နေပြည်တော် ၆ မတ်
လွတ်လပ်ရေးရပြီးသည့်နောက် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ရေးဖြင့် တာဝန်ယူခဲ့ကြသည်မှာ ဆယ်နှစ်စွန်းစွန်း။ ပြီးသည်နှင့် အုပ်ချုပ်ရေး အပြောင်းအလဲ ဖြစ်ခဲ့သည်။
ဤသို့ ၁၉၆၂ တွင် အုပ်ချုပ်ရေး အပြောင်းအလဲကြောင့် မူလ ၁၉၄၇ အခြေခံဥပဒေ အလိုအလျောက် ပျက်ပြယ်သွားခဲ့ရသည်။ ထို့နောက် အခြေခံဥပဒေမရှိဘဲ ၁၂ နှစ် ကြာသည်အထိ မြန်မာနိုင်ငံသည် တော်လှန်ရေးကောင်စီ၏ အုပ်ချုပ်ရေးအောက်တွင် နေခဲ့ရသည်။ အခြေခံဥပဒေဆိုသည် မရှိတော့ဘဲ လွှတ်တော်မရှိ၊ ပြည်သူ့ကိုယ်စားလှယ် ဟု မရှိဘဲ ဆယ့်နှစ်နှစ် တိုင်တိုင်အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့နောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဦးဆောင်ပါတီအဖြစ် အခြေပြု၍ ရေးဆွဲပြဋ္ဌာန်း အတည်ပြုခဲ့ပြီးသည့်နောက် နိုင်ငံအဝန်း ဆင်းရဲမွဲတေမှု၏ဒဏ်ကို ခံခဲ့ကြရပြီး ဖွံ့ ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ စာရင်းဝင်ခဲ့ရသည်။ စီမံခန့်ခွဲမှုအလွဲများနှင့် အထွေထွေ အကျပ်အတည်းများကို မခံမရပ် နိုင်တော့သည့်အခါ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့၏။
ထိုအရေးတော်ပုံကြီး အမြင့်မားဆုံးကာလတွင် အာဏာသိမ်းမှု ထပ်မံဖြစ်ပွားခဲ့ပြီး ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခန်းရပ်ခဲ့ရ ပြန်ပါသည်။ ထို့နောက် နှစ်ပေါင်း နှစ်ဆယ်ကြာသည်အထိ အခြေခံ ဥပဒေမရှိသည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ရပြန်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းတို့လို ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အတိုက်အခံ နိုင်ငံရေးအင်အားစုများကြားက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့သည့် ကိုယ်စားလှယ်များက ဦးဆောင်ရေးဆွဲကာ အတည်ပြုသည့် ၁၉၄၇ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ထို့နောက်ပိုင်း ရေးဆွဲခဲ့သည့် အခြေခံဥပဒေပဲဖြစ်ဖြစ် ပျက်သုဉ်းခဲ့ရသည့် နမူနာများက ရှေ့တွင် ရှိပြီးသား ဖြစ်သည်။
ဗြိတိသျှတို့၏ ကျွန်ဘဝက လွတ်မြောက်ခဲ့သည့်နောက် နှစ်ပေါင်း ခုနစ်ဆယ် စွန်းစွန်းတွင် အခြေခံဥပဒေနှင့် ရပ်တည်ခဲ့ရသည်က နှစ်လေးဆယ်နီးပါးသာ ရှိခဲ့၏။ အကြမ်းအားဖြင့် ဆိုရလျှင် နှစ်သုံးဆယ်ကျော်ကာလ အခြေခံဥပဒေမရှိခဲ့။ သည်ထဲတွင် ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များက ရေးဆွဲခဲ့သည့် အခြေခံဥပဒေဖြင့် ရပ်တည်ခဲ့ရသည့် ကာလက လွန်စွာ နည်းပါးလှသည်ကို တွေ့ မြင်နိုင်မည် ဖြစ်ပါသည်
သမိုင်းကို လည်ပြန်ကြည့်သည့်အခါ အခြေခံဥပဒေကို ပြည်သူ့ ဆန္ဒနှင့်အညီ ရေးဆွဲရခြင်း မဆိုထားလင့် အခြေခံဥပဒေဟူ၍မရှိဘဲ နေခဲ့ရသည့် ကာလကိုက မနည်းလှသည်ကို တွေ့ရပါမည်။
ဤသို့သော သမိုင်းကြောင်းတွင် ပြည်သူ့ကိုယ်စားလှယ်တို့က ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ပထမဆုံး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အုပ်ချုပ်ခဲ့သည့်ကာလက နိုင်ငံနှင့် ပြည်သူတို့အတွက် အတိုးတက်ဆုံး အချောင်အလည်ဆုံး ဖြစ်ခဲ့သည်မှာလည်း ထင်ရှားလှပါသည်။
လွတ်လပ်ရေးရပြီးစ နိုင်ငံရေး၊ အုပ်ချုပ်ရေး မတည်ငြိမ်၊ စီးပွားရေးကလည်း စစ်အပြီး ပြန်လည်ထူထောင်ရသည့်ကာလ ဖြစ်သည့်အတွက် အတော်ပင် ရုန်းကန်ခဲ့ရသည့် အခြေအနေဆိုးများ ကြားမှာပင် အောင်မြင်ခဲ့သည့်နှစ်များက ပြည်သူ့သဘောထားကို အခြေပြု ရေးဆွဲသည့် အခြေခံဥပဒေ၏ အားသာချက်ရှိနေသည်ကို တွေ့ ရပါမည်။
တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ခြင်းဆိုသည်က အခြေခံဥပဒေပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်ဟု မဆိုချင်သော်လည်း နိုင်ငံရေး အာဏာ၊ သြဇာအာဏာတို့ဖြင့် အုပ်ချုပ်သူများကို ပြည်သူတို့က မည်မျှလောက် ထိန်းသိမ်းချုပ်ကိုင်နိုင်သလဲ ဆိုသည့်အချက်ကမူ များစွာ အရေးကြီးလှသည်ဟု ယုံကြည်ပါကြောင်း။
မြန်မာ့အလင်း