၈ မတ်
ပြည်ထောင်စုကြီးအတွင်းရှိ နေရာဒေသများတွင် အခြေချနေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိတို့နေရင်းဒေသနှင့် မိမိတို့လူမျိုးကို သတ်မှတ်ထားကြသော်လည်း မိမိတို့ဒေသတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအေးချမ်းချမ်း စုပေါင်းနေထိုင်လျက်ရှိသည်ကိုလည်း အသိအမှတ်ပြုထားကြသည်။ ဤကဲ့သို့ အေးချမ်းစွာ စုပေါင်းနေထိုင်ကြခြင်းသည် မိမိတို့ဒေသ၏ ဂုဏ်ကျက်သရေဖြစ်သကဲ့သို့ ပြည်ထောင်စုကြီးတစ်ခုလုံး၏ ဂုဏ်ဒြပ်လည်း ဖြစ်ပေသည်။
တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စု စိတ်ဓာတ်အရင်းခံဖြင့် ချစ်ခင်ရင်းနှီးစွာ နေထိုင်ခြင်းသည် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပေသည်။ မင်္ဂလာအပေါင်းတို့ ပြည့်စုံရန်အတွက် ပြည်ထောင်စုကြီး ခိုင်မာရေး၊ သာယာဝပြောရေး၊ အေးချမ်းသာယာရေးစသည့် ရည်ရွယ်ချက်များ အောင်မြင်အောင်၊ ပြည့်စုံအောင် လုပ်ဆောင်နိုင်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံမဟုတ်သေးသောကြောင့် ဆင်းရဲ၊ ချမ်းသာကွာဟချက် လျော့နည်းစေမည့် တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
တိုးတက်ဖွံ့ဖြိုးမှုဆိုသည်မှာ တန်းတူညီမျှ အားလုံးတိုးတက်ဖွံ့ဖြိုး ချမ်းသာရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ချမ်းသာကြွယ်ဝမှုသည် အဓိကပြည်သူပြည်သားများ၏ အရည်အချင်းဖြစ်ပါကြောင်း၊ ပြည်သူပြည်သားများ အရည်အချင်းမြင့်မှ နိုင်ငံချမ်းသာပြီး လမ်းမှန်ပေါ်ရောက်ကာ လိုချင်သည့် ပန်းတိုင်ကို ဖြောင့်ဖြောင့်ဖြူးဖြူး ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မတ်လ ၆ ရက်နေ့ က ခန္တီးမြို့ မြို့နယ်အားကစား ခန်းမ၌ ဒေသခံပြည်သူများအား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားပြည်သူများအတူတကွ အေးချမ်းဖွံ့ဖြိုးတိုးတက်စွာ နေထိုင်နိုင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန် မျှော်မှန်းဆောင်ရွက်နေသဖြင့် တန်းတူညီမျှဖွံ့ဖြိုး တိုးတက်ရေးတာဝန်များရှိလာသည်။ ထိုသို့ နိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍမှာ အရေးကြီးသကဲ့သို့ ပြည်သူပြည်သားများအနေဖြင့်လည်း ကိုယ်စီတာဝန်ရှိကြပါသည်။
နိုင်ငံသူ နိုင်ငံသားများ၏ အရေးအကြီးဆုံးတာဝန်နှင့် ပတ်သက်၍ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုအပေါ်တာဝန်ကျေပြီးမှ မိမိတို့၏ပြည်နယ်၊ တိုင်းဒေသကြီးအပေါ် တာဝန်ကျေရန် ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်၊ တိုင်းဒေသကြီးအပေါ် တာဝန်ကျေမှ မိမိတို့မြို့နယ်၊ ရပ်/ကျေး အပေါ် တာဝန်ကျေနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ မြို့နယ်၊ ရပ်/ကျေးအပေါ် တာဝန်ကျေမှ မိမိတို့မိသားစုနှင့် မိမိတို့ မိတ်ဆွေ အသိုင်းအဝိုင်းအပေါ် တာဝန်ကျေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံး တာဝန်ကိုရှေ့ထားပြီး လုပ်ဆောင် စေလိုကြောင်း ပြောကြားခဲ့သည်။
နိုင်ငံသူ နိုင်ငံသားများ၏ စုစည်းခြင်း၊ ညီညွတ်ခြင်း၊ တာဝန်သိခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်စေမည့် တွန်းအားများ၊ အင်အားများဖြစ်သည်။ မတူကွဲပြားမှုများ စုစည်းညီညွတ်ခြင်းသည် အောင်မြင်မည့်အင်အားများ၏ အရင်းအမြစ်ဖြစ်ပေသည်။ မတူကွဲပြားမှုများကြောင့် အင်အားနည်းသွားခြင်းမဖြစ်အောင် ပြည်ထောင်စုတာဝန်ဟူသည်ကို သိရှိနားလည်ထားကြရန် လိုအပ်သည်။ နိုင်ငံသူ နိုင်ငံသားများက ပြည်ထောင်စုတာဝန်ကျေပွန်ပြီး နိုင်ငံတော် တာဝန်ထမ်းဆောင်ကြသူများနှင့် အမြင်ချင်းဖလှယ် ထိတွေ့ဆက်ဆံဆောင်ရွက်နိုင်ကြပါက အားလုံးမျှော်လင့်သည့် တန်းတူညီမျှဖွံ့ဖြိုးမှုမှာ အလှမ်းမဝေးဟုဆိုနိုင်ပါသည်။
သို့ဖြစ်ရာ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ပြည်ထောင်စုအပေါ် တာဝန်ကျေရေး၊ တာဝန်သိရေးဟူသည်မှာ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုသားအားလုံး ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးဖြင့် ပြည်ထောင်စုကြီးအကျိုးကို တတ်နိုင်သည့်ဘက်မှ၊ ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဟူသော စိတ်ဓာတ်များထားရှိရေးပင် ဖြစ်ပါကြောင်း။ ။
ကြေးမုံ