ကိုရင်သြ - ရေးသားသည်

 

ပါးစပ်ဟ “အူမ”မြင်ဟူဘိသို့ ကမ္ဘာ့သတင်းများက ထုတ်ဆောင်ပြသော သံဝေဂတရားကို ရင်ဝယ်ပိုက်ကာ စာတိုပေစရေးသားပြုစုနေသူ ကျွန်ုပ်သည် သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်၊ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်တတ်သည့် လောကဓမ္မကိုဆင်ခြင်မိရင်း ကျွန်ုပ်တို့၏ အိမ်နီးချင်း “တောင်အာရှ” ဒေသ ဘက်ဆီမှ လွင့်ပျံပေါ်ထွက်လာသော အသံဗလံများကို နားစွင့်မိသည့်အခိုက် “ကက်ရှ်မီးယား” (ဝါ) (ရှေးခေတ်ရေးထုံးအရ သုံးနှုန်းသော်) “ကသ္မီရ”ဒေသ၏ လှုပ်လှုပ်ရွရွ သတင်း အစဉ်ကို မြင်းတစ်ပြေးတည်းလှမ်းမျှော်ကာ ရှုမြင်မိလေ၏။ 

 

ကက်ရှ်မီးယားဒေသသည်ကား ပိုင်နက်အငြင်းပွား မှုကိုအကြောင်းပြု၍ တောင်အာရှဒေသရှိ အိန္ဒယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား တစ်နိုင်ငံနှင့်တစ်နိုင်ငံအမုန်းပွား၊ မျက်မပြေမှုကို ဖြစ်ပေါ်စေသောရန် သတ္တရုပြုမှုကို ကာလကြာရှည် ရင်ဆိုင်ကြုံတွေ့နေရပြီးလျှင်လောလောလတ်လတ် ကာလတွင်လည်း “ဆီပူအိုး” မီးပြင်းထိုးဘိအလား လှုပ်လှုပ်ရွရွ စူးစူးရှရှ အသံဗလံများ ပေါ်ထွက်လာရာ ဒေသပါပေတည်း။

 

အိမ်နီးချင်းကောင်းဆက်ဆံရေးတည်ဆောက်မှုတွင် ခလုတ်တံသင်းဖြစ်နေရဆဲဖြစ်သော ကက်ရှ်မီးယား အရေးနှင့်စပ်လျဉ်းသည့် ညိုးညိုးညံညံသတင်းများကိုကျွန်ုပ် စေ့စေ့ကြည့်မိရင်း ကန်တော်မင်းကျောင်းဆရာ တော်၏ လက်ရာ “ဆူးဆူးရားရား၊ အမျက်အားကို၊ တရားစွဲကိုင်၊ မချုပ်နိုင်သည်း၊ စိတ်ခိုင်တည်တံ့၊ ဆင်ခြင်ဝံ့၍ ...” အစရှိသောအဖွဲ့အနွဲ့ တစ်ပိုင်းတစ်စကို ပြန်လည်ခံစားမိရင်း “အိန္ဒယတိုက်ငယ်”၏ လတ်တလောချင်း မည်ဟည်းလာသော အန်တုဗလပြု ပွတ်တိုက်မှုအသံများကို ပိုင်းခြားစိတ်ဖြာ သုံးသပ်ကြည့်မိလေ၏။ ကက်ရှ်မီးယားဒေသ၏ ဆီပူအိုးကို လောလော လတ်လတ်ကြီး မီးပြင်းထိုးလိုက်သူမှာကား ကုလသမဂ္ဂက “အမည်ပျက်စာရင်း” သွင်းထားသော ဂျာအီးမိုဟာမက်(ဝါ) JeM အုပ်စုဖြစ်သည်ဟု ကျွန်ုပ် လေ့လာတွေ့ရှိရ၏။ 

 

လွန်လေပြီးသောလက ပူလာဝါမားမြို့၌ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသော မော်တော်ယာဉ် တန်းကို တိုက်ခိုက်ခဲ့ရာ တ ပ်ဖွဲ့ဝင် ၄၂ ဦးထက်မနည်း ကျဆုံးခဲ့ရရာမှ ကက်ရှ်မီးယား ဆီပူအိုးကြီး တပွက်ပွက်ဆူပွက်လာခဲ့၏။ အလစ်အငိုက်မိခံလိုက်ရ သဖြင့် ဒေါင်ချာစိုင်းသွားခဲ့ရသော အိန္ဒိယနိုင်ငံမှာ ယူကျုံးမရ အပူလုံးကြွကာ ဒေါသမီး ဟုန်းဟုန်းထခဲ့ရ၏။ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ခဲ့ရ၏။ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ် ဖြစ်ခဲ့ရ၏။

