ရန်ကုန် ၅ မတ်
ကမ္ဘာ့အဆင့် သတ်မှတ်ချက် ပြိုင်ပွဲများဖြစ်သည့် Uganda International Series နှင့် Kenya International 2019 ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတစ်ခုစီ ဆွတ်ခူးရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် မသက်ထားသူဇာသည် မတ်လ ၄ ရက် ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
“သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းကို ကြိုးစားပြီးရိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အတွက်လည်း နိုင်ငံ့ဂုဏ်ဆောင်ပေးဖို့ ဆုတွေအများကြီး ယူလာပေးဖို့လည်း ရှိပါတယ်။ ပြိုင်ပွဲမှာ ကစားသမားတွေက အိမ်ရှင်နိုင်ငံက ပိုများပါတယ်။ အတက်နိုင်ဆုံးကြိုးစားပြီး ကစားခဲ့ရပါတယ်။ အခုသွားရောက် ယှဉ်ပြိုင်ရတာ အာဖရိက နိုင်ငံတွေအထိ သွားရတဲ့အတွက် ခရီးသွားတာ ဝေးတာရယ် အစားအသောက်နဲ့ ရာသီဥတု ကွာခြားချက်လေးတွေမှာ အခက်အခဲ အနည်းငယ်တော့ ရှိပါတယ်။ မြန်မာနိုင်ငံက ကြက်တောင် အားကစားသမားတွေ အနေနဲ့လည်း လေ့ကျင့်မှုတွေမှာ အကောင်းဆုံး ကြိုးစားကြပါ။ ဒါမှပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မှာပါ။ ပြိုင်ပွဲသွားလို့ ရှိရင်လည်း ဆုတွေရအောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်” ဟု အောင်ပွဲရမြန်မာ့လက်ရွေးစင် သက်ထားသူဇာက ပြောသည်။
မြန်မာကြက်တောင် လက်ရွေးစင် ကစားသမား သက်ထားသူဇာသည် လာမည့်ဧပြီတွင် ဗီယက်နမ်၌ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထိုပြိုင်ပွဲတွင် အာရှနိုင်ငံ အသီးသီးမှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဒီပြိုင်ပွဲတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကစားသမားတွေက ညီမတို့အတွက် စိန်ခေါ်မှုတွေ ရှိနေတဲ့ အတွက်ကြောင့် သေသေချာချာကို လေ့ကျင့်ပြီး ပြင်ဆင်သွားရမှာပါ” ဟု သက်ထားသူဇာက ထပ်မံပြောကြားသည်။ အသက် ၁၉ နှစ်အရွယ် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် ယခုအခါတွင် ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့သော Grade-3 အဆင့်ရှိ ပြိုင်ပွဲများဖြစ်သည့် Future Series မှ Kenya International 2019 ပြိုင်ပွဲတွင် အကောင်ဆုံးရွှေတံဆိပ်နှင့် Uganda International Series ကြက်တောင်ရိုက်ပြိုင်ပွဲ အကောင်းဆုံး ရွှေတံဆိပ်ဆုများ ရရှိကာ ကမ္ဘာ့ထိပ်သီးနိုင်ငံများမှ ကြက်တောင် အားကစားမယ်များ အကြားတွင် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထိုပြိုင်ပွဲနှစ်ခုအား ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ကမ္ဘာ့ကြက်တောင်ရိုက် ကစားသမားများ၏ တစ်ဦးချင်း အဆင့် သတ်မှတ်ချက်တွင် အဆင့် ၁၅၀ အတွင်း ဝင်ရောက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ မသက်ထားသူဇာ အနေဖြင့် အဆင့် ၁၀ဝ အတွင်းရှိမှသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသော အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် အာရှနှင့် ဥရောပနိုင်ငံများတွင် ကျင်းပသော ပြိုင်ပွဲများသို့လည်း မြန်မာနိုင်ငံ ကြက်တောင်ရိုက် အဖွဲ့ချုပ်၏ ပြိုင်ပွဲပြက္ခဒိန် အစီအစဉ်တိုင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် မသက်ထားသူဇာအား မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသားကျောင်းသူများနှင့် ကြက်တောင် အားကစားသမားများက ကြိုဆိုခဲ့ကြသည်။
သတင်းနှင့်ဓာတ်ပုံ-ဗလစိုး