၈ မတ်
သမိုင်းစဉ်တစ်လျှောက်ရှိ မိမိတို့နိုင်ငံ မိမိတို့လူမျိုးအတွက် ဂုဏ်ယူစရာ ဂုဏ်တက်စရာများကို အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြရ၏။ ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းရေးအမွေအနှစ်၊ သာသနာ့အမွေအနှစ်၊ မြို့ပြအမွေအနှစ်၊ ကျေးလက်အမွေအနှစ်၊ မိရိုးဖလာ ထုံးတမ်းစဉ်လာ အမွေအနှစ် စသည် စသည်...။
သည်လို တန်ဖိုးကြီးအမွေအနှစ်များကို မပျက်စီးရအောင်ထိန်းသိမ်းကြ၊ မူလတန်ဖိုးအတိုင်း အတတ်နိုင်ဆုံး စောင့်ရှောက်ကြ၊ ပြတိုက်များသဖွယ် ဂုဏ်ယူထားကြရရင်း နိုင်ငံကြီးသားများအဖြစ်ကမ္ဘာ့အလယ်တွင် အပြိုင်အဆိုင် တင့်တယ်ကြပါသည်။
ထို့အတူပင် အပြီးအပိုင် စွန့်ပစ်ထားခဲ့ရသည်တို့လည်းရှိ၏။ လူတို့အတွက် သမိုင်းမှတ်တမ်းတင် ဂုဏ်ယူဖွယ်လည်းမရှိ ဆက်လက် အသုံးပြုရန်လည်း မသင့်တော်သည့် ကျွန်ပိုင်ရှင်စနစ်၊ အာဏာရှင်စနစ်တို့ကဲ့သို့သော စနစ်များ၊ အများပြည်သူအတွက် အသုံးမဝင်သော၊ အများပြည်သူကို အကာအကွယ်မပေးနိုင်သော၊ ခေတ်နှင့်မလျော်ညီသော ဥပဒေများကအစ ဘာလင်တံတိုင်းကြီးကဲ့သို့သော အကျည်းတန်သမိုင်း အကြွင်းအကျန်တို့ကိုမူ ဖြိုဖျက်ပစ်ကြရသည်။ အမြစ်ဖြတ်ကြရသည်မဟုတ်ပါလော။
တစ်ဖန် တော်ရုံမသင့်လျော်တော့သည်နှင့် မလိုအပ်ဘဲ အလွယ်တကူစွန့်ပစ်တတ်သည့် ဝသီကို ပြုပြင်ကြပြီး ပြန်လည်အသုံးပြုကြရ၊ ပြုပြင်အသုံးပြုကြရ၊ ပိုမိုကောင်းမွန်အောင် ချဲ့ထွင်အသုံးပြုကြရသည်လည်း ရှိသည်။
ယနေ့ဆိုလျှင် “ပြန်သုံးကြ၊ ပြုပြင်သုံးကြ၊ ပြင်ဆင်သုံးကြ” ဟူသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကြွေးကြော်သံအဖြစ် ကျယ်လောင်နေခဲ့ပြီ။
အထူးသဖြင့်မူ မြို့ပြနှင့် မြို့ပြ အခြေခံအဆောက်အအုံများ။
သက်ဝင်ရှင်သန်နေသော မြို့ပြများသည် မြို့သူမြို့သားတို့အတွက် လူမှုဘဝ၏ အရေးပါသော အစိတ်အပိုင်းကြီးတစ်ခု ဖြစ်ပါသည်။ မြို့သစ်စီမံကိန်းများ မည်သို့ပင် အကောင်အထည်ဖော်ကြသည်ဖြစ်စေ လက်ရှိမြို့ကြီးများကို စွန့်ပစ်ထားခဲ့လို့ရသည် မဟုတ်။
လက်ရှိမြို့ကြီးများကို ပိုမိုသန့်ရှင်းလာအောင်၊ ပိုမိုနေချင့် စဖွယ်ဖြစ်လာအောင်၊ မြို့ပြလူထုအတွက် ပိုမိုတန်ဖိုးထားရသည့် မြို့ကြီးများ ဖြစ်လာအောင် စသည့်အရေးတို့က အထူးဂရုပြုရမည့် မြို့ပြထူထောင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများ ဖြစ်ပါသည်။
မြို့ပြလူမှုအဖွဲ့အစည်း၏ စီးပွားရေးရာလုပ်ငန်းများ ပြေလည်ချောမွေ့စွာ လုပ်ကိုင်နိုင်အောင်၊ ပညာရေး ကျန်းမာရေး ကိစ္စရပ်များကို လွယ်ကူစွာ ကူညီထောက်ပံ့ပေးနိုင်အောင်၊ အဘက်ဘက်က ပြင်ဆင်မွမ်းမံပေးရန် လိုအပ်ပါသည်။ လက်ရှိမြို့ပြလူထု နေထိုင်သွားလာ လှုပ်ရှားရှင်သန်လျက်ရှိနေသည့် မြို့ပြဝန်းကျင်တွင် လုံခြုံရေး သွားလာရေးကအစ၊ လျှပ်စစ်စွမ်းအင်နှင့် သောက်သုံးရေ အလွယ်တကူ ရရှိနိုင်ရေးအလယ်၊ ရေနုတ်မြောင်းများ အလုပ်လုပ်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ အမှိုက်သိမ်းစနစ်မှန်ကန်၊ သန့်ရှင်းရေးအဆုံး အထွေထွေပြုပြင်မွမ်းမံရမည်များ၊ ပိုမိုကောင်းမွန်အောင် တိုးချဲ့ရမည်များ ရှိပါမည်။
မြို့ပြစည်ပင်သာယာရေးဆိုသည်မှာ လူတစ်ယောက် မွေးဖွားချိန်မှစ၍ ကွယ်လွန်ပြီးချိန်အထိ နေရေး၊ စီးပွားရေး၊ အပန်းဖြေရေး၊ မိသားစု၏ အနာဂတ်ရေး အားလုံးကို တာဝန်ယူထားရသည့် လုပ်ငန်းဆောင်တာများနှင့် ပြည့်နှက်နေပါသည်။ လုပ်မည်ဆိုလျှင် လုပ်သလောက် မြို့ပြ ပြည်သူများအတွက် အလွန်အကျိုးရှိ ထိရောက်သည့် အရေးအရာများ ဖြစ်ပါသည်။
လမ်းသစ် တံတားသစ် မြို့သစ်များ ချဲ့ထွင်ရန်လိုအပ်သည်များ ရှိပါ မည်။ သို့သော်လည်းရှိဆဲ အသုံးဝင်ဆဲ မြို့ပြများကို ပိုမိုကောင်းမွန်သာယာအောင် လုပ်ဆောင်ကြရန် စီမံပြင်ဆင်ကြရန် လိုအပ်ပါမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
မြန်မာ့အလင်း