ မွန် တစ်မျိုး၊ ရခိုင် ခုနစ်မျိုးနှင့် ရှမ်း ၃၃ မျိုး တို့ဖြစ်ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်း၊ နမူနာလူဦးရေ သန်းခေါင်စာရင်း၊ နမူနာအိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်း စက်မှုလက်မှု သန်းခေါင်စာရင်း၊ အိမ်တွင်း စားသုံးကုန်ထုတ်လုပ်ခြင်း သန်းခေါင်စာရင်း၊ စိုက်ပျိုး ရေး သန်းခေါင်စာရင်း စသည်ဖြင့်အမျိုးအစားကွဲပြား ပြီး ၁၉၇၃ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင် စာရင်းသည် အပြည့်ကောက်လူဦးရေသန်းခေါင် စာရင်းအမျိုးအစားဖြစ်ကြောင်း သိရပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး အပြည့် ကောက်လူဦးရေ သန်းခေါင်စာရင်းဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာ ပြန်လည်အပ်နှံရန် ၁၉၇၄ ခုနှစ်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရေးနှင့် ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး စီမံကိန်း အရပ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ရန် ဖြစ်သည်။ အဆိုပါ လုပ်ငန်းများအတွက် အခြေခံ စာရင်းအချက်အလက်များ ရရှိခဲ့သည်။
၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခြင်းမရှိ ဟု ဆိုသည်။ ၁၉၈၃ ခုတွင် ရှေ့ပြေးလူဦးရေစာရင်း အဖြစ် တစ်နိုင်ငံလုံးတွင် လူဦးရေ ၃၅ ဒသမ ၃ သန်း ကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ တိုင်အောင် သန်းခေါင်စာရင်းမကောက် ယူနိုင်ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် လူဦးရေသန်းခေါင်စာရင်းနှင့် အိမ်ထောင်စု စစ်တမ်း၊ လုပ်သား အင်အားစုစစ်တမ်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးဖွားဦးရေ၊ သေဆုံးနှင့် ကျန်ဦးရေ၊ ရွှေ့ပြောင်းသွားလာသူဦးရေနှင့် အိမ် အကြောင်းအရာစသည်တို့ကို ပြည့်စုံစွာကောက်ယူ နိုင်ခဲ့သည်။
သဘာဝအကြောင်းတရား များစွာတို့၏ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်စေမည့် လူဦးရေစာရင်းနှင့် ဆက်စပ်သည့် အကြောင်းအရာအချက်အလက်စာရင်းများကို တိကျမှန်ကန်စွာ ကောက်ယူပြုစုရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ လူဦးရေနှင့် အိမ်အကြောင်းအရာများကို စာရင်းကောက်ယူမည်ဖြစ်သည်။ ရရှိလာမည့် စာရင်းများကို အခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူများ အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့်လိုအပ်သည့်လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေ ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိရန် ဖြစ်ပါသည်။ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေရန် အထောက်အပံ့ဖြစ်စေ မည့် အခြေခံကျသည့် လုပ်ငန်းစဉ်ကြီးဖြစ်သည်။ တိကျမှန်ကန်သော စာရင်းများရရှိပါက ပြည်သူ တစ်ဦးချင်းစီနှင့် ပြည်သူအားလုံး၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်မှု၊ တစ်မျိုးသားလုံး၏အကျိုးစီးပွားများကို လိုအပ်သလို ဖြည့်ဆည်းပေးရန် အထောက် အကူများရရှိနိုင်မည်ဖြစ်သည်။
စာရင်းထည့်ကောက်ရမည့်သူများနှင့် ထည့်မကောက်ရမည့်သူများ
သန်းခေါင်စာရင်း ကောက်ယူရာတွင် သန်းခေါင် စာရင်းရည်ညွှန်းချိန် (၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံ)တွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိသူ/ နေထိုင်သူများ၊ သန်းခေါင် စာရင်းရည်ညွှန်းချိန် ကျော်လွန်ပြီးမှ သေဆုံးသူများ နှင့် နိုင်ငံခြားသို့ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံခြားတွင်နေထိုင်လျက် ရှိသော မြန်မာနိုင်ငံသားများ စာရင်းကို ထည့်သွင်းကောက်ယူသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား သံတမန်များနှင့် မိသားစုဝင်များ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် (၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့် သန်းခေါင်ယံ) ကျော်လွန်ပြီးမှ မွေးဖွားသောကလေးများကို စာရင်းတွင် ထည့်သွင်းမကောက်ပါ။
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက် နေ့အတွင်း ၁၅ ရက်ကြာ တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ပါမည်။ စာရင်းကောက်သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်သို့လာရောက် စာရင်းကောက်ပါမည်။ နေအိမ်သို့စာရင်း လာကောက်မည့်နေ့ကို ကြိုတင် အကြောင်းကြားပါမည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) သို့မဟုတ် ပုံစံ (၁၀) ရှိခြင်း/ မရှိခြင်း၊ နိုင်ငံ သားစိစစ်ရေးကတ်ပြား ရှိခြင်း/ မရှိခြင်းနှင့် မသက်ဆိုင်ပါ။ တိုင်းရင်းသားဖြစ်ခြင်း/ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း/ မဖြစ်ခြင်းနှင့် မသက်ဆိုင်ပါ။ သန်းခေါင်စာရင်း ထည့်မကောက်ရသူများမှအပ သန်းခေါင်စာရင်းရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရှိနေသူအားလုံးကို စာရင်း ကောက်ယူပါမည်။ သန်းခေါင်စာရင်းကောက်ယူခြင်း အားဖြင့်သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခြင်း၊ အရေးယူခြင်းတို့ကို လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါ။ သန်းခေါင်စာရင်း မေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက် လည်း စိုးရိမ်ရန်မလိုပါ။ မည်သို့မျှ အရေးယူမည် မဟုတ်ပါ။
