နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁၅)ဆုရှင် မြန်မာ့ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားမယ် ဒေါ်ဂျနီဖာတင်လေး
မေး။ ။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရတဲ့ အပေါ် ဆရာမကြီးရဲ့အမြင်ကို သိပါရစေ။
ဖြေ။ ။ လူငယ်တွေအတွက် သိပ်ကိုကောင်းမွန်ပါတယ်။ အားကစား ပြိုင်ပွဲတွေကနေ လူငယ်တွေ အားကစားကို ဝါသနာပါလာ အောင်၊ အားကစားကို လေ့လာအောင် အခုလို ပြိုင်ပွဲတွေလိုအပ်ပါတယ်။
မေး။ ။ ဆရာမကြီးရဲ့ အားကစားမှတ်တိုင်တွေကိုလည်း ပြောပေးပါဦး။
ဖြေ။ ။ ကျွန်မက သံလုံး၊ သံပြား၊ လှံတံ၊ ဘော်လီဘောတွေ ကစားခဲ့ဖူးပါတယ်။ သံလုံး၊ သံပြားပစ်မှာ ရွှေတံဆိပ်ဆု ၁၅ ခုနဲ့ ဘော်လီဘောမှာ ရွှေတံဆိပ်တစ်ခု၊ ငွေနှစ်ခု ရခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်မှာ ကျင်းပတဲ့ ကျွန်းဆွယ်ပြိုင်ပွဲမှာ ဂေါက်သီးနဲ့လိုက်ပြီး ကစားခဲ့ပါတယ်။ ကျွန်မမှာ မောင်နှမ ခြောက်ယောက်ရှိပါတယ်။ အိမ်က ကျွန်မညီမအငယ်ဆုံးက ဂျူဒို ကစားပါတယ်။ သူက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခုရထား တဲ့ ခရစ္စတင်းတင်လေးပါ။
မေး။ ။ အားကစားလောကမှာ ဆရာမကြီးတို့ခေတ်နဲ့ အခုခေတ် ကွာခြားချက်တွေကိုလည်း သိပါရစေ။
ဖြေ။ ။ ခေတ်မတူတော့တဲ့ အားကစားလောကမှာ ကွာခြားချက်ကတော့ အများကြီးရှိပါတယ်။ အခုခေတ်က တော်တော်လေး တိုးတက်လာတယ်။ ကစားသမားတွေကို အလွန်အားပေးမြှောက်စားလာတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ အားမရတာက ကစားသမားတွေကိုပါ။ ကစားသမားတွေက စိတ်ဓာတ်မရှိဘူးလို့ ပြောရင်လည်း သူတို့က စိတ်ဆိုးမယ်။ မတူဘူးပေါ့။ ကျွန်မတို့တုန်းက ဘာမှမရဘူး။ စိတ်ဓာတ်ရယ်၊ ပင်ကိုအားကစားရဲ့ အရည်အချင်းပဲရှိတယ်။ အဲဒီလိုစိတ်ဓာတ်နဲ့ အရည်အချင်းရှိသူများတယ်။ လုပ်မယ်၊ ကိုင်မယ် ဘယ်လောက် ခက်ခဲမလဲ ဖြစ်အောင်လုပ်မယ်။ အဲဒီစိတ်ဓာတ်က အပြည့်ရှိတယ်။ အခုကလေးတွေကို နိုင်ငံတော်ကရော၊ အဖွဲ့ချုပ်တွေကရော ပံ့ပိုးမှုအများကြီးပေးပါတယ်။ ကျွန်မတို့နဲ့စာရင် အများကြီးကံကောင်း ကြတယ်။ ဒါပေမယ့် ကျွန်မတို့တုန်းကလောက် စိတ်ဓာတ်မပြင်းပြကြဘူးလို့ မြင်တယ်။ အားကစားလောကမှာ လိုချင်စိတ်၊ နာခံစိတ်၊ စည်းကမ်းတို့က အရေးကြီးဆုံးပဲ။ ကိုယ်လုပ်ရင် ကိုယ်ရမယ်ဆိုတာလည်း မပြတ်နှလုံးသွင်းထားရမယ်။ နည်းပြ ဘယ်လောက်ပြောပြော ကိုယ်တိုင်ကမလိုက်ပါရင် ဘာမှရမလာနိုင်ပါဘူး။ စည်းကမ်းနဲ့နေ၊ စည်းကမ်းနဲ့စား၊ စည်းကမ်းနဲ့သွား၊ စည်းကမ်းနဲ့လေ့ကျင့်ရင် မတော်တဆမှု အတော်များများ၊ ရသင့်တဲ့အခွင့်အရေးဆုံးရှုံးတာမျိုး အတော်များများကို ကျော်လွှားနိုင်မှာပါ။ အခုနောက်ပိုင်း အချို့က လုပ်ချင်ရာလုပ်ကြတယ်၊ အွန်လိုင်းတွေ နေ့နေ့ညည ကြည့်ကြတယ်။ အိပ်ရာ ထချိန်၊ ဝင်ချိန်မမှန်ဘူး။ ဒါဆိုရင် ပျက်စီးခြင်းရဲ့အစပဲ။ ကျွန်မတို့တုန်းက အောင်ဆန်းကွင်းမှာ နေကြရတယ်။ အောင်ဆန်းကွင်းပတ်လည်က ထမင်းဆိုင်တွေမှာ ကိုယ့်စရိတ်နဲ့ကိုယ်စား၊ ည ၈ နာရီကျော်ရင် အိပ်ရာထဲရောက်နေကြပြီ။ စည်းကမ်းရှိသရွေ့ အမှားကင်းတယ်။
မေး။ ။ ဆရာမကြီးအနေနဲ့ စံချိန်သစ်တင်တဲ့အခါ၊ စံချိန်တွေ ထပ်ခါထပ်ခါ ချိုးနိုင်အောင် ကြိုးစားတဲ့အခါ ဘယ်လိုစိတ်ထားမျိုးနဲ့ ကြိုးစားခဲ့သလဲ၊ လေ့ကျင့်မှုတွေကိုရော ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။
ဖြေ။ ။ ကျွန်မကြိုးစားမှုကဘာလဲဆိုရင် ၁၉၆၅ ခုနှစ် ပထမဆုံး မလေးရှားမှာ နိုင်ငံတကာပြိုင်ပွဲသွားတယ်။ အဲဒီမှာ ကျွန်မပထမဆုံး အရှုံးကိုရင်ဆိုင်ရတယ်။ ဒီမှာတုန်းက အနိုင်ပွဲတွေချည်းပဲ၊ ဟိုရောက်မှ ရှုံးတာ။ ပြိုင်ပွဲကအပြန် နိုင်ငံကလူကြီးတွေက ဆုရတဲ့သူနဲ့ ဆုမရတဲ့သူကို ကြိုဆိုတဲ့အခါ နွေးထွေးမှုကလည်း တအားကွာတယ်လို့ ခံစားရတယ်။ ဟုတ်မဟုတ်တော့မသိဘူးပေါ့၊ ကိုယ်တိုင်က ထင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီမှာ မခံချင်စိတ်နဲ့ တောက်လျှောက်ကြိုးစားပါတယ်။ ၂၃ နှစ် တောက်လျှောက်ကြိုးစားပြီး ရွှေတံဆိပ် ၁၅ ခုရခဲ့တာပါ။ ကျွန်မတို့တုန်းက ဂျာမန်နည်းပြ သုံးယောက်က သေသေချာချာ လာသင်ပေးတယ်။ သူတို့က အင်မတန်မှ စည်းစနစ်ကျတယ်။ စည်းကမ်း အင်မတန်ရှိတဲ့ နည်းပြတွေလို့ဆိုရမယ်။
မေး။ ။ လက်ရှိလူငယ်တွေ အားကစားသမားတွေကို အကြံဉာဏ်ပေးမယ်၊ ပညာပေးရမယ်ဆိုရင် ဆုံးမ စကားလေး ပြောကြားပေးပါဦး။
ဖြေ။ ။ နာခံမှုရှိပါ၊ ကြိုးစားပါ။ တိုင်းပြည်က ကိုယ့်ကိုမွေးထားတယ်၊ ကိုယ့်အတွက် ကုန်ကျစရိတ်တွေ အများကြီးရှိတယ်။ ကိုယ်က ဘာနဲ့ပြန်ပေးဆပ်မလဲ၊ နိုင်ငံကို ဘယ်လိုကျေးဇူးဆပ်မလဲ အသိစိတ်ဓာတ်ကို အမြဲတွေးပါလို့ ပြောချင်ပါတယ်။
