ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကိုပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။ ဥပဒေ၏အဓိကရည်ရွယ်ချက်မှာ မိမိတို့နိုင်ငံအတွင်း ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို အဓွန့်ရှည်စွာ တည်တံ့စေရေးအတွက် ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်းနိုင်ရန် ဖြစ်သည်။


မိမိတို့ နိုင်ငံသည် သမိုင်းမတင်မီခေတ်ကတည်းကစပြီး လူသားတို့အခြေချ နေထိုင်မှုများ ရှိနေခဲ့ပြီဖြစ်သည့်အလျောက် ရှည်လျားသည့်သမိုင်းကြောင်းရှိသည့် နိုင်ငံ၊ သမိုင်း၏အထောက်အထား ယဉ်ကျေးမှုအမွေအနှစ်များမှာလည်း နိုင်ငံအတွင်း ဒေသများစွာတို့မှာ မြေပေါ် မြေအောက် အမြောက်အမြားတည်ရှိနေသည့် နိုင်ငံဖြစ်သည်။ သို့တိုင်အောင် နိုင်ငံ၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ဖော်ထုတ်ရာ တွင်မူ နှစ်၁၀ဝဝ ၏ ဟိုဘက်ဆီသို့ဆိုလျှင် ကွင်းဆက်များ တစ်စစီဆွဲထုတ်နေရဆဲဖြစ်ပြီး နှစ် ၂၀ဝဝ ခန့်ဆိုလျှင်မူ ဤသို့ ဤနှယ်ဖြစ်တန်ကောင်း၏ ဟူသော အနုမာနမှန်းဆမှုများဖြင့်သာ မှုန်ပျပျအတိတ်ကို ပုံဖော်နေရဆဲဖြစ်သည်။ ဤသည်မှာ နိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို သုတေသန ပြုလုပ်ခြင်း၊ ဖော်ထုတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်းတို့ကိုပြည့်ပြည့်စုံစုံ မပြုလုပ်နိုင်သေးသည့်အတွက်လည်း ဖြစ်သည်။


မည်သို့ပင်ဆိုစေ သုတေသနမပြုလုပ်ရသေးသော၊ မဖော်ထုတ်ရသေး သော၊ မှတ်တမ်းမတင်ရသေးသော ယဉ်ကျေးမှုအမွေအနှစ်တို့ မပျက်စီး မပျောက်ဆုံးစေရန် ထိန်းသိမ်းမှုများ ပြုကြရမည်မှာ နိုင်ငံသားအားလုံး တို့၏ အမျိုးသားရေးတာဝန်တစ်ရပ်ပင် ဖြစ်သည်။


ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ သမိုင်းအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ၊ ရှေးဟောင်းသုတေသနအရဖြစ်စေ၊ အနုပညာလက်ရာ မြောက်မှုအရဖြစ်စေ၊ မနုဿဗေဒအရဖြစ်စေ၊ ဘူမိဗေဒအရဖြစ်စေ၊ ဇီဝဗေဒအရဖြစ်စေ တန်ဖိုးကြီးမားသောကြောင့် ကာကွယ်ထိန်းသိမ်းရန်လိုအပ်သည့်ရှေးဟောင်းနေရာ သို့မဟုတ် ရှေးဟောင်းအဆောက်အအုံများကိုဆိုသည်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားချက်အရ ဆည်မြောင်း တာတမံများ၊ လမ်းတံတားများ၊ စက်မှုဇုန်များ စသည့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာ တွင် သဘာဝပတ်ဝန်းကျင်မထိခိုက်မပျက်စီး ရေးနှင့်တကွ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိကိုပါ ဆန်းစစ်လေ့လာမှုများ မပျက်မကွက်ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ မကြာသေးမီက မြင်စိုင်းမြို့ဟောင်းအနီး ကျောက်ထုတ်လုပ်မှုနှင့် စက်မှုဇုန် တည်ထောင်မှုတို့ကြောင့် မြင်စိုင်းမြို့ဟောင်း၏ သမိုင်းဝင်သဘာဝပတ်ဝန်းကျင်နှင့် သမိုင်းအမွေအနှစ်အဆောက်အအုံများ၏ တည်ရှိမှုတို့အပေါ် ထိခိုက်လာနိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ စိုးရိမ်မှုများပေါ်ပေါက်လာခဲ့ရသည်တို့မှာ ဂရုပြုဖွယ်ပင်ဖြစ်သည်။


ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကိုပြဋ္ဌာန်းလိုက်ခြင်းက နိုင်ငံနှင့် လူမျိုး၏ ယဉ်ကျေးမှုအမွေအနှစ်များကိုထိထိရောက်ရောက်ကာကွယ်ထိန်းသိမ်းသွားမည့် ခိုင်မာသည့် သန္နိဋ္ဌာန်ပင်ဖြစ်သည်။ ဥပဒေ၏သဘောသဘာဝအရ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ချက်များ၊ တာဝန်ရှိလူပုဂ္ဂိုလ်၊ အ ̧ဖွဲ့အစည်း၊ ဌာနများကိုတိတိကျကျ သတ်မှတ်ထားမှုများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ လည်း ပါဝင်သည်။ ယခင်ပြဋ္ဌာန်းခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၉/၁၉၉၈)ကို ယခု ဥပဒေဖြင့်ရုပ်သိမ်း လိုက်သော်လည်း ယခင်နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့်ညွှန်ကြားချက်များမှာ ယခု ဥပဒေဖြင့်မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ပြဋ္ဌာန်းထားသည့် ဥပဒေသက်ဝင်ရှင်သန်မှသာ ဥပဒေ၏ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်နိုင်မည်ကို နှလုံးမူနိုင်ကြပါစေကြောင်း။ မြန်မာ့အလင်း