အမျိုးသားစီမံကိန်းများအောင်မြင်စေရေး အားလုံးက အလေးအနက်ထား  ဝိုင်းဝန်းကြိုးပမ်း

 

နေပြည်တော် မတ် ၂၄

 

အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမျိုးသားစီမံကိန်း ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ/ တိုင်း ဦးစီးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။  

 

 

ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) တွင် လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ ပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဆွေးနွေးညှိနှိုင်း အတည်ပြုကြမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်အချိန်မှစပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာ ဖူလုံရေးကို ဘက်ပေါင်းစုံမှ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့ကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်၏ အဓိကစီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဖွဲ့အစည်းဆိုင်ရာ မူဘောင် (Institutional Framework) များ အားကောင်းစေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ အဓိကကျသည့် ကဏ္ဍများတွင် ထုတ်လုပ်မှုအရှိန်အဟုန် မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်၊ စက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တို့ကို ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါကဏ္ဍများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုး တိုးတက်ရန်အတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအားကောင်းစေရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသော်လည်း အဖျက်အမှောင့် လုပ်ငန်းများကြောင့် နိုင်ငံတော်၏စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ တာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ ကျောင်း၊ ဆေးရုံ စသည်များတွင် ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း၊ ထိုသို့ဖျက်ဆီးမှုများကြောင့် သမင်မွေးရင်း ကျားစားရင်း ဆိုသည့် စကားအတိုင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး နယ်မြေဒေသ မတည်ငြိမ်သည့်ဒေသများတွင် ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နောက်ကျကျန်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

 

ထို့ပြင် စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံတော်က လိုအပ်သည့် ပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းရည် တိုးတက်ရေးတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူမှုစီးပွားဘဝဝန်းကျင်ကို ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် ပိုလီတက်ကနစ် နည်းပညာများ (Polytechnic) ကို နေပြည်တော်မှာသာမက အခြားဒေသများတွင် တိုးချဲ့သင်ကြားနိုင်ရန်အတွက် စီစဉ်ပေးလျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးကို လူတိုင်းလက်လှမ်းမီ သင်ကြားနိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း။

 

ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ တိုးတက်ဆောင်ရွက်နိုင်ရန်အတွက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုရေးကဏ္ဍတွင်လည်း အားကစားနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး၊ ထူးချွန်အားကစားသမားများ၏ လူမှုဘဝမြှင့်တင်နိုင်ရေးတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း။

 

မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပထမအဆင့်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံး၌ မိုးလုံလေလုံအားကစားကွင်း၊ ပွဲကြည့်စင်နှင့် မီတာ ၄၀၀ ပြေးလမ်းပါသည့် ဘောလုံးကွင်းနှင့် ရေကူးကန်များကို ဦးစားပေးဆောင်ရွက်ပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး နီးပါးတွင် တည်ဆောက်ပြီးဖြစ်ကြောင်း၊ အလားတူဒုတိယအဆင့်အနေဖြင့် ခရိုင်မြို့ကြီးများ အားလုံးတွင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တစ်ဆက်တည်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး တတိယအဆင့်အနေဖြင့် မြို့နယ်များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန်အတွက် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်း တိုးချဲ့ဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်မှုများကို လျှော့ချနိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေးကိုလည်း စီမံဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ စိုက်ပျိုးရာတွင်လည်း စိုက်သမျှအပင်များ တစ်ပင်စိုက် တစ်ပင်ရှင်ဆိုသည့် ရည်မှန်းချက်ထား၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိမိမိတို့နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းကျော်ရှိသည်မှ ၅၀ ရာခိုင်နှုန်းအထိရောက်အောင် ရည်မှန်းချက်ထားရှိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

ဝေးလံဒေသများအပါအဝင် ဒေသအသီးသီးတွင် ကုန်စည်နှင့် ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးလက်ဒေသများတွင် ရာသီမရွေးသွားလာနိုင်သည့် လမ်းကွန်ရက်များ စသည့် သယ်ယူပို့ဆောင်ရေး အခြေခံလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း။

 

လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ဆောင်ရွက်ဆဲ ဆည်တမံနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတော်၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို တိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် မျိုး၊ မြေဩဇာ၊ စက်ကိရိယာများ၊ စိုက်ပျိုးရေရရှိရန် ဆိုလာရေတင် လုပ်ငန်းများကို ဦးစားပေးလျာထား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူနိုင်ရေး၊ အလုပ်အကိုင်ဖန်တီးနိုင်ရေး စသည့်လုပ်ငန်းများအတွက် အသုံးစရိတ်များကိုလည်း လျာထားခွင့်ပြုပေးမည်ဖြစ်ကြောင်း။

 

အကန့်အသတ်ရှိသည့် ဘဏ္ဍာငွေ အရင်းအမြစ်များနှင့် ပြည်သူများ အဆင့်အတန်းမြင့်မားစွာ နေထိုင်နိုင်ရေးအတွက် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် နေထိုင်ရေး အဆင်ပြေစေရန် လိုအပ်သည့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခြင်းကိုလည်း ခွင့်ပြုထားကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေများ လျာထားခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း။

