မြင့်စိုး (နတလ)

နှုတ်ဆက်ခဲ့ပါသည် ဗာရာဏသီ

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကာသိတိုင်း ဗာရာဏသီမှ ကောသလတိုင်း သာဝတ္ထိမြို့ဆီသို့ ထွက်ခွာခဲ့ကြပါသည်။ သာဝတ္ထိဆိုသည်မှာ အရာရာ ပြီးပြည့်စုံသောနေရာဟု အဓိပ္ပာယ်ရကြောင်း သိရသည်။ ဘယ်လိုအရာတွေများ ပြီးပြည့်စုံနေရပါလိမ့်။ လေ့လာ ကြည့်သောအခါ မြတ်စွာဘုရားလက်ထက်၌ သာဝတ္ထိမြို့တွင် ပသေနဒီကောသလမင်းကြီးနှင့် မလ္လိကာမိဖုရားကြီးတို့ စိုးစံနေသလို အနာထပိဏ် သူဌေးကြီးနှင့် သူဌေး ကြီးကတော် ပုညလက္ခဏဒေဝီ၊ မိဂါရမာတာသူဌေးကြီး၊ ကျောင်းအမကြီး ဝိသာခါ၊ သီရိဂုတ္တ၊ ပရဟဒိန္န၊ ပဉ္စဂ္ဂစသော သူဌေးကြီးများ မှီတင်းနေထိုင်လျက်ရှိသော ကြောင့် “သဗ္ဗံ အတ္ထိ သာဝတ္ထိ” သာဝတ္ထိမြို့တွင် အလိုရှိသည့်အရာမှန်သမျှ အကုန်ရနိုင်သည်ဟု ကမ္ပည်းတင်ခဲ့ခြင်းဖြစ်သည်။ ဗာရာဏသီမှ သာဝတ္ထိသို့ ၂၁၇ မိုင်၊ ကီလိုမီတာအားဖြင့် ၃၄၇ ကီလိုမီတာခန့် ရှိပေရာ ကျွန်တော်တို့ခရီးစဉ်အတွင်း အကြာဆုံးနှင့် အဝေးဆုံး သွားရသည့်နေရာတစ်ခု ဖြစ်ခဲ့သည်။ မနက်ခင်းတုန်းက မိုးလေး ဖြောက်ဖြောက်ကျနေသေး၏။ သွားဖူးလာဖူးသူများ၏ အပြောအရတော့ သာဝတ္ထိမှာ အအေးနည်းနည်း ပိုသည်ဆို၏။

သာဝတ္ထိသို့ မထွက်ခွာမီ မိဂဒါဝုန်ကျောင်းမှ သံဃာတော်အရှင်သူမြတ်တို့အား ဘုရားဖူးအဖွဲ့ဝင် ဦးသိန်းဦးနှင့် ဇနီးဒေါ်ခင်မာဝင်းမိသားစုက အရုဏ်ဆွမ်း ကပ်လှူသဖြင့် ဝမ်းမြောက် နုမော် သာဓုခေါ်ခဲ့ကြရသည်။ ယမန်နေ့ညပိုင်းကလည်း မိဂဒါဝုန်မြန်မာကျောင်း ဆရာတော်ထံ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြပါသည်။ ခရီးသွားရက်များ၏ နံနက်ခင်းအစတိုင်းလိုလိုမှာ သာဓုခေါ်သံများနှင့် ထုံမွှမ်းနေတတ်သလို ကားစထွက်ချိန်များမှာလည်း သရဏဂုံတည်ကာ အရပ် (၁၀)မျက်နှာ ကို မေတ္တာပို့ အမျှပေးဝေခြင်းဖြင့် မင်္ဂလာရှိစေခဲ့ပါသည်။ ထိုနေ့က နံနက် ၇ နာရီအချိန် စတင်ထွက်ခွာခဲ့ကြရာ မိနစ် ၂၀ ခန့်အကြာတွင် ဗာရာဏသီလေဆိပ်ဘေးမှ ဖြတ်ခဲ့ရကြောင်း သတိပြုမိသည်။ ကားလမ်းကတော့ သိပ်မကျယ်တော့ပေ။ ရထားလမ်းတွေကလည်း ပေါများ လှပါဘိ၊ စုစုပေါင်း ငါးခု ကျော်ဖြတ်ခဲ့ရာ နံနက် ၁၁ နာရီစွန်းစွန်းတွင် ဖြတ်ကျော်ခဲ့ရသော ရထားလမ်းသည်စတုတ္ထမြောက်ဖြစ်ကြောင်း သိရသည်။

သူ့အရပ်နှင့်သူ့ဇာတ်

ကျွန်တော်တို့ဆီက ကားသမားတွေကို ဘယ်အချိန်ရောက်မှာလဲ၊ ဘယ်နှနာရီ မောင်းရမလဲဆိုသည့် မေးခွန်းမျိုးမေးလျှင် မဖြေချင်၊ မဖြေတတ်ကြသကဲ့သို့ သူတို့ဆီမှာလည်း ထိုနည်း နှင်နှင်ပင်။ မကြိုက်ကြပါ။ နောက်ထပ်ထူးခြားသော အယူတစ်ခုကတော့ မွန်းတည့် ၁၂ နာရီတိတိမှာ ကားမထွက်ပါ။ နည်းနည်းစော၍ ထွက်လျှင်ထွက်၊ သို့တည်းမဟုတ် နောက်ကျခဲ့ပြီးမှ ထွက်လေ့ရှိကြောင်း သိရသည်။ နောက်တစ်ခုက နည်းနည်း ပိုထူးသွားသလားလို့။ ကားမောင်းနေတုန်း ရှေ့ကနေ ကြောင်တစ်ကောင် ဖြတ်ပြေးသည် ဆိုကြပါစို့။ ကားကို ဆက်မမောင်းတော့ဘဲ ရပ်လိုက်သည်။ ကားမှန်ကို လက်ဖြင့်လှမ်း၍ ကြက်ခြေခတ်သည်။ နောက်ကားကို ကျော်တက်ခိုင်းသည်။ ပြီးမှ သူကဆက်မောင်းသည်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းလို့ပဲ ပြောကြပါစို့ရဲ့။

သွားရင်းလာရင်း ကျန်းမာရေးကိစ္စ ဖြေရှင်းသည့်ပုံစံကတော့ သူ့အရပ်နှင့်သူ့ဇာတ် ဟုပြော၍ မရတော့ပါ။ ပေါက်တော..ပေါက်တော ဟူ၍ ကျွန်တော်တို့ဆီက ဒရိုင်ဘာတွေ၊ စပယ်ယာတွေ အော်ပြီး ကားရပ်ပေးသလိုမျိုး သင့်တော်မည့်နေရာတွင် ရပ်ပေးပါသည်။ အမျိုးသမီးများအတွက် ပို၍ အဆင်ပြေမည့်နေရာမျိုးကို ရှာဖွေ၍ ရပ်ပေးတတ်ပါသည်။ အမျိုးသားများကတော့ ကားရှေ့တည့်တည့် ခပ်ဝေးဝေးမှာ သင့်တော်သလိုသာ ဖြေရှင်း ကြပေရော့။ ကိစ္စပြီး၍ ဆေးလိပ်သောက်၊ အညောင်း အညာပြေရန် ကိုယ်ဆန့်ခါးဆန့်လုပ်၊ ထွေရာလေးပါး ပြောကြ စသည်ဖြင့် ....။ ကားပြန်ထွက်ခါနီးပြီဆိုလျှင်ကျလို့...ကျလို့...ကျလို့ဟု အော်ပေးတတ်ကြသည်။ သည်စကား၏ အဓိပ္ပာယ်ကတော့ သွားမယ်...သွားမယ် ဆိုတာမျိုးဖြစ်ပါလိမ့်မည်။ ရက်အနည်းငယ် ကြာလာတော့သူတို့ပြောသည့် ကျလို့သည် ကျွန်တော်တို့ထံ ကူးစက်လာကာ ကြုံရာလူက အော်ပေးပါတော့သည်။ ကားပေါ် ပြန်တက်ခါနီး လက်ဆေးသန့်စင်ရန် ရေဘူးကြီးတစ်ဘူး ချပေးထားပါသည်။ ကျွန်တော်သတိထားမိတာ တစ်ခုရှိသေးသည်။ အပေါ့အပါးသွားပြီး၍ ကားပြန်ထွက်တိုင်း အဆာပြေ၊ အပျင်းပြေစားရန် မုန့်တစ်မျိုးမျိုးကိုလာ၍ ကျွေးတတ်ကြသည်။ ဒါကတော့ သူ့အရပ်နှင့် သူ့ဇာတ်မဖြစ်နိုင်ပါ။ အောင်ချမ်းသာ ဘုရားဖူးအဖွဲ့က ဒေါ်သဇင်မြင့်အောင်တို့၏ အစီအစဉ်သာဖြစ်ပါလိမ့်မည်။ ကိုင်း... ကျလို့... ကျလို့... ကျလို့..ဆက်၍ သွားကြပါစို့။

စူတန်ဘူမှာ နေ့လယ်စာ

စူတန်ဘူဆိုသည့်နေရာကို မွန်းတည့်ချိန်လောက်မှာရောက်သည်။ နေ့လယ်စာကို စူတန်ဘူမှာ စားနိုင်အောင် ခရီးသွားအဖွဲ့က ကြိုတင်စီစဉ်ပေးထားသည်။ စူတန်ဘူဆိုသည်မှာ ရွာကြီးတစ်ရွာလား၊ မြို့ငယ်လေးလား မပြောတတ်တော့ပါ။ လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်းအင်ကဏ္ဍ တိုးတက်မြင့်မားလာခြင်းက နေရာဒေသ တစ်ခုကို အနည်းနှင့်အများ အခြေအနေ တင့်စေသည်ကတော့ အမှန်ပင်ဖြစ်၏။ စူတန်ဘူမြို့နှင့် သာဝတ္ထိကြားမှာတော့ ကားလမ်းကောင်းသည်။ ကတ္တရာလမ်း။ ထိုမှပဥမမြောက်ရထားလမ်းတစ်ခုကို ညနေ ၄ နာရီ ၄၅ မိနစ်တွင် ထပ်မံဖြတ်ကျော်ရပြီးနောက် ညနေ ၆ နာရီသာသာလေးမှာ ပါလန်ဘူမြို့လေးသို့ ဝင်ရောက်လာခဲ့ကြသည်။ ကျွန်တော်တို့ တည်းခိုမည့် သာဝတ္ထိ ဘုန်းတော်ကြီးကျောင်းသည် ထိုမြို့လေးမှ ၁၅ ကီလိုမီတာ ဆက်သွားရသေးသည်။ နောက်တစ်နေ့ နံနက်ပိုင်းမှာ ဇေတဝန်ကျောင်းတော်ရာ သို့သွားမည်၊ ဘုရားတွေဖူးမည်၊ ပြီးလျှင် နေ့လယ်စာစားပြီး နီပေါနိုင်ငံလုမ္ဗိနီ သာမောအင်ကြင်းတောသို့ ထွက်ခွာကြမည်ဖြစ်ရာ သာဝတ္ထိ ကျောင်းဆရာတော်အား ရောက်သည့်ညပိုင်းမှာပဲ ဖူးမြော်ကန်တော့၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း၊ နဝကမ္မအလှူငွေများ လှူဒါန်းခဲ့ကြ၏။

 

mdn

 

ကောသလနန်းတော်ရာ နှင့် ဇေတဝန်ကျောင်း

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် အရုဏ်ဆွမ်း အလှူရှင်မှာ ဦးလွင်နိုင်ဝေနှင့် ဒေါက်တာသန်းသန်းမြင့် မိသားစုဖြစ်ပြီး နေ့ဆွမ်းအလှူရှင်ကတော့ ဦးစိန်ဝင်းနှင့်ဇနီး ဒေါ်ခင်အေးသွင် မိသားစုတို့က နှစ်ဖက်မိဘများကို အမှူးထား၍ သာဝတ္ထိကျောင်း ဆရာတော်ထံ ကပ်လှူခဲ့ကြသည်။ ထိုနေ့နံနက် ၇ နာရီမှာ ကောသလ နန်းတော်ရာ သို့ ရှေးဦးစွာရောက်ခဲ့သည်။ အနာထပိဏ်သူဌေးကြီးကို အကြောင်းပြု၍ တည်ထားသော သုဒတ္ထစေတီကို အရင်ဖူးရသည်။ သုဒတ္ထဆိုသည်မှာ အနာထပိဏ်သူဌေးကြီး၏ ငယ်နာမည်ဖြစ်ပြီး ခိုကိုးရာမဲ့နေသူများအား ပေးကမ်းလှူဒါန်းစွန့်ကြဲသူဟု အဓိပ္ပာယ်ရ၏။ ထပ်မံဖူးရသောစေတီမှာ အရှင်အင်္ဂုလိမာလ စေတီတော်ဖြစ်သည်။ လက်ညှိုးပေါင်း တစ်ထောင်ပြည့်ရန် မွေးမိခင်အား ဓားနှင့်လိုက်ခဲ့သော အင်္ဂုလိမာလ၏ သမိုင်းကရိုင်းခဲ့သလောက် မြတ်စွာဘုရားရှင်နှင့်တွေ့ပြီး ရဟ္တာပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ကောသလမင်းကြီး၏ နန်းတွင်းအကြံပေး အမတ်ကြီး အန္တက ပုဏ္ဏားနှင့် မန္တာနီ ပုဏ္ဏားမေတို့မှမီးရှူး သန့်စင်ဖွားမြင်ခဲ့သော ငယ်နာမည် မောင် အဟိံသက။ အဟိံသက၏ အဓိပ္ပာယ်မှာ သူတစ်ပါးကို မသတ်ဖြတ် မညှဉ်းဆဲသူ၊ သနားကြင်နာ သည်းခံခွင့်လွှတ်တတ်သူ၊ မေတ္တာကြီးသူ (မေတ္တာရှင်) မည်ပေ၏။ တက္ကသိုလ်ကျောင်းသားဘဝတွင် တပည့်တို့၏ ကုန်းချောစကားကိုယုံပြီး လမ်းမှားရောက်အောင် ပို့လိုက်သော ဆရာကြီးကြောင့် အင်္ဂုလိမာလဘဝသို့  ရောက်သွားရခြင်းဖြစ်ပါသည်။