 

“ဦးဝေစံကူး၊ ရေဘူးတောသူ၊ ဓာတ်ရန်သူ”ဟူဘိသို့ပင် သမိုင်းကြောင်းနှင့် ချီ၍၊ ဒေသဆိုင်ရာ နိုင်ငံရေး ဖြစ်စဉ်များနှင့်ယှဉ်၍ ရန်သတ္တရုပြုမူဘက်သို့ ကာလရှည် ယိမ်းခဲ့ရသော တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံတို့မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးတွင် မထိတထိ ပြဿနာများကြောင့်ဘက်ညီ၊ လက်ညီမရှိခဲ့ကြပါချေ။ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေသော သလင်းကျောက်တစ်လုံးထဲရှိ “နဂျီကောင်လေး”ကို အထပ်ထပ် အခါခါ ဓာတ်ခွဲကြည့်ရာတွင် တွေ့မြင်လိုက်ရသည်မှာ “ဒိုင်နိုဆော” ဇီဝဖြစ်စဉ်ဖြစ်သည်ဆိုသော ကျွန်ုပ်တစ်ချိန်တစ်ခါက ဖတ်ရှုခဲ့ရဖူးသည့် သိပ္ပံသတင်းတစ်ပုဒ်ပမာပင် ကက်ရှ်မီးယားဒေသ မတည်မငြိမ်ဖြစ် မှုကိုအကြိမ်ကြိမ် အဖန်ဖန် သုံးသပ်လေ့လာကြည့်မိရာ တွင်ကျွန်ုပ်ရှုမြင်လိုက်ရသည်မှာကား “အကြမ်းဖက်မှု”တည်းဟူသော “အဓမ္မဝါဒ” ဖြစ်၏။

 

ကက်ရှ်မီးယားပဋိပက္ခသည် တောင်အာရှအိမ်နီး ချင်းတို့အကြား ကြုံတွေ့နေရသော ပဋိပက္ခများအားလုံး ၏ ဗဟိုအချက်အချာတွင် တည်ရှိနေပြီးလျှင် “အသား ထဲက လောက်ထွက်”သည့် အကြမ်းဖက်သမားတို့ကြောင့် အသီးတစ်ရာအညှာတစ်ခုပမာ စုစည်းပေးထား သော ငြိမ်းချမ်းခြင်းတရားမှာ ပျက်ပြားရလေသည်။

 

ဤတွင်ရွေ့ကား ကျွန်ုပ်အနေဖြင့် ငြိမ်းချမ်းရေ ဗိသုကာကြီး မဟတ္တမဂန္ဓကြီး၏ “အဟိံသ”လမ်းစဉ်(ဝါ) အကြမ်းမဖက်ရေးမူဝါဒကို ပြန်လည်စဉ်းစားမိသည်။ “မကောင်းမှုကို ရွံမုန်းသော်လည်း မကောင်းမှုပြုသူကို မမုန်းပါနှင့်”ဟူသော မူဝါဒသည်ကား အကြမ်းမဖက်ရေးလမ်းစဉ်၏ အခြေခံမူတစ်ရပ်ဖြစ်၏။မိမိအပေါ် မကောင်းမှုပြုသူအပေါ် မုန်းတီးစိတ်ထား တတ်သည်မှာ လူ့သဘော၊ လူ့မနောဖြစ်ပြီးလျှင် ကိုယ့်အပေါ် မကောင်းမှုပြုသူအပေါ် “ခွင့်လွှတ်ခြင်း” မပြုနိုင်ဘဲအငြှိုးအတေးထားရာမှ အမုန်းတရားများ တိုးပွား လာတတ် ကာ အကျယ်အကျယ် မငြိမ်းဖွယ် လက်စားချေမှုများ ဖြစ်ပေါ်နိုင်သည်ဟု မဟတ္တမဂန္ဓကြီး၏ အဆိုအမိန့်ကို ကျွန်ုပ် အလေးမူမိသည်။

 

