၂၀၂၄ ခုနှစ် ပဉ္ဓမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

 

 

ဦးထွန်းဇော်

အထွေထွေမန်နေဂျာ၊ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်

အခု ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်မှာ ပြိုင်ပွဲကျင်းပရေးကော်မတီနဲ့ နည်းစနစ် ကော်မတီမှာ တာဝန်ယူဆောင်ရွက်နေပါတယ်။ ကရာတေးအားကစား ပြိုင်ပွဲမှာဆိုရင် ကစားနည်းနှစ်နည်းနဲ့ ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ “ခတ”ဆိုတာက အပြဖြစ်ပြီး “ကုမိတဲ့”ကတော့ နှစ်ဦးရင်ဆိုင် တိုက်ခိုက်ရတဲ့ကစားနည်း ဖြစ်ပါ တယ်။ “ခတ”မှာ တစ်ဦးချင်းပြိုင်ပွဲ ရှိသလို သုံးယောက်ကစားရတဲ့ နည်းလည်းရှိပါတယ်။ အမျိုးသား အမျိုးသမီး “ကုမိတဲ့”မှာဆိုရင် ဝိတ်တန်း ကိုးတန်းရှိပြီး အမျိုးသမီး လေးတန်းနဲ့ အမျိုးသား ငါးတန်း ဖြစ်ပါတယ်။ ပြိင်ပွဲဝင်က‌တော့ အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၇၆ ဦး စုစုပေါင်း ၁၇၁ ဦး ဖြစ်ပါတယ်။ အားကစားပြိုင်ပွဲတွေ ကျင်းပပေး တာကတော့ ဒေသတွင်းပြိုင်ဘက် တွေဖြစ်တဲ့ အရှေ့တောင်အာရှ ပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားပြုအားကစားသမားတွေ ပေါ်ထွက်လာရေး၊ နိုင်ငံကိုယ်စားပြု ရွှေတံဆိပ်တွေရရှိရေး ဦးတည်ပြီး ကျင်းပတာဖြစ်ပါတယ်။ “ခတ” မှာဆိုရင် ပြိုင်ပွဲစတင် ကျင်းပတဲ့နေ့မှာ အသက် ၁၆ နှစ်ပြည့်ရမှာ ဖြစ်ပါတယ်။ “ကုမိတဲ့”ပြိုင်ပွဲမှာ ပြိုင်ပွဲစတင်တဲ့နေ့မှာ အသက် ၁၈ နှစ်ပြည့်ရပါမယ်။ အသက်ကို ၂၅ နှစ်ထက်မကြီးရဆိုပြီးတော့ ကန့်သတ်ထားတာရှိပါတယ်။ ကရာတေးပြိုင်ပွဲမှာဆိုရင် ဝန်ကြီး ဌာနအသင်းတွေ မပါဘူး။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်ပဲ ပါပါတယ်။ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲ တွေသွားရောက်ယှဉ်ပြိုင်ဖို့ ဒီနေရာကနေ ကစားသမားတွေရွေးချယ်တာလည်း ဖြစ်ပါတယ်။ ဒီလိုကျင်းပခြင်းအားဖြင့် လူငယ်တွေရဲ့ ကာယပိုင်းဆိုင်ရာ၊ ဉာဏပိုင်းဆိုင်ရာ တိုးတက်မှုရရှိစေမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကလေးတွေရဲ့ လက်ရည်တော်တော်တက်တယ်။ တချို့ပြည်နယ်တွေက ကစားသမားတွေ တော်တော်ကောင်းတာ တွေ့ရတယ်။ (၃၃)ကြိမ်မြောက် ဆီးဂိမ်းအတွက် ကျွန်တော်တို့ အဖွဲ့ချုပ်တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက တိုးတက်တဲ့ ကလေးတွေကို စခန်းသွင်းလေ့ကျင့် ထားတာရှိတယ်။ အချို့ပြည်နယ်တွေက ကလေးတွေဆို သူတို့ပြည်နယ်အတွက် ပြန်ကစားခိုင်းတာရှိတယ်။ အဲဒီကစားသမားတွေကတော့ ပိုပြီးတိုးတက်ပါတယ်။ ဒါကြောင့်ပြိုင်ပွဲတွေမကြာမကြာကျင်းပပေးနိုင်ရင် ပိုကောင်းတယ် လို့ ပြောချင်ပါတယ်။

 

ဦးဆောင်ဆောင်စိန်

ဘိလိယက်/စနူကာဒိုင်ချုပ်

အခုလို အားကစားပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ရွက်ပုန်းသီး ကစားသမားတွေလည်း ထွက်‌ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံတကာ ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ကစားသမားတွေ ကို ရွေးချယ်လို့ရမှာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ကိုယ်စားပြုကစား သမားတွေကို လာမယ့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်မယ့် အရည်အချင်းရှိတဲ့ကစားသမားတွေကို ရွေးချယ်နိုင်မှာဖြစ် ပါတယ်။ အခုလို ပြိုင်ပွဲတွေကျင်းပ ပေးတဲ့အတွက် လူငယ်မျိုးဆက်သစ်ကစားသမားတွေလည်း အများကြီးပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ကျင်းပတယ်‌ဆိုပေမယ့် လျှော့ပေါ့ပေးထားတာတွေတော့ရှိပါတယ်။ အခုပြိုင်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြုအသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်ကစားသမား စုစုပေါင်း ကတော့ ၃၀၀ ကျော်ရှိပါတယ်။

 

 

