နေပြည်တော် ဖေဖော်ဝါရီ ၁၈

ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့၏ (၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရှိ  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့  ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးချစ်ဆွေ၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊  ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသယ်ယူပို့ဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ ကြီးကြပ်နိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး တို့အတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရန် လိုအပ်လျက်ရှိကြောင်း။

ထို့ပြင် ခဲအရည်ကျိုလုပ်ငန်းနှင့်ပတ်သက်ပြီး ခဲဆိပ်သင့်မှုကို အထိရောက်ဆုံး ကာကွယ်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ကြီးကြပ်နိုင်ရန်အတွက် “ခဲအရည်ကျို လုပ်ငန်းနှင့် စပ်လျဉ်း၍ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း ” ညွှန်ကြားချက် ထုတ်ပြန်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ပြုစုထားရှိပြီးဖြစ်ကြောင်း။

ယခုအစည်းအဝေးတွင် “နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးကြီးကြပ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များ ပြင်ဆင်ဖြည့်စွက်ခြင်း အမိန့်ကြော်ငြာစာ”၊ “ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ ညွှန်ကြားချက်”နှင့်  “ခဲအရည်ကျိုလုပ်ငန်းနှင့် စပ်လျဉ်း၍ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်းညွှန်ကြားချက်” များကို ထုတ်ပြန်ရန်အတွက် ဗဟိုဦးစီးအဖွဲ့၏ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ အတွင်းရေးမှူးက ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်မှု၊ ဗဟိုဦးစီးအဖွဲ့မှ ဆုံးဖြတ်ရမည့် အမှာစာများ၊ ဥပဒေနှင့် နည်းဥပဒေများအား အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က လုပ်သားများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်မှု မရှိစေရေး ကြိုတင်ဆန်းစစ်ရန်၊ ထိရောက်သည့် စီမံခန့်ခွဲမှုစနစ်များ ဆောင်ရွက်ရန်၊ ဆိုးကျိုး သက်ရောက်မှုမရှိစေရေး၊ ခဲအရည်ကျိုစက်ရုံများအနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် အစီရင်ခံစာ (EIA) ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်းများဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်ဝန်ကြီး ဦးဉာဏ်ထွန်းက  လျှပ်စစ်ဓာတ်အားပေး စက်ရုံများတွင် အသုံးပြုလျက်ရှိသည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အသုံးပြုရသဖြင့် စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ က အလုပ်ရုံများအက်ဥပဒေတွင် ဘေးအန္တရာယ်ဖြစ်စေသည့် အခိုးအငွေ့များ၊ စွန့်ပစ်ပစ္စည်းများ၊ ပေါက်ကွဲစေတတ်သည့် (သို့မဟုတ်) မီးတောက်လောင်စေတတ်သည့် အမှုန်အမွှားအခိုးအငွေ့များနှင့် စပ်လျဉ်း၍ စက်ရုံ/အလုပ်ရုံများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဓာတုပစ္စည်း နှင့်ဆက်စပ် ပစ္စည်းများသည် စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုမှု၊ ဓာတုဗေဒပစ္စည်းများကို သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာချက်များနှင့်အညီ တင်သွင်းရန် ခွင့်ပြုပေးမှုနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ အလိုက် ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာနမှ Win & Win Co., Ltd. မှ ငှားရမ်းထားသည့် စက်ဘီးစက်ရုံ (ကျောက်ဆည်) ၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ထားသည့် အထူးကြပ်မတ်ကုသဆောင်များတွင် အသုံးပြုမည့် ဆေးရုံသုံး ခုတင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

သတင်းစဉ်