မေး။ ။ ဆရာမကြီးအနေနဲ့ အရင်က သံလုံးပစ်၊ သံပြားပစ်၊ အဲဒီ နောက်မှာ ဘော်လီဘောလည်း ပုတ်တယ်၊ ဂေါက်သီးလည်းရိုက်တယ်ဆိုတော့ အကြိုက်ဆုံးနဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သက်အားရမှုအရှိဆုံး အားကစားနည်းကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ဘော်လီဘောကစားနည်းက ကျွန်မရဲ့ အကြိုက်ဆုံးကစားနည်းပဲ။ ထူးခြားတာက လက်ရွေးစင်ဖြစ်တော့ တစ်နှစ်တည်းမှာ နှစ်ခုစုံဖြစ်တယ်။ ဘော်လီဘောနဲ့ သံလုံးပစ်။ အား/ကာက ဆရာ ဦးထွန်းမြတ်အောင်က “နင် သံလုံးသွားပစ်ပါ။ ဘော်လီဘောမှာက နင်သာပြန်လာရင် အချိန်မရွေး ပြန်ခေါ်ပေးမယ်” ဆိုတဲ့ ကတိပေးတာ ကြောင့် သံလုံးပစ်ဘက်ကို ရောက်သွားခဲ့ရတာ။ တစ်ခုခုကို ကိုယ့်သဘောနဲ့ကိုယ်ရွေးချယ်ဆိုရင်တော့ ကျွန်မက ဘော်လီဘောပဲရွေးမှာ။
မေး။ ။ လက်ဦးဆရာတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ဒေါ်ခင်ဌေး၊ ဒေါ်ခင်ထွေး၊ မဂရေ့စ်တို့က ကျွန်မရဲ့ လက်ဦးဆရာတွေ။ မဂရေ့စ်က အလျားခုန်၊ အန်တီဌေးက သံပြားပစ်၊ အန်တီထွေးက သံလုံးနဲ့ လှံတံပစ်ဆရာတွေ ဖြစ်ပါတယ်။ သူတို့တွေအပြင် ဒေါ်လီလီကြာညွန့်ပေါ့။ သူက ကျွန်မတို့ခေတ်ရဲ့ စီနီယာပါ။
မေး။ ။ အမျိုးသားအားကစားပွဲတော်မှာ ဘယ်လိုပါဝင်အားဖြည့် ထားပါသလဲ။
ဖြေ။ ။ ဒီပွဲတော်ကြီးမှာ ကျွန်မအနေနဲ့ ဒိုင်အဖြစ် ပြေးခုန်ပစ်ရွေးချယ်ရေးကော်မတီမှာပါသလို အကြံဉာဏ်ပေးတာတွေနဲ့ ကူညီပံ့ပိုးပါတယ်။ ကလေးတွေ ယှဉ်ပြိုင်တဲ့အခါ သံလုံး၊ သံပြားပစ်ကြရင် ဘယ်လိုပစ်၊ ဘယ်လိုဆော့ဖို့ မြင်သလောက် အကြံပေးတယ်၊ စနစ်မှန် မျှဝေပေးတယ်။
မေး။ ။ လူငယ်တွေ အားကစားလုပ်ခြင်းအားဖြင့် ဘယ်လိုအကျိုး ကျေးဇူးတွေရမလဲ၊ နိုင်ငံတော်နဲ့ ပြည်သူကရော အားကစားမှာ လူငယ်တွေ စိတ်ပါဝင်စားလာဖို့ ဘယ်လို စည်းရုံးသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ပွဲများများလုပ်စေချင်တယ်။ ရပ်ကွက်၊ မြို့နယ်အစပေါ့။ တစ်နာရီ အားကစားလုပ်ဖြစ်ရင် လူငယ်တွေ အွန်လိုင်းသုံးဖို့တစ်နာရီလျော့မယ်၊ မူးယစ်၊ အရက်စွဲဖို့ ခက်သွားမယ်၊ အားကစားလုပ်ရင် ဒါတွေရှောင်ရမှာလေ။ ကျောင်းတွေမှာလည်း အားကစားကို အားပေးဖို့လိုတယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေကို အားကစား လုပ်စေ ချင်တယ်။ တချို့မိဘတွေက စာကိုပဲဦးစားပေးတယ်၊ အားကစားလုပ်ခိုင်းဖို့ မိဘတွေကိုလည်း တိုက်တွန်းချင်ပါတယ်။
