နေပြည်တော် ၆ မတ်
မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ အရှိန်အဟုန် မြှင့်တင်ပေးလျက်ရှိသည့် အခြေအနေအရပ်ရပ်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်
ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြား တိုးပွားလျက်ရှိရာ အနာဂတ်ကာလများ၌ စားနပ်ရိက္ခာ ပြဿနာများနှင့် ကြုံတွေ့လာရဖွယ်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် တိုးတက်လာမည့် လူဦးရေအတွက် လိုအပ်လာမည့် စားနပ်ရိက္ခာများ လုံလောက်ဖူလုံမှု ရှိစေရေးသာမက နိုင်ငံတကာ ဈေးကွက်သို့ တိုးတက်တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့် စိုက်ပျိုး ထုတ်လုပ်ရေးနှင့်သက်ဆိုင်သော ကဏ္ဍပေါင်းစုံ၊ လုပ်ငန်းစုံတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်
စားနပ်ရိက္ခာ ဖူလုံပြည့်လျှံရေးကို ဆောင်ရွက်ရာတွင် အဓိကကျသည်မှာ တောင်သူလယ်သမား ကဏ္ဍဖြစ်၍ နိုင်ငံတော်အစိုးရက ကာလတိုအတွင်း ဦးစားပေး အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (၁၁) ရပ်တွင် တောင်သူလယ်သမား ဦးကြီးများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် မြေပိုင်ဆိုင်ခွင့် လက်မှတ်များ တစ်နှစ်အတွင်းရရှိရေး၊ စိုက်ပျိုး စရိတ်ချေးငွေများ စိုက်ပျိုးရာသီအမီ ရရှိရေး၊ လယ်ယာမြေ သွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပေးရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကို ဦးစားပေး အကောင်အထည်ဖော် ပေးနေသည်။
ဥပဒေမဲ့သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေးနှင့် နစ်နာကြေးရရှိရေး၊ စွန့်လွှတ်မြေများ မူလပိုင်ရှင်ထံ အမြန်ဆုံးပြန်လည်အပ်နှံရေး၊ မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းခံလယ်မြေများကို အမြန်ဆုံးစိစစ်ပြီး မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရေး တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် အကုန်အထိ လယ်မြေဧကပေါင်း လေးသိန်းကျော်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်ဟု သိရှိရသည်
ဤမြေယာကိစ္စ ဆုံးရှုံးနစ်နာမှုများမှာ တောင်သူလယ်သမားတို့၏ အကျိုးစီးပွား သက်သက်သာမက လိုအပ်သော စားနပ်ရိက္ခာတို့အပြင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်နစ်နာစေသောအချက် ဖြစ်ပါသည်။ မြေယာအရေးကိစ္စမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလမှစ၍ လယ်ယာမြေများကို တရားဝင်ရော၊ တရားမဝင်ပါ သိမ်းဆည်းခြင်း ခံခဲ့ရသည့်ပြဿနာများကို ယနေ့ဖြေရှင်းဆောင်ရွက်နေရသည်။
ဆယ်စုနှစ်ကာလ တစ်ခုမကအချိန်အတွင်း ရွှေရောင်ဝင်းသည့် စပါးခင်းများ လျော့နည်း ပျောက်ဆုံးကုန်သည်မှာ အမှန်ဖြစ်ပါသည်။ ထိုအခါ စားနပ်ရိက္ခာများ လျော့နည်း ကျဆင်းစေသည်သာမက လယ်ယာ စီးပွားအလုပ်အကိုင်များ ရှားပါးလာသည်ကို မြင်တွေ့ခဲ့ကြရပြီးဖြစ်မည်။ မြေယာများ သိမ်းဆည်းခံခဲ့ရသဖြင့် လူနည်းစုတွင် အကျိုးဖြစ်ထွန်းသော်လည်း ပြည်သူလူထုအားလုံးအတွက် စားနပ်ရိက္ခာဖူလုံရေး၊ တောင်သူလယ်သမားများ၏ လူမှုဘဝမြင့်မားရေး၊ တိုင်းပြည်စီးပွား တိုးတက်ရေးအပိုင်းတွင် ထိခိုက်နစ်နာမှုများစွာ ရှိခဲ့သည်ကို ယနေ့နိုင်ငံ၏ ပကတိအခြေအနေက မီးမောင်း ထိုးပြနေပေသည်။
ထို့ကြောင့် ပြည်သူ့အစိုးရက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကာလတိုဦးစားပေး လုပ်ငန်းစဉ်များအတွင်း ထည့်သွင်းပြီး လက်တွေ့ကျကျ အကောင်အထည်ဖော် ပေးနေခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀)၏ မဏ္ဍိုင် သုံးရပ်အနက် မဏ္ဍိုင်(၂)တွင် ပန်းတိုင်(၃)အရ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အခြေခံအဖြစ် အားလုံး ပါဝင်သော ထုတ်ကုန်မျိုးစုံ ထုတ်လုပ်နိုင်စွမ်းရှိသည့် စီးပွားရေးပံ့ပိုးမည့် ဝန်းကျင်တစ်ရပ် ဖန်တီးရေးကို မဟာဗျူဟာတစ်ရပ် ချမှတ်ကာ စီမံ အကောင်အထည်ဖော်လျက်ရှိပါသည်
သို့ဖြစ်ရာ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏အမျိုးသားရေး အကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါကောင်း ဖြစ်သည်နှင့်အညီ နိုင်ငံ၏လူဦးရေ အများစုဖြစ်သော ကျေးလက်နေ ပြည်သူများ လူမှုဘဝမြင့်မား တိုးတက်ရေး၊ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။
ကြေးမုံ