JeM အုပ်စုသည် ကက်ရှ်မီးယားရှိ နှစ်ဖက်ပိုင်နက်အငြင်းပွားနေသောနယ်မြေအတွင်း အိန္ဒိယလုံခြုံရေး တပ်ဖွဲ့ ဝင်များကို ပစ်မှတ်ထားကာ လှုပ်ရှားလာနေခဲ့သည်။ ၂၀ဝ၂ ခုနှစ်တွင် ပါကစ္စတန်ဥပဒေအရ အကြမ်းဖက် အဖွဲ့အဖြစ် ပိတ်ပင်ခံခဲ့ရသော်လည်း ယတိပြတ် ပျောက်ကွယ်သွားခြင်းမရှိဘဲ ထကြွနေဆဲဖြစ်ခဲ့သည်။ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၄၂ ဦး ကျဆုံးခဲ့ရမှုကိုအကြောင်းပြု၍ အိန္ဒိယ၏ နယ်စပ်ဖြတ်ကျော် လေကြောင်း တိုက်ခိုက်မှု၊ အိန္ဒယလေသူရဲ သုံ့ပန်းအဖြစ် ရက်ပိုင်းကြာမျှ အဖမ်းခံရမှု၊ နှစ်နိုင်ငံထိန်းချုပ်ရေး မျဉ်းတစ်ဖက်တစ်ချက်စီရှိ တပ်ဖွဲ့များအကြား အမြောက်လက်နက်များ၊ စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့မှုတို့ ဆက်လက်ဖြစ်ပွားခဲ့လေသည်။နှစ်ဖက်စစ်ရေးတင်းမာလာစဉ် တရုတ်၊ ဆော်ဒီအာရေဗျ အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ သံတမန်ရေးညှိနှိုင်း ပေးချက်များက တင်းမာမှု လျှော့ချရေးဘက်သို့ ဦးတည်ခဲ့လေသည်။

 

“မိမိနိုင်ငံ၏ နယ်မြေကို ခြေကုပ်ပြု၍ မည်သည့်စစ်သွေးကြွအုပ်စုကိုမဆို လှုပ်ရှားခွင့်မပေးနိုင်ပါ” ဟုပါကစ္စတန်ဝန်ကြီးချုပ် အီမရာခန်းက မတ် ၈ ရက်တွင်အတိအလင်းပြောကြားခဲ့ပြီး စစ်သွေးကြွတို့ကို နှိပ်ကွပ်လျက်ရှိရာ စ စ်ရေးတင်းမာမှုလျှော့ချရေး အရိပ်လက္ခဏာ များကို တွေ့မြင်လာပေပြီ။ သို့တစေ အဏုမြူစွမ်းအားရှင်နှစ်နိုင်ငံအကြား ယမ်းကုန်မီးကုန်အဆင့်ထိ တိုက်ခိုက်မှုဖြစ်လာလျှင် “အဏုမြူစစ်ပွဲ” ဖြစ်လာနိုင်သည်ဟု ကြီးစွာ စိုးရိမ်နေကြရဆဲ ဖြစ်လေသည်။ 

 

ဤတွင်ရွေ့ကား ကျွန်ုပ်အနေဖြင့် ဂန္ဒီကြီးနည်းတူငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့သူ “အသောက”မင်းကြီး ကို သတိရမိ၏။ ခရစ်တော်မပေါ်မီ ၂၆၈ ခုနှစ်တွင် အိန္ဒိယ ထီးနန်းကိုဆက်ခံခဲ့သည့် ဧကရာဇ်မင်းတစ်ပါးဖြစ်သော အသောက ဘုရင်သည် သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကို စွန့်ပယ်ခဲ့သော စံမတူစစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး အိပ်ချ်ဂျီဝဲလ်က ဆိုထားသည်။ စစ်ကိုစွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ခဲ့သည်။အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ ဘာသာ ရေးဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သား များအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှုစသည့် တရားများဖြင့် အုပ်ချုပ်ခဲ့သည်။

 

စာရေးဆရာကြီး အိပ်ချ်ဂျီဝဲလ်က သူရေးသားသော (The Outline of History)စာအုပ်ထဲတွင် အသောက မင်းကြီးအား ဤကဲ့သို့ ချီးကျူးပြောဆိုထားပါသည်။ “သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေ သည့် ဘုရင်၊ ဧကရာဇ်၊ မင်းညီမင်းသားများ၏ အမည်နာမ များကြားတွင် အသောက၏ အမည်နာမသည် တစ်စင်း တည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ဝင်းလက်တောက်ပနေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည် အထိအသောက၏ အမည်နာမသည် အလေးအမြတ် အပြုခံရ တုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင်အိန္ဒယသည်ပင် သူ၏ကြီးကျယ်မြင့်မြတ်မှု အစဉ်အလာကိုထိန်းထားလေသည်။ ကွန်စတင် တိုင်း၊ သျှာလမိန်းဆိုသော နာမည်များကို ကြားဖူးနားဝရှိနေသူများထက် သူ့ကိုတလေးတစား အမှတ်တရရှိ နေကြသူများ၏ ဦးရေက ယနေ့ ပို၍ပင်များပြားနေသည်။”