မေး။ ။ အားကစားလောကဖွံ့ဖြိုးတိုးတက်ပြီး မျိုးဆက်သစ်တွေ အောင်မြင်မှုကိုရရှိနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ဘယ်လိုဖြည့်ဆည်းပေးသင့်တယ်လို့ မြင်ပါသလဲ။ လက်ရှိဖြည့်ဆည်းပေးမှု အပေါ်ကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ မြို့နယ်၊ ခရိုင် အားကစားမှူးတွေက ပွဲလေးတွေလုပ်ပြီး စည်းရုံးဖို့လိုတယ်။ ပြည်နယ်နဲ့တိုင်း ပထမရတဲ့သူတွေကိုခေါ်ပြီး သင်ပေးဖို့လုပ်ရမယ်။ အားကစားရုံတွေ ဖွင့်ပေးဖို့လိုတယ်။ ဒီနေရာမှာ မြို့နယ်အားကစားမှူးတွေရဲ့ အခန်းကဏ္ဍကလိုအပ်တယ်။ ရုံးကိစ္စတွေနဲ့ သူတို့ရဲ့အခက်အခဲကို နားလည်ပေမယ့် အားကစားရုံတွေပိတ်ပြီး ခြတက်ခံမလား၊ ဖွင့်ပြီး မျိုးဆက်သစ်တွေကို မွေးထုတ်မလား ဒါကိုစဉ်းစားရမယ်။ ကလေးတွေ ဒီအဖွဲ့လာကစား၊ ပြီးရင် ရန်ပုံငွေအဖွဲ့လေးကို ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ဖွဲ့စည်း၊ သက်သာတဲ့နှုန်းနဲ့ ရန်ပုံငွေယူပြီး ရတဲ့ငွေလေးတွေနဲ့ သန့်ရှင်းရေးလုပ်မယ်၊ ကွင်းအတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ငွေရတယ်။ ဧရာဝတီကို ဘော်လီဘောစည်းရုံးရေးသွားတော့ ကွင်းမရှိဘူးပြောတယ်၊ ကိုးသိန်းကွင်းကြီးရှိတယ်၊ ပိတ်ထားတာ မြင်ရတယ်။ ဒါကြောင့် စည်းရုံးရေးနဲ့သွားရင် ရနိုင်မယ်ထင်ပါတယ်။ လောလောဆယ်ပြောရရင် အောင်ဆန်းကွင်း မိုးလုံလေလုံ ပိတ်ထားတာအတော်ကြာပြီ။ ကျွန်မတို့ ဘော်လီဘော ချစ်သူတွေက မီးတွေပြင် ဘာညာလုပ်ပေးပြီး ဆော့ခွင့်တောင်းရတယ်။ ကျွန်မတို့ကစားတော့ ကလေးတွေကို စည်းရုံးတယ်၊ လာကစားကြဖို့ ခေါ်ကြတော့ ကလေး ၅၀ လောက်ရောက်လာကြတယ်။ အတူဆော့ပြီး အားလုံးပျော်ကြတယ်။ အားကစားကွင်းမှမဟုတ်ပါဘူး။ အားကစားမှူးတွေက ဘယ်နေရာမှာ နေရာလွတ်မလဲ၊ ဘယ်လို နေရာရှာပေးကြမလဲ ဒါတွေကို လုပ်ပေးပါ၊ ကွင်းရှာပေးကြပါ။
ဒါက နိုင်ငံတော်ကို မလုပ်ပေးဘူးလို့ပြောတာ မဟုတ်ဘူးနော်၊ အခုနောက်ပိုင်းမှာ ထူးချွန်တဲ့အားကစားသမားကို နိုင်ငံတော်က ဘယ်လိုပံ့ပိုးနေတယ်ဆိုတာ အားလုံးသိပြီးသားပဲ။ ဘွဲ့တွေပေးတယ်၊ ဆုတွေချတယ်၊ ဘဝအာမခံချက်တွေပေးတယ်။ အဲဒီလိုတော့ ထင်ထင်ရှားရှားမြင်တွေ့ရတယ်။ ထူးချွန်သူတွေကို ချီးမြှင့် မြှောက်စားသလို နောင်မျိုးဆက်သစ်ကိုလည်း ဖော်ထုတ်ပေးဖို့လိုတာလေးတွေကို အကြံပြုတာပါ။ ကလေးတွေဘက်ကိုတော့ ကျွန်မသိပ်အားမရဘူး။ လေ့ကျင့်မှုကို အားမရတာမဟုတ်ဘူးနော်၊ စိတ်ဓာတ်နဲ့ ခံယူချက်ကို အားမရတာ။ စည်းကမ်းတကျနဲ့ စိတ်ဓာတ်ကောင်းပြီး ခံယူချက်ပြင်းထန်တဲ့အားကစားသမားတွေ ဖြစ်လာပြီဆိုရင် ကျွန်မတို့မီခဲ့ဖူးတဲ့ ရွှေခေတ်ကို တစ်ကျော့ပြန်ရဖို့ အသေအချာပါပဲ။
တွေ့ဆုံမေးမြန်း - ခင်ရတနာ
ဓာတ်ပုံ - ဟိန်းဇင်မျိုး