မေးမြန်းမည့် မေးခွန်းများ
စာရင်းကောက်သူများက မေးခွန်းများ မေးမြန်းမည်ဖြစ်ရာ မှန်ကန်စွာဖြေဆိုပေးကြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ မေးမြန်းမည့်မေးခွန်းများမှာ အမည်၊ အိမ်ထောင်စု ဦးစီးနှင့်တော်စပ်ပုံ၊ ကျား /မ၊ ပြည့်ပြီးအသက်၊ မွေးသက္ကရာဇ် ( ရက်/ လ / နှစ် )၊ ကိုးကွယ်သည့် ဘာသာ၊ အိမ်တွင် အဓိကပြောဆိုသော ဘာသာ စကား၊ ကိုင်ဆောင်သည့်လက်မှတ်အမျိုးအစား၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်း ရှိ/မရှိ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ ပညာရေးအကြောင်းအရာ၊ လုပ်သားအင်အား အကြောင်းအရာ၊ မွေးဖွားခြင်းအကြောင်းအရာ (အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ အသက် ၁၀ နှစ်နှင့်အထက်)၊ မသန်စွမ်းမှုအကြောင်းအရာ၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ နေအိမ်အမျိုးအစား၊ ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးပစ္စည်းများ၊ အိမ်ရှိအခန်းအရေ အတွက်နှင့် အိပ်ခန်းအရေအတွက်၊ သောက်သုံးရေ ရရှိမှု၊ အလင်းရောင်အတွက် မီးအသုံးပြုမှု၊ လောင်စာ အသုံးပြုမှု၊ အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု၊ လက်ဆေးခြင်းအကြောင်းအရာနှင့် လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုဝင်များထဲမှ သေဆုံးမှု စသည့်အချက်အလက်များဖြစ်ပါသည်။
မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် နိုင်ငံတော်မှ သင်နေထိုင်ရာနယ်မြေအတွင်းတွင် လိုအပ်သည့် စာသင်ကျောင်းအရေအတွက်၊ လိုအပ်သော ဆေးရုံ /ဆေးပေးခန်းအရေအတွက်၊ ရေပေးဝေ မှုစနစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရမည့် ပမာဏ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည့် အခြေအနေ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများစောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး သူငယ်များစောင့်ရှောက်ရေး၊ လူမှုအခြေခံ အဆောက် အအုံ (လမ်း၊ တံတား၊ အိမ်ရာ)များ တည်ဆောက် နိုင်ရေးတို့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။
သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားသည့် ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေတွင်လည်း ပြည်သူတို့၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံမှုအတွက် အကာအကွယ်ပေးထားပြီးဖြစ်သဖြင့် တိုင်းရင်းသား ပြည်သူများအနေဖြင့် စာရင်းကောက်ယူရေးအဖွဲ့မှ မေးမြန်းသည့်မေးခွန်းများကို မှန်ကန်ပြည့်စုံစွာ ဖြေကြားပေးရန် လိုအပ်ပါသည်။ ဖြေဆိုသည့် အချက်အလက်များ မမှန်ကန်ပါက ပြည်သူများသာ နစ်နာရမည်ဖြစ်ပါသည်။
သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကြီးသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမား သည့်အပြင် ငွေကြေးကုန်ကျမှုလည်း များပြားသည့် လုပ်ငန်းကြီးဖြစ်ပါသည်။ ပြည်တွင်းရှိလူ့စွမ်းအား အရင်းအမြစ်များကို အခြေခံ၍ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီး ဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုစွမ်းအားများဖြင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါသည်။ သန်းခေါင်စာရင်းမှရရှိလာမည့် ကိန်းဂဏန်းစာရင်းအချက် အလက်များသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ ကဏ္ဍအလိုက်အချိုးညီညီ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများအတွက် အခြေခံကျသော အချက်အလက်များကို ရရှိနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သော လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် မဲစာရင်းတိကျမှန်ကန်စေရေး အသုံးချသွားနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် မရှိမဖြစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။ လက်ရှိအစိုးရလက်ထက်သာမက နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းပေးနိုင်မည့် ကိန်းဂဏန်း အချက်အလက်များဖြစ်ခြင်းကြောင့် တိကျမှန်ကန်ရေးနှင့် စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကြီး တစ်ရပ်လုံး အောင်မြင်ရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ကိုးကား
- ၁-၉-၂၀၂၄၊ ၂-၉-၂၀၂၄၊ ၇-၉-၂၀၂၄ နှင့် ၉-၉-၂၀၂၄ ရက်နေ့ထုတ် သတင်းစာများ
- ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ လက်ကမ်းစာစောင်