 

အသောကသည် အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ပထမဆုံး သောအင်ပါယာကို တည်ထောင်နိုင်ခဲ့သည့် စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်သည်။ ဘိုးတော်၏ အင်ပါယာတွင် မပါဝင်ဘဲ ကျန်ရှိသော အိန္ဒိယ နိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်းအား ဆက်လက်သိမ်းပိုက်ရန် အသောက ကြိုးပမ်းခဲ့သည်။ တိုင်းနိုင်ငံငယ် လေးများအား တိုက်ခိုက်အောင်ပွဲခံလာပြီးနောက် နန်းသက်ရှစ်နှစ်မြောက်တွင် အိန္ဒိယအရှေ့ဘက်ကမ်းရှိ ကလိင်္ဂတိုင်း (ယခု ဩရိဿပြည်နယ်)သို့ ဝင်ရောက်တိုက်ခိုက်လေသည်။ ကလိင်္ဂတိုင်းသား များက ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံခဲ့သောကြောင့် လူပေါင်းများစွာ သေကျေပျက်စီးကြရလေသည်။ သို့သော် ကလိင်္ဂတိုင်း သည်လည်း နောက်ဆုံးတွင်အသောကလက်သို့ ကျရောက်သွားခဲ့သည်။ ထိုစစ်ပွဲတွင် သွေးသံရဲရဲနှင့် အနိဋ္ဌာရုံများကိုမြင်တွေ့ရသောအခါ အသောကမင်းသည် စိတ်အာရုံတုန်လှုပ်ခြောက်ခြားခဲ့ရသည်။ စစ်နှင့် ပတ်သက်သောလုပ်ငန်း များကိုလည်း စိတ်ကုန်သွားခဲ့သည်။ ထိုအချိန်မှစ၍ “ကျူးကျော်စစ်”မှန်သမျှကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။

 

ကလိင်္ဂတိုင်းကို အောင်မြင်ပြီးသောအခါတွင် အိန္ဒိယတောင်ပိုင်းရှိအနည်းငယ်မျှသော နယ်မြေများသာ အသောကမင်း၏ အင်ပါယာထဲတွင် မပါဝင်ဘဲရှိလေသည်။ အသောက၏ အင်ပါယာအားနှင့် ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက အလွယ်တကူ အောင်မြင်နိုင်သော်လည်း စစ်ပွဲကို စွန့်လွှတ်ခဲ့သော အသောက မင်းကြီးသည် တရားမင်းပီသပါပေသည်ဟု သမိုင်းဆရာ များက တညီတညွတ်တည်း လက်ခံထားကြသည်။

 

ကလိင်္ဂတိုင်းတွင် စစ်ကိုငြီးငွေ့သွားသော အသောက မင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မဘက်တွင် စိတ်ကိုမြှုပ်နှံ ထားခဲ့သည်။ စစ်ဘုရင်ဘဝမှ သာသနာပြုမင်းမြတ်အဖြစ်သို့ပြောင်းလဲသွားသော အသောကမင်းကြီးအား ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင်အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သူဟု ကျမ်းပြုဆရာ တစ်ယောက်ဖြစ်သော Michael H.Hartက ဆိုထားသည်။

 

သာသနာပြုများအား အနောက်အာရှ၊ ဥရောပနှင့်အာဖရိကဒေသများသို့ စေလွှတ်ခဲ့သည်။ အသောကမင်း ၏ အယူအဆမှာ ဓမ္မဆိုသည်မှာ မန္တန်ရွတ်ဖတ်ပူဇော်ခြင်း၊ ဘာသာရေးဓလေ့ထုံးစံများကို လိုက်နာခြင်းထက် လူ့လောက၊ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ပြည်သူများ အတွက် ဥယျာဉ်များ၊ လမ်းများ၊ ရေတွင်းရေကန်များ၊ ဆေးရုံများ ပြုပြင်ဆောက်လုပ်ပေးခဲ့သည်။ အမျိုးသမီး များ ပညာသင်ကြားနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရတစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ်များ တည်ဆောက်ပေးခဲ့သည်။အသောကမင်းကြီးလက်ထက်တွင် ဗုဒ္ဓသာသနာ သန့်ရှင်း စင်ကြယ်စေရန်အတွက် တတိယသင်္ဂါယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် ၂၃၅ ခုနှစ်တတိယသင်္ဂါယနာတင်ပြီးချိန် တိုင်းပြည်အရပ်ရပ် တို့သို့ ဗုဒ္ဓသာသနာတော် ပြန့်ပွားစေရန် ရည်ရွယ်၍ ထိုနှစ်တပို့တွဲလအတွင်း၌ပင် အသောကမင်းတရားကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ကိုးတိုင်းကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံဆောင်နိုင် စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃာငါးပါးစီကိုစေလွှတ်ကြွချီတော်မူစေသည်။

 

သီဟိုဠ်သို့ ညီတော်မဟိန္နနှင့် နှမတော် သင်္ဃမိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂယာရှိ ဗောဓိပင်မှ ညောင်ကိုင်း တစ်ကိုင်းအား ယူဆောင်သွားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွားလာပြီး ထိုမှ တစ်ဆင့် မြန်မာနိုင်ငံရှိ မွန်လူမျိုးများထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အသောက မင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံအပေါ်လည်းမကင်းခဲ့(သက်ရောက်ပေသည်)ဟု ဆိုနိုင်ပါသည်။ ကလိင်္ဂစစ်ပွဲတွင် အသောကမင်းကြီး၏ ရာဇဝင်ကြောင်းကို လမ်းပြောင်းလိုက်သောစစ်ပွဲကြီးဟု ဆိုရပေမည်။ မင်းတရားကြီးသည် ကလိင်္ဂကို အောင်နိုင်သော်လည်း ရွှင်လန်းအားရခြင်း မဖြစ်နိုင်တော့ချေ။ သွေးချောင်း စီးအောင် အပြင်းအထန် တိုက်ခဲ့ကြသဖြင့် ကလိင်္ဂတိုင်းရင်းသား သိန်းသောင်းမက သေကျေပျက်စီးကြရ သည်။ ထောင်သောင်းချီ၍ အိုးအိမ်မဲ့ ဖြစ်ကြရသည်။ ယင်းတို့ကို ကိုယ်တော်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရ သောအခါ လက်နက်အားကိုးဖြင့် သူတစ်ပါးအား နှိပ်စက်သတ်ဖြတ်မိခြင်းကို ယူကြုံးမရဖြစ်မိသည်။ ရန်သူများကိုလည်း သနားစာနာမိသည်။ လူအချင်းချင်း အပေါ်ဝယ် မေတ္တာတရား၊ ကိုယ်ချင်းစာ တရားတို့ကိုသာ ပွားများမိလေသဖြင့် စစ်အတိုက်အခိုက်၌ များစွာငြီးငွေ့စက်ဆုတ်သွားသည်။ နိုင်ငံသူ နိုင်ငံသားတို့အား စိတ်ဝမ်းချမ်းမြေ့စွာဖြင့် နေထိုင်စေလိုသောစိတ်များ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် မိမိထက် အင်အားငယ်သောနိုင်ငံများကို လက်နက်အင်အား လူအင်အားဖြင့်ဖိနှိပ်တိုက်ခိုက် အနိုင်ယူသည်ထက် မေတ္တာတရားဖြင့်စောင့်ရှောက်ပေးတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

 

အသောကမင်းကြီးနှင့် ဂန္ဒီကြီးတို့က ပေးစွမ်းသော သင်ခန်းစာများကို မျက်ကွယ်ပြုကာ လူတိုင်း ကိုယ်စီ “ငြိမ်းချမ်းရေး”ကို ဖီလာပြုပါလျှင်၊ ရွာလွန်ရွက်တိုက်ပြုပါလျှင်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ပြုပါလျှင်၊ ငါ့လှေငါထိုး “ပဂိုး” (ဝါ) ပဲခူးရောက်ရောက်ပြုပါလျှင်၊ လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်ပြုပါလျှင် အဆိုးဝဲဩဃ သံသရာအတွင်း၌သာ အဖန်ဖန် ကျင်လည်နေရလိမ့်မည်ဟု တွေးတောမိရင်း “မြင်းပြောင်းပြန်စီး လှေပြောင်းပြန်လှော် မတော်တရော် လောကကြီး”ဟုကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။

 

Ref: Daily News; Wikipedia