နေပြည်တော် ဖေဖော်ဝါရီ ၁၄

 

မိုးညှင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက်  နံနက် ၉ တွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင် ကျေးရွာအနီးတွင် TOYOTA NOAH အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မသူဇာဝင်း ထံမှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို ကို လည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင်  ပူးပေါင်း အဖွဲ့သည် မိုင်းဆတ်မြို့နယ် မဟုန်လွယ်ကျေးရွာအုပ်စု မဟုန်လွယ်ကျေးရွာအနီးတွင် အောင်ကျော်စိုး (ခ) အားကျိန်န မောင်းနှင်လာသည့် HONDA CRV အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးမှုန့် ၉၃ ကီလိုကို လည်းကောင်း၊ ထို့အတူ ဖေဖော်ဝါရီ ၁၃ ရက်  နံနက် ၉ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်တွင် လီထေ့(ခ) လီထောင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)