နေပြည်တော် မတ် ၁၇ 

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်း ကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းများသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများ ပြောကြားကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့  တိုင်းဒေသကြီးနှင့်  ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၁)မှ သင်တန်းသား များအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများနှင့်ပစ္စည်းများ ပေးအပ်ကြ ပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံ သားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍  ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လ ၁၀ ရက်တွင် စတင်အာဏာ တည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှု ထမ်းသင်တန်းများမှ  သင်တန်းဆင်းခဲ့သည့်  ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့များတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။    

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ရန် သင်တန်း တက်ရောက်ကြမည့်  သင်တန်းသားများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရသည်-

“မတက်ခင်ကတော့  မလုပ်ဖူးတဲ့အရာကို လုပ်ရမယ်ဆိုတော့ စိတ်ထဲလှုပ်ရှားပါတယ်။ ဒါပေမဲ့ ဒီရောက်တော့လည်း တစ်ခုချင်းစီ လိုက်နာကျင့်သုံးရင်းနဲ့ပဲ ဒီလိုပဲ သင်ရင်းနဲ့အဆင်ပြေနေပါတယ်။ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ နဲ့ ဆက်ပြီးလုပ်ဆောင်နေတဲ့ အတွက်ကြောင့် ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ပဲဆက်ပြီးတော့ ရောက်ရှိတဲ့နေရာဒေသမှာ ကောင်းမွန်တဲ့ အရာတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အကုန်လုံးက အပတ်စဉ်တစ်ခုနဲ့တစ်ခုသာ မတူတာဒါပေမဲ့အကုန်လုံးက ဒီရည်ရွယ်ချက် တစ်ခုထဲနဲ့ပဲ သွားနေတဲ့သူတွေမို့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ  တွေးပြီးတော့ ကိုယ့်အတွက်နဲ့ သူများကို ဒုက္ခမပေးပါစေနဲ့လို့  ကျွန်တော်ပြောချင်ပါတယ်။” 

“ယောကျ်ားတိုင်း တတ်သင့်တတ်ထိုက်တဲ့ ပညာရပ်ကိုတော့ တတ်ရမှာဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ဟိုးတုန်းက မြန်မာမင်းတွေကလည်း အဋ္ဌာရဿ ၁၈ ရပ်ကို သူတို့သင်ခဲ့ရတာပဲ။ အခုလည်း ကျွန်တော်တို့ ဒီမှာသင်ကြားပေးမယ့် ကိုယ်စီ ၁၈ ပုဒ်ဆိုတဲ့ ဆရာတွေပြောတဲ့ ဟာ ကို ကျွန်တော်တို့က အဋ္ဌာရဿ ၁၈ ရပ် ပုံစံမျိုးနဲ့ သင်ကြားသွားမှာ ဖြစ်ပါတယ်။ အခုမှ ဒီပြည်သူ့ စစ်မှုထမ်း ဥပဒေရပ် ရှိခဲ့တာ မဟုတ်ပါဘူး။  ဟိုးမြန်မာဘုရင် ခေတ်တွေမှာကတည်းက ရှိခဲ့တာပါ။  ထောင်ပြုမြို့၊  ရာပြုမြို့၊ ဆယ်ပြုမြို့တွေမှာ သူတို့ကတစ်မြို့ကို တစ်ထောင်ပေးရမယ်။ ရာပြုမြို့ဆိုရင် တစ်ရာပေးရမယ်။ ဆယ်ပြုမြို့ဆိုရင်  တစ်ဆယ်ပေးရမယ်ဆိုတဲ့  ရှေးမြန်မာဘုရင် အဆက်ဆက်ကတည်းက ဒါတွေရှိခဲ့တာမို့လို့ လုပ်ဆောင်ရမယ်လို့ ထင်ပါတယ်။” 

“ကျွန်တော့် စိတ်သဘောဆန္ဒအရလည်း ပါတဲ့အတွက်ကြောင့် ဒီသင်တန်းကို တက်ခဲ့တာပါ။ တက်တဲ့အခါမှာ ဘယ်လိုကျေးဇူး တွေရမလဲဆိုတော့ ဒီသင်တန်းက နေစတက်လို့ရှိရင် နေထိုင်မှု၊ စားသောက်မှု ပြီးတော့လူမှု ဆက်ဆံရေးတွေ၊  ပြောဆိုမှုတွေရတုန်း ဒီသင်တန်းကနေပြီးတော့ ကျွန်တော်  ရည်မှန်းထားတာပေါ့။  တတ်မြောက်မယ်လို့လည်း ကျွန်တော်ထင်တယ်။ ကျွန်တော့် ရဲ့ ပြည်သူတွေကို ဘယ်လိုမျိုး ကာကွယ်ရမလဲ၊  ဘယ်လိုမျိုး စောင့်ရှောက်ရမလဲ ပြီးတော့ နောက်ဆုံး ကျွန်တော့် သင်တန်း သားအချင်းချင်းတောင်မှ ဘယ်လိုမျိုးကာကွယ်ပေးရမလဲ၊ လဲနေရင် တောင်မှ ဘယ်လိုပြန်ထူပေးရ မလဲဆိုတာကအစ တွေးမိပါတယ်။

သတင်းစဉ်