မြိတ် ၉ မတ်
ကျေးလက်နေပြည်သူများ တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာရရှိစေရေးအတွက် မတ်လ(၈)ရက်၊ နံနက်(၉)နာရီက မြိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကဘင်းကျေးရွာတွင် တိုင်းရင်းဆေးအသိပညာပေးဟောပြော၍ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသတွင် ပေါများသည့် ဆေးဖက်ဝင်အပင်များဖြစ်သော ကွမ်းရွက်၊ ရှားစောင်းလက်ပတ်၊ တခြားဆေးဖက်ဝင်အပင်များ၏ အကျိုးအာနိသင်နှင့် ပျောက်ကင်းစေသည့် ရောဂါများအကြောင်း၊ လေဖြန်းရောဂါ၊ အတက်ရောဂါ၊ နာတာရှည်အဖျားရောဂါ စသည့်အပြင် ကလေးငယ်များတွင် ဖြစ်တတ်သည့် ထိပ်ကပ်နာရောဂါများကို ပျောက်ကင်းစေသည့် ဆေးဖက်ဝင်အပင်များနှင့် စနစ်တကျအသုံးပြုပုံများကို မြိတ်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါနှင့် ခရိုင်/ မြိုနယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆရာ/ ဆရာမများမှ အသိပညာပေး ဟောပြောသည်။
ထိုနောက် မြိတ်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးနှင့် တိုင်းရင်းဆေးဆရာဆရာမများမှ ကျေးရွာနေ အကြောတက်၊ အကြောထိုင်း၊ ထုံနာကျင်နာများခံစားနေရသည့် ဝေဒနာရှင်(၃၄)ဦးကို ကြပ်ထုပ်ထိုးပေးခြင်းနှင့် တခြားလိုအပ်သော ကုသမှုများဆောင်ရွက်ပေးပြီး ဆင်ခြင်နေထိုင်ရန်အသိပညာပေး၍ ဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)