နံနက်ပိုင်းမှာ ဇေတဝန်ကျောင်းတော်ရာသို့ သွား၍ ဖူးမြော်သည့်နေရာများအနက် ဂန္ဓကုဋိ ကျောင်းတော်ရာ သည် မြတ်စွာဘုရား (၁၉) ဝါတိုင်တိုင် သီတင်းသုံးရာ ဖြစ်သောကြောင့် ဘုရားရှင်တိုင်း မစွန့်ပယ်အပ်သော အဝိဇဟိတ နေရာတစ်ခုဖြစ်ပါသည်။ ဂန္ဓကုဋိကျောင်း ရှေ့မှာ မြတ်စွာဘုရား သာဝတ္ထိမြို့တွင်း ဆွမ်းခံကြွရာမှပြန်လာတိုင်း ခြေဆေးသည့် နေရာလေးကိုလည်း အမှတ်အသား ပြုလုပ်ပေးထားသည်။ အောင်မြေ (သို့မဟုတ်) အောင်ပလ္လင်တော်ဟု ခေါ်ဆိုသောနေရာ တစ်ခုလည်းရှိနေပါသည်။ စိဉ္စမာဏ မိန်းမယုတ်ကို အောင်သောနေရာ၊ လင်သေသားဆုံး၊ မိဘ မောင်ဖွားများ ဆုံးရှုံးခဲ့သည့်ပဋာစာရီ၏ အပူမီးများကို ငြိမ်းစေခဲ့သော ပလ္လင်တော်နေရာဖြစ်ပါသည်။ ဆက်လက်၍ အရှင်အာနန္ဒာ ကျောင်းတော်ရာ၊ အာနန္ဒာဗောဓိပင်၊ အရှင်သီဝလိစေတီတော်၊ အရှင်သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလာန် စေတီတော်နေရာများကိုလည်း ဖူးမြော်ခဲ့ရသည်။ ဆက်လက်ဖူးမြော်ရသည်ကတော့ တိတ္ထိဆရာကြီးများကို တန်ခိုးပြဋိဟာ ပြခဲ့သောနေရာ၊ တာဝတိံသာနတ်ပြည်က မယ်တော်မိနတ်သားထံ ကြွလှမ်းသော သရက်ဖြူကုန်းဖြစ်သည်။

စင်စစ်သော်ကား သာဝတ္ထိမြို့ဟောင်းနေရာတွင် ပသေနဒီ ကောသလမင်းကြီး၏ ဘဝနိဂုံး မကောင်းပုံမှအစ ရာဇဝင်များစွာ သမိုင်းမှတ်တမ်းများစွာ ရှိနေပါသည်။ စာတစ်စောင် ပေတစ်ဖွဲ့လောက်နှင့်တော့ ပြီးပြည့်စုံလိမ့်မည် မဟုတ်ပါ။ ဒေဝဒတ်မြေမျိုသောနေရာ၊ စိဉ္စမာဏ မြေမျိုသော နေရာများလည်း ရှိနေပါသေးသည်။ အတိတ်သမိုင်းကြောင်းများစွာ ရှိခဲ့သော သာဝတ္ထိမြို့ကို မွန်းလွဲပိုင်းတွင် နှုတ်ဆက်ခဲ့ပါသည်။

မြန်မာ့အလင်း