နေပြည်တော် ဒီဇင်ဘာ ၁၂
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲအသီးသီးမှ အားကစား သမားများ၊ ကြီးကြပ်သူများ၊ နည်းပြများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်မှအချို့အား ကောက်နုတ်ဖော်ပြ လိုက်ရပါသည်။
ဒေါ်ခင်အုန်း
(တန်းမြင့်ခုန်မြန်မာ့လက်ရွေးစင်)
မြန်မာနိုင်ငံ ပြေးခုန်ပစ် တန်းမြင့်ခုန် လက်ရွေးစင်နည်းပြ
ကျွန်မက လက်ရှိ လက်ရွေးစင် အသင်းနည်းပြအနေနဲ့ တာဝန်ယူနေသူ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျွန်မတို့ တန်းမြင့်ခုန်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် စံချိန်သစ် တင်နိုင်ခဲ့တယ်။ ကရင်ပြည်နယ်က မောင်ညီညီ ထွန်းက ၁ ဒသမ ၉၆ နဲ့ စံချိန်သစ် တင်ခဲ့တာပါ။ နယ်က အားကစားသမားလေးဆိုတော့ ဖိနပ်တောင် ကောင်းကောင်းမရှိပါဘူး။ ဒါကြောင့် ကျွန်မတပည့်လေးတစ်ယောက်ရဲ့ ဖိနပ်ကိုပေးပြီး သူ့ကိုခုန်ခိုင်းတယ်။ လေ့ကျင့်ချိန်လည်းမရှိ၊ ဖိနပ်လည်းမရှိတာတောင် ဒီအတိုင်းခုန်လိုက်တာ ၆၀ ရတယ်။ တကယ့်ပြိုင်ပွဲဝင်တော့ ၇၀ နဲ့ သူရွှေရတယ်။ အဲဒီမှာ သူ့ရဲ့ talent ကို သတိပြုမိသွားတာ။ ဒီကြားထဲ တစ်နှစ်နားပြီး သူ့အသက် ၁၇ နှစ်မှာ ပြန်လာပြိုင်တယ်။ လေ့ကျင့်ချိန် သေချာမရဘူး။ သူက အခုဆောက်လုပ်ရေး ဝန်ကြီးဌာနမှာလည်း ကိုယ်စားပြုကစားသမား၊ ကရင်ပြည်နယ်ကလည်း သူ့ကိုလက်မလွှတ်ဘူး။ သူကသိပ်တော်တာကိုး။ ဒီကလေးကို ကျွန်မကိုယ်တိုင်လည်း ချီးကျူးမိတယ်။ သူက ပြောစကား နားထောင်ပြီး နာခံလွယ်တယ်။ ပြောတဲ့အတိုင်း တစ်သွေမတိမ်း လိုက်ပါနိုင်တယ်။ ဘယ်အားကစား ပဲဖြစ်ဖြစ် ကြိုးစားဖို့၊ လေ့ကျင့်ဖို့၊ ဇွဲရှိဖို့လိုအပ်သလို တစ်ဖက်မှာလည်း နာခံမှု၊ လေ့လာမှုတွေ ကလည်း အများကြီးလိုပါတယ်။ နောက်တစ်ခုက ဆရာပေါ့။ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်သင်ကြား ပေးမယ်။ ကလေးတွေနဲ့ တစ်သားတည်းကျ၊ အမြဲနီးကပ်နေပြီး သူတို့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေ၊ အားသာချက်၊ အားနည်းချက်တွေကို လေ့လာပြီး ဖြည့်ဆည်းပေးတဲ့ နည်းပြကောင်းတွေ ရှိမယ်ဆိုရင် အောင်မြင်တဲ့ ကစားသမားတွေ ပိုမိုထွက်ပေါ်လာမှာပါ။
ဦးဝင်းထွန်းဦး
မန္တလေးတိုင်းဒေသကြီး (ဘော်လီဘောနည်းပြချုပ်)
