နေပြည်တော် မတ် ၁၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် နှင့် တာဝန်ရှိသူများသည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ မတ် ၁၈ ရက်နှင့် ၁၉ ရက် တို့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်အား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ အကျဉ်းသား၊ အကျဉ်းသူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ အခြေခံအရေး၊ အဖတ်သင်တန်း ပို့ချသည့်နေရာ၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်များ၊ သုံးရေအတွက် မြစ်ရေမှ ရေစုကန်၊ ၎င်းမှတစ်ဆင့် ရေစစ်ကန်သို့ ရေဖြန့်ဝေပေးသည့်နေရာ၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်း၊ အပြင် မိလ္လာများ စသည်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ စုစုပေါင်း (၃၁)ဦးကို သီးခြားတွေ့ဆုံပြီး ယင်းတို့၏ တင်ပြချက်များကို မေးမြန်း မှတ်တမ်းတင်သည်။ ထို့နောက် ထောင်ဝင်စာ လာရောက်တွေ့ဆုံသော မိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၎င်းတို့တွင် အခက်အခဲ ရှိ ၊ မရှိ မေးမြန်း၍ ညှိနှိုင်းဆောင်ရွက်သည်။
ယင်းနောက် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ တစ်ဦး၏ အနိမ့်ဆုံး ရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအ သောက်များ ကျွေးမွေးမှု၊ အကျဉ်းထောင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသည့် အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အကျဉ်းသား၏ ရောဂါအခြေအနေပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှု၊ ယုံကြည်ရာ ကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့် အခြေအနေ၊ စာမတတ်သူ အကျဉ်းသား၊ အကျဉ်းသူများကို အခြေခံ အရေး၊ အဖတ် သင်ကြားပေးနေမှု၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှု၊ အကျဉ်းသား၊ အကျဉ်းသူများအား အကျဉ်းထောင်ဝန်ထမ်းများက လည်းကောင်း၊ အကျဉ်းသား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ တို့ကို မေးမြန်းခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းသည်။ အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက် များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင် ဥပဒေနှင့်အညီ အကြံပြု ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်