နေပြည်တော် မတ် ၆

ပြည်တွင်းသံထည် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ခေတ်မီ သံထည်/သံ ပုံသွင်းနည်းပညာများ အသုံးပြုပြီး အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက် တိုးတက်ရရှိရေးတို့အတွက် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်တွင်းသံထည် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ခေတ်စနစ်များ ပြောင်းလဲလာသော်လည်း ပန်းပဲလက်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ငန်းဆက်လက်ရပ်တည် လုပ်ကိုင်သူများ ရှိသော်လည်း ပညာသင်ယူရသည့် အချိန်ကြာမြင့်ခြင်း၊ မီးအပူ၊ သံအပူ တို့ကိုခံစားရခြင်း၊ လိုရာ ပုံရရှိအောင် ထုရိုက်ရသည့်အတွက် ပင်ပန်းခြင်း၊ ပြည်ပမှ ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ဝင်ရောက်လာခြင်းတို့ကြောင့် ပန်းပဲပညာကို လက်ဆင့်ကမ်း သင်ယူသူနည်းပါးလာကြောင်း၊ မိရိုးဖလာ ပန်းပဲလုပ်ငန်းများ၊ အိမ်တွင်းမှု လုပ်ငန်းများမှ မီးဖိုချောင် သုံးဓား၊ ကတ်ကြေးမှ အစပြုပြီး လယ်ယာသုံးပစ္စည်းများ၊ လက်သမားသုံး ပစ္စည်းများကို အာမခံနှင့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊  ထိုကြောင့် ပြည်တွင်းသံထည် ထုတ်ကုန် ပစ္စည်းများ  ထုတ်လုပ်သည့် MSME လုပ်ငန်းများကို မိရိုး ဖလာမှသည် ခေတ်နှင့်အညီ ပိုမိုအဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ပန်းပဲလုပ်ငန်းများသည် ပြည်တွင်းဈေးကွက်သာရှိနေပြီး ကုန်ကြမ်းလုံလောက်မှု၊ ထုတ်ကုန်ပစ္စည်း အရည်အသွေး၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာနှင့် ဈေးကွက်ရှာဖွေနိုင်မှုစသည့် လိုအပ်ချက်များရှိနေသည့်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါက ပြည်တွင်းထုတ်လုပ်ရောင်းချမှု အားကောင်းလာကာ ပြည်ပတင်ပို့ရောင်းချနိုင်သည်အထိ အောင်မြင်လာမည်ဖြစ်ပါကြောင်း။

“မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၅” တွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် သံထည်ထုတ်ကုန်ပစ္စည်း ကတ်ကြေး၊ ဓား စသည်တို့သည် အရည်အသွေး ကောင်းမွန်ပြီး ထင်ရှားသည့်အတွက် အဆိုပါ သံထည်ထုတ်ကုန်ပစ္စည်းများ ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးဆောင်ရွက်သွားကြရန် လမ်းညွှန်မှု ပြုထားပါကြောင်း။ 

ထို့အတူ “စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန် လိုသကဲ့သို့ အခြားထုတ်ကုန်များကို အဆင့်မီစွာ ထုတ်လုပ်နိုင်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားရန်” လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် အိမ်တွင်းမှုလုပ်ငန်းများမှ မီးဖိုချောင် သုံးဓား၊ ကတ်ကြေးမှ အစပြုပြီး လယ်ယာသုံးပစ္စည်းများ၊ လက်သမားသုံး ပစ္စည်းများ အားလုံးကို အရည်အသွေးမြှင့် နိုင်ငံတကာ အဆင့်မီထုတ်လုပ်ရေး၊  ဈေးကွက်တိုးတက်ရရှိရေးတို့ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းကြိုးစားမှုဖြင့် ရလဒ်ကောင်းများ ရရှိအောင် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှု၊ ဈေးကွက်နှင့် လိုအပ်ချက်များ၊ အိမ်တွင်းမှုလုပ်ငန်းများမှ မီးဖိုချောင် သုံးဓား၊ ကတ်ကြေး စသည်တို့ ထုတ်လုပ်ရောင်းချမှုများ၊ ဒေသထုတ်ကုန်များကို အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေး သုတေသနဆောင်ရွက်ထားရှိမှုနှင့် သံထည်၊ သံပုံသွင်းနည်းပညာဆိုင်ရာများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အစည်းအဝေး တက်ရောက်လာကြသူများသည် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်