မန္တလေးတိုင်းအနေနဲ့ ရွှေတံဆိပ်ဆုနဲ့ ဝေးကွာခဲ့တာ ငါးနှစ်၊ ခြောက်နှစ်လောက်ရှိပါပြီ။ ဒီနေ့မှာ ရွှေတံဆိပ်ဆုရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်တော်က မန္တလေးတိုင်းဒေသ ကြီး U-25 အောက်မှာ ၂၀၁၉ ခုနှစ် လောက်ကတည်းက နည်းပြအနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး U-25 အောက်ပွဲတွေမှာတော့ တတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အမျိုးသားအားကစားပွဲတော်ဆိုတာက အခြားပွဲတွေနဲ့မတူတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အား/ကာသိပ္ပံကျောင်းက တာဝန် ရှိသူတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့အတူ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိအောင် တစ်လခွဲလောက် အချိန်ယူ ကြိုးစားလေ့ကျင့်ပေးခဲ့တယ်။
ယခုပြိုင်ပွဲကြီးက တကယ်ကိုကောင်းပါတယ်။ ကျွန်တော်တို့ ကစားသမားဘဝက ၁၆ နှစ်၊ ၁၈ နှစ်၊ ၂၀ နှစ်၊ ၂၅ နှစ်အောက် ကစားခဲ့ရတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးပွဲတွေ တစ်နှစ်ကို နှစ်ပွဲ၊ သုံးပွဲ ရှိခဲ့တယ်။ ဒီဘက်နှစ်တွေမှာ သက်တမ်းလိုက်ပြိုင်ပွဲတွေ မလုပ်ဖြစ်တာကြာပါပြီ။ တစ်နှစ်မှာ ၂၅ နှစ်အောက် တစ်ပွဲလောက်ပဲ လုပ်ဖြစ်နေတယ်။ အခု အသက် ၂၀ အောက် ပြိုင်ပွဲတွေမှာ တကယ့် မျိုးဆက်သစ် ကစားသမားတွေ အများကြီးပေါ်ထွက်လာတာ အားရစရာပါပဲ။ အသင်းတိုင်းမှာ ကစားကြတဲ့ထူးချွန်တဲ့ ကစားသမားတွေကို နှစ်နှစ်၊ သုံးနှစ်လောက် လေ့ကျင့်ပေးမယ်ဆို နေရာတစ်ခုအထိ ရောက်နိုင်တယ်။ မြန်မာ့လက်ရွေးစင်အသင်းကြီးအတွက်ကို လူငယ်ကန့်တွေကနေတစ်ဆင့် အထောက်အကူပြုနိုင်တဲ့ ကစားသမားကောင်းတွေအများကြီး ရရှိမှာဖြစ်တယ်။ နောက်နှစ်နောက်နှစ်တွေမှာလည်း သက်တမ်းအလိုက် အသက် ၂၀ အောက်တွေကို နှစ်စဉ်ကျင်းပစေချင်တယ်။ လက်ရှိ လူငယ်ကစားသမားတွေက ခေတ်ကွာလာတာနဲ့အမျှ ဘော်လီဘောကို လေ့လာမှုအားနည်းတယ်၊ စိတ်ပါဝင်စားမှုအားနည်းတယ်၊ လေ့ကျင့်ချင်တဲ့စိတ် သိပ်မရှိကြဘူး။ ပြိုင်ပွဲလောက်ပဲ ကစားချင်ကြတယ်။ တကယ်အောင်မြင်တဲ့ ကစားသမား တစ်ယောက် ဖြစ်ချင်တယ်ဆို လေ့လာပါ၊ လေ့ကျင့်ပါ၊ စိတ်နဲ့ကိုယ်နဲ့ ကြိုးစားအားထုတ်မယ် ဆိုရင် အောင်မြင်မှုတွေရရှိမှာ ဖြစ်တယ်။
မဘုန်းပွင့်နိုင်
(ရခိုင်ပြည်နယ်ပြိုင်ပွဲဝင်)ဗိုဗီနမ်
ကျွန်မက အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှာ ကျောင်းတက်နေသူပါ။ မနှစ်က Grade 12 ပြီးသွားပါပြီ။ ဗိုဗီနမ်က အသွက်ကစားနည်းဖြစ်လို့ ကျွန်မသဘောကျပါတယ်။ အရင်က ဝူရှူးကစားခဲ့ပြီး ဗိုဗီနမ်ကို ပြောင်းကစားတာကတော့ သိပ်မကြာသေးပါဘူး။ မြန်မာနိုင်ငံက ဗိုဗီနမ်မှာ ထူးချွန်သူတွေ အများကြီးရှိပြီး စီနီယာတွေအားလုံးကို သဘောကျတယ်။ ဥပမာအားဖြင့် မမေဟန်နီအောင်လွင်၊ ဆရာဟိန်းထက်တို့ရဲ့ ကစားကွက်တွေကို သဘောကျနှစ်သက်ပါတယ်။ မနှစ်က ဆီးဂိမ်းမှာ သမီးတို့ကန့်ဝင်ရသေးပေမယ့် ဗိုဗီနမ်အားကစားနည်းမပါလို့ ယှဉ်ပြိုင်ခွင့်မရခဲ့ဘူး။ လာမယ့်နှစ် ဆီးဂိမ်းလည်း