နေပြည်တော် ၆ မတ်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိပါသည်။ 

 

ယင်းသို့စစ်ဆေးရာတွင် သစ္စာရှင်ဆေးတိုက်၊ ရွှေပြည်သာစက်မှုဇုန်၊ ရန်ကုန်မြို့မှ ထုတ်လုပ်ဖြန့်ချိသည့် သစ္စာရှင် အဆစ်အမြစ်နာနှင့် အကိုက်အခဲပျောက်ဆေး ဆေးမှုန့် / ဆေးထုပ်သည် အနောက်တိုင်းဆေးရောနှောပြီး တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်သဖြင့်  စစ်မှန်အစွမ်းထက်မှုကိုအာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။ 

 

အများပြည်သူတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် နှိုးဆော်အပ်ပါသည်။ 


တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 

 

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန