နေပြည်တော် မတ် ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မတ် ၁၇ ရက်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် Myanmar MSC Company Limited ၏ တစ်သျှူးကာလ်ချာနည်းဖြင့် ရေမှော်မျိုးပွားခြင်းနှင့် ဓါတ်ခွဲခန်း အတွင်း ရေမှော်မျိုးပွားယူခြင်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရေမြေဒေသနှင့် ကိုက်ညီသည့် ရေမှော်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အရည်အသွေး ပိုမိုကောင်းမွန်သည့် ရေမှော်များ ရေမှော်များ သုတေသနပြု စမ်းသပ်ရှာဖွေခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်နှင့် ပြည်ပသို့ ကုန်ကြမ်းရေမှော်တင်ပို့ ရောင်းချခြင်းအပြင် တန်ဖိုးမြှင့်စားသောက်ကုန်ချော ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် အကြံပြုဆွေးနွေးမှာကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် မြိတ်မြို့နယ် ရွှေဒူးကျေးရွာရှိ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ၌ ကျင်းပပြုလုပ်သည့် နှစ်ရှည်သီးနှံ အကျိုးဆောင် တောင်သူများအတွက် ကော်ဖီ ၊ ကိုကိုးပျိုးပင်များနှင့် သဘာဝမြေဩဇာများ ပေးအပ်ပွဲသို့ တက်ရောက် အားပေးပြောကြားကာ နှစ်ရှည်သီးနှံ အကျိုးဆောင် တောင်သူများအား ကော်ဖီ၊ ကိုကိုးပျိုးပင်များနှင့် သဘာဝမြေဩဇာများ ပေးအပ်ခဲ့သည်။ 

ဆက်လက်၍ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန၏ ဆီအုန်းနှင့် ရော်ဘာမျိုးများ သုတေသနဆောင်ရွက်နေမှု ၊ ဆီအုန်း စေ့အစို့ဖောက်ခြင်း၊ ရော်ဘာ ဖူးဆက်ပျိုးပင်ထုတ်လုပ်မှု၊ ရော်ဘာမျိုးကိုင်းပွားခင်း စိုက်ပျိုးထားရှိမှုနှင့် နည်းပညာပေး လုပ်ငန်း ဆောင်ရွက်နေမှု၊ နည်းပညာဖြန့်ဝေပေးနေမှုများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျွန်းစုမြို့နယ် မအိုင်ကျွန်းပေါ်ရှိ ဩဘာစံ ကုမ္ပဏီနှင့် ကျော်ကောင်းထက်ကုမ္ပဏီတို့၏ ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်