ဗိုဗီနမ် ပါ၊ မပါ သေချာတော့ မသိသေးပါဘူး။ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းတုန်းက သမီးတို့ ဗိုဗီနမ်အားကစားက ရွှေအများ ကြီးရခဲ့ဖူးပါတယ်။ ဒီကြားထဲ ပြတ်သွားသေးတယ်။ ဓားနှစ်လက်နဲ့ပြိုင်ရတဲ့ ပြိုင်ပွဲမှာငွေရပြီး ဒီနှစ်မှာတော့ လက်သိုင်းအပြ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။ ကျွန်မတို့ ရခိုင်ပြည်နယ်က အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ငါးဦးနဲ့ လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
မောင်မျိုးသန်းကျော်
(စွမ်းအင်ဝန်ကြီးဌာန)ဘော်လီဘောအသင်း
အရင်က ဝန်ကြီးဌာနဖလား ပြိုင်ပွဲတွေ၊ မိသားစုပွဲတွေမှာ ကစားဖူးပါတယ်။ ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာန အသင်းက အရင်ကအစဉ်အလာကောင်းတွေ အများကြီးရှိတဲ့ ဝန်ကြီးဌာန အသင်းဖြစ်ပါတယ်။ အခု နောက်ပိုင်းတော့ အောင်မြင်မှုအားနည်းလာနေတယ်။ ဒါကြောင့် အခု အမျိုးသားအားကစားပွဲကြီးမှာ အကောင်းဆုံးယှဉ်ပြိုင်ဖို့ အချိန်ယူပြီးလေ့ကျင့်မှုတွေ များများလုပ်ထားပါတယ်။ ဒီနေ့မှာ စီးပွား/ ကူးသန်းနဲ့ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ အခုလို အားကစားပွဲတွေကြောင့် ကိုယ့်ဝန်ကြီးဌာန အသင်းသားတွေ အချင်းချင်းလည်း ချစ်ခင်ရင်းနှီးမှု ပိုရသလို၊ အခြားဝန်ကြီးဌာနက လူတွေနဲ့လည်း ချိတ်ဆက်မှုတွေရလာမယ်။ ဝန်ကြီးဌာန အချင်းချင်း ပိုပြီးရင်းနှီးချစ်ကြည် လာမယ်လို့ ထင်ပါတယ်။
မအိအိဖြိုး
(ဧရာဝတီတိုင်းဒေသကြီးပြိုင်ပွဲဝင်)ပြေးခုန်ပစ်သုံးဆင့်ခုန် (ရွှေတံဆိပ်ဆုရှင်)
ကျွန်မက ဒီဇင်ဘာ ၁၀ ရက် ပြိုင်ပွဲဖြစ်တဲ့ အလျားသုံးဆင့်ခုန်မှာ ရွှေဆုရရှိထားပါတယ်။ မနက်ဖြန်မှာ မီတာ ၁၀၀ ပြိုင်ဖို့ရှိတယ်။ ကျွန်မအသက် ၁၈ နှစ်ကတည်းက ပြေးခုန်ပစ်စတင်ကစားခဲ့တာပါ။ အလျားခုန်မှာ တတိယ၊ လက်ဆင့်ကမ်းမှာ ဒုတိယနဲ့ သုံးဆင့်ခုန်မှာတော့ ရွှေရထားပြီးပြီ။ ပြေးခုန်ပစ် ကစားနည်းက ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကြိုးစားမှု၊ သက်လုံကောင်းမှု၊ Speed စတာတွေအားလုံး ရှိမှာဖြစ်သလို ဆရာတွေရဲ့ စနစ်တကျလမ်းပြပေးမှုလည်း လိုအပ်ပါတယ်။ အဓိကကတော့ ခန္ဓာကိုယ်ကြံ့ခိုင်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့ အားကစားနည်းမို့ သမီးသဘောကျနှစ်သက်ပါတယ်။ အမျိုးသားအားကစား ပွဲတော်ကြီးကျင်းပပေးလို့ သမီး ကျေးဇူးအများကြီးတင်ပါတယ်။ နောက်နှစ်တွေကျင်းပရင် ဆုတံဆိပ်နဲ့ အရုပ်အပြင် ငွေသားဆုချီးမြှင့်တာမျိုးကိုလည်း ရနိုင်မယ်ဆိုရင် သမီးတို့အားကစား သမားတွေအားလုံး ပိုဝမ်းသာကြမယ်လို့ ထင်ပါတယ်။
မကေဇင်ဖြိုး
(တနင်္သာရီတိုင်းဒေသကြီး ပြိုင်ပွဲ ဝင်) ပြေးခုန်ပစ် မီတာ ၂၀၀ (ငွေတံဆိပ်ဆုရှင်)
ကျွန်မက စံချိန် ၂၇ ဒသမ ၀၅ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲမှာ ဒုတိယဆု ရပါတယ်။ ပထမဆုကိုလည်း သမီးတို့ တနင်္သာရီတိုင်းဒေသကြီးက မနွေဦးခိုင်ကရရှိလို့ ပိုပြီးဝမ်းသာပျော်ရွှင်ရပါတယ်။ သူ့ရဲ့ စံချိန်က ၂၅ ဒသမ ၉၁ ဖြစ်ပါတယ်။ ကျွန်မက အသက် ၁၃ နှစ်ကတည်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးပြိုင်ပွဲတွေမှာ နှစ်တိုင်းဝင်ပြိုင်ပြီး ရွှေ၊ ငွေ ပွဲတိုင်းရရှိထားပါတယ်။ အခု အသက်က ၂၀ ရှိပါပြီ။ ဇာတိက ထားဝယ်မြို့ကဖြစ်ပြီး ဆရာတွေရဲ့ အနီးကပ်ကြီးကြပ်ပေးမှုနဲ့ အခုလို အကောင်းဆုံး ယှဉ်ပြိုင်နိုင်တာ ဖြစ်ပါတယ်။ ပြေးခုန်ပစ်အားကစားက သက်လုံကောင်း ရမယ်၊ Speed ကောင်းရမယ်။ ကြိုတင်ပြင်ဆင်မှုကလည်း အရေးကြီးပါတယ်။ ပြိုင်ပွဲအသံကြားတာနဲ့ လနဲ့ချီပြီး ပြင်ဆင်လေ့ကျင့် ကြရတာပါ။ ဥပမာအားဖြင့် မီတာ ၁၀၀ ပြေးမယ်ဆို မီတာ ၁၅၀၊ ၁၈၀ လောက်ပြေးရသလို၊ မီတာ ၂၀၀ ဆို မီတာ ၃၀၀ လောက်အထိ လေ့ကျင့်ရတာပါ။ ကျွန်မက ငယ်ငယ်ကတည်းက ပြေးခုန်ပစ်ကို အကြိုက်ဆုံးမို့ တောက်လျှောက် လေ့ကျင့်ခဲ့တာပါ။
မောင်မြင့်အောင်
(ရခိုင်ပြည်နယ်ပြိုင်ပွဲဝင်)
မြန်မာ့သိုင်းပြိုင်ပွဲ၊ လက်ထောက်နည်းပြအဆင့်၊ တစ်ကိုယ်တော် အပြပြိုင်ပွဲ ဓားနှစ်လက်/တုတ်ရှည်
ကျွန်တော်က ရခိုင်ပြည်နယ်ကဖြစ်ပါတယ်။ ဓားနှစ်လက်၊ တုတ်ရှည်နည်းပြအဆင့် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာပါ။ ကျွန်တော်က မြန်မာ့သိုင်းကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ အသက် ၁၆ နှစ်မှာ စတင်ကစားခဲ့ပါတယ်။ မြို့နယ်အဆင့် လှံစွမ်းရည်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အခု အသက် ၂၄ နှစ်ရှိခဲ့ပါပြီ။ အခြားပြိုင်ပွဲတွေတော့ သွားရောက် မပြိုင်ခဲ့ဖူးပါဘူး။ ကျွန်တော့်သဘောက မြန်မာတိုင်း မြန်မာ့သိုင်းတတ်သင့်တယ်လို့ မြင်တယ်။ မြန်မာ့သိုင်းက ရိုးရာအမွေအနှစ်၊ သူ့မှာအားသာချက်တွေ အများကြီးပဲ တုတ်၊ ဓား၊ လှံ အားလုံး ကိုင်နိုင်သုံးနိုင်သလို ဗန်တို၊ ဗန်ရှည် လက်နက်မဲ့ စတဲ့ဘယ်လိုပဲလာလာ အသုံးပြုနိုင်တာက သူ့ရဲ့အားသာချက်ပါ။ မြန်မာ့သိုင်းမှာ ကျွန်တော်အကြိုက်ဆုံးက တုတ်သိုင်းပါ။ သူက ဓားသိုင်းထက် မာန်နဲ့ထန်နဲ့ အားထုတ်သုံးလို့ရတယ်။ တုတ်သိုင်းဆိုပြီး အထင်သေးလို့ မရဘူး။ တော်တော်လည်း ခက်ခဲ ပါတယ်။
တွေ့ဆုံမေးမြန်း
ခင်ရတနာ၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊ မျိုးထက်ဦး၊ ဓာတ်ပုံ-ဟိန်းဇင်ထက်