မောင်ကျော်ကျော်ထွန်း

ဖူဆယ်အားကစားပြိုင်ပွဲဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု

အခုကျွန်တော်တို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအသင်းက အမျိုးသား ဖူဆယ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့် တက်သွားပါပြီ။ အခုလို အဆင့်ရောက်အောင်လည်း ရန်ကုန်မှာသုံးလလောက်စခန်းသွင်း လေ့ကျင့်ခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံခြားနည်းပြရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာသင်ပြမှုတွေနဲ့ လမ်းညွှန်မှုတွေကိုလည်း သေချာလိုက်နာပြီး လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ အခုဝန်ကြီးဌာနပွဲက ပထမဆုံးပွဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ တစ်ဖက်အသင်းတွေကလည်း ပြင်ဆင်ပြီးမှလာတာဆိုတော့ အရင်နဲ့စာရင် ပိုကောင်းတယ်လို့ မြင်ပါတယ်။ ကစားသမားတွေကလည်း ဒီလိုပွဲတွေရှိတော့ ကစားရပါလားဆိုပြီး စိတ်ဝင်စား လာရင် မကောင်းတဲ့ဘက်ကို သိပ်မရောက်တော့ဘူး။ နိုင်ငံအတွက်လည်း မျိုးဆက်သစ်တွေ ရွေးချယ်လို့ရမယ်။ နောင်မျိုးဆက် သစ်တွေကိုလည်း ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ကို ဖလှယ်သွားမှာ ဖြစ်ပါတယ်။

 

ဦးကျော်ကျော်ထွေး

အမျိုးသားဘော်လီဘောနည်းပြ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနကိုယ်စားပြု

ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဇွန်လကတည်းက စခန်းသွင်း လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ အခု ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား အလွတ်တန်း ဘော်လီဘောပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းအနေနဲ့ ပထမဆုရယူဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြိုင်ပွဲဝင်မယ့် ဘော်လီဘောကစားသမားတွေကို စခန်းသွင်း လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပြည်ထဲရေး ကို အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လည်း အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီ‌ဘောပြိုင်ပွဲမှာ ပြည်ထဲရေးအသင်းနဲ့ပဲ ဗိုလ်လုပွဲ ကစားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ကျွန်တော်တို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနကိုယ်စားပြု ဘော်လီဘောအသင်းက ပထမရခဲ့တာပါ။ အခုကျင်းပနေတဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ လည်းပထမရလို့ ဝမ်းသာရပါတယ်။ အခုအမျိုးသား ဘော်လီဘော ပြိုင်ပွဲက အလွတ်တန်းပြိုင်ပွဲ ဖြစ်တာကြောင့် အသင်းတိုင်းမှာ ရှိတဲ့ ကစားသမားတွေကလည်း တော်တော်များများ ကောင်းကြပါတယ်။ ပြိုင်ဆိုင်မှုတွေလည်း ပြင်းထန်တယ်။ ပြိုင်ပွဲတွေက အရင်နှစ်နဲ့မတူဘဲ အဆင့်တစ်ဆင့်မြင့်လာတယ်လို့ ခံစားရတယ်။ ပြိုင်ဘက်ကောင်းတွေ အများကြီး ထွက်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အခုလို အားကစားပွဲတွေ များများ ကျင်းပပေးနိုင်ရင်တော့ နိုင်ငံအတွက် အကျိုးပြုမယ့် ကစားသမားတွေ အများကြီးထွက်ပေါ် လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

မောင်အောင်ဇာနည်မင်း

ကရာတေးအားကစားပြိုင်ပွဲဝင်၊ ရခိုင်ပြည်နယ်ကိုယ်စားပြု

အခုလို ရခိုင်ပြည်နယ် ကိုယ်စားပြု ကရာတေးအားကစား သမားတစ်ဦးအနေနဲ့ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာ အလွန်ပဲဝမ်းသာပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက် ပြိုင်ပွဲမစမီ ရန်ကုန်မှာ ခြောက်လလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကရာတေးအားကစားကို လေ့ကျင့် ကစားခဲ့တာကတော့ ရှစ်နှစ်လောက်ရှိပါပြီ။ ရန်ကုန်မှာ စခန်းသွင်းလေ့ကျင့်မှု မလုပ်ခင် မန္တလေးမှာ သွားရောက်ယှဉ်ပြိုင် ခဲ့ရာမှာတော့ ဒုတိယပဲရခဲ့တာပါ။ အဲဒါကြောင့် ကိုယ့်အနေနဲ့ ဘာတွေလိုအပ်ချက်ရှိလဲ သုံးသပ်ပြီး နောက်တစ်ခါ ဒီလိုမဖြစ်စေရ ဘူးဆိုပြီး ကြိုးစားခဲ့လို့ အမျိုးသားတစ်‌ဦးချင်း “ကုမိတဲ့” (-၆၀)အောက် ပြိုင်ပွဲမှာ အခုလို ရွှေတံဆိပ်ဆုရခဲ့တာ ဖြစ်ပါတယ်။ အနိုင်ရရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားခဲ့တာပါ။ ဒီပြိုင်ပွဲ မလာခင်တုန်းက တော်တော်စိတ်လှုပ်ရှားခဲ့ပါတယ်။ ရှစ်နှစ်တာကြိုးစားခဲ့တဲ့အပေါ်မှာ အကောင်း ဆုံးရလဒ်တစ်ခုလည်း ရရှိခဲ့ပါပြီ။