 

ပြည်ထောင်စု ဝန်ကြီးဌာနများက လျာထားသည့်လုပ်ငန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက လျာထားသည့်လုပ်ငန်းများတွင် လက်တွေ့ကျသည့် စီမံကိန်းဖြစ်စေရန်နှင့် ပြည်သူကို အမှန်တကယ်အကျိုးပြုနိုင်သည့် စီမံကိန်းများဖြစ်စေရေး စနစ်တကျ လေ့လာသုံးသပ်ပြီး အချိန်မီပြီးစီးရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

 နိုင်ငံတော်၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒ ရည်မှန်းချက်များကို လုပ်ငန်း လမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များက ဟန်ချက်ညီညီ၊ အချိတ်အဆက်မိမိ ပူးပေါင်းပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ သာယာဝပြောရေးတို့အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများကို လူထုနှင့်လက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ရည်မှန်းချက်ပါ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကြရေး ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားစီမံကိန်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အမျိုးသားစီမံကိန်း ကော်မရှင်အစည်းအဝေးတွင် အတည်ပြုချက်ရယူမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် ပြည်သူ့လူမှုစီးပွားဘဝတိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်ရည်ရွယ်ပြီး ရေးဆွဲထားသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ပြင်ဒေသတွင်း ပြန်လည်တည်ထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုထားပါကြောင်း။

 

ယခု ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် စွမ်းအင်၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများမှအပ ကျန်ကဏ္ဍများတွင် တိုးတက်မှုရရှိမည်ဟု ခန့်မှန်းထားပြီး နှစ်ကုန်ယာယီခန့်မှန်းခြေစာရင်းအရ စီးပွားရေးတိုးတက်မှုနှုန်းကို ယခင်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၉ ရာခိုင်နှုန်း ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရကြောင်း။

 

လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကို ယခုနှစ်၏ အကောင်အထည်ဖော်နိုင်မှု အခြေအနေ၊ ကဏ္ဍဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ထုတ်လုပ်မှုနှင့် ဘဏ္ဍာငွေလျာထားချက်များပေါ် အခြေခံပြီး ဂျီဒီပီတိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်း၊ နှစ်အလိုက် ဈေးနှုန်းအရ တန်ဖိုးအားဖြင့် ငွေကျပ် ၁၇၁၄၉၈ ဒသမ ၁ ဘီလီယံ ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေစာရင်းပေါ် အခြေခံပြီး လူဦးရေ ၅၁ ဒသမ ၃ သန်းနှင့် ခန့်မှန်းထားသည့် တစ်ဦးကျ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ ၃ ဒသမ ၃ သန်း ကျော်ရရှိစေရန် လျာထားပါကြောင်း။

 

ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နေသည့် စီမံကိန်း အသုံးစရိတ်များကိုလည်း စနစ်တကျ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရန်၊ စီးပွားရေး တိုးတက်မှုအခြေအနေကို ယခုထက်ပိုမို ရရှိရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချပြီး တိုးတက်သည့် ရလဒ်ကောင်းများရရှိရေး ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိက လိုအပ်သည့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေကို သုံးသပ်ဆွေးနွေးပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း (မူကြမ်း) ရေးဆွဲထားမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အမျိုးသားစီမံကိန်း ကော်မရှင်အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများက ဘဏ္ဍာနှစ်အလိုက် အမျိုးသားစီမံကိန်းလျာထားမှုနှင့် ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားရာတွင် စီမံကိန်းဆိုသည်မှာ အမှန်တကယ်လုပ်နိုင်သည့်အရာကို စီမံကိန်း ရေးဆွဲဆောင်ရွက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများအတွက် အဓိကအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကို ရေးဆွဲဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံ့ GDP တိုးတက်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို အသုံးပြု၍ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်နိုင် ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာပါက အခြားစက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားစေရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

 

အမျိုးသားစီမံကိန်းများ အောင်မြင်စေရေးအတွက် အားလုံးက အလေးအနက်ထား၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ၏ လူဦးရေကိုကြည့်၍ ရေးဆွဲဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးလက်နှင့် မြို့ပြအလိုက် နေထိုင်ကြသည့်ပြည်သူများအတွက် စားရေးနှင့်ပတ်သက်၍ စဉ်းစား ဆောင်ရွက်ကြရန် လိုကြောင်း၊ လိုအပ်သည့် အသား၊ ငါးများကို လုံလောက်စွာဖြင့် ထုတ်လုပ်နိုင်ရန်လိုသဖြင့် မွေးမြူရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရေး တွန်းအားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်၍လည်း အလားတူပင်ဖြစ်ကြောင်း။

 

စီမံကိန်းများနှင့်ပတ်သက်၍ ဒေသအလိုက်လုံခြုံမှုများရှိစေရေး တာဝန်ရှိသည့် အဖွဲ့အစည်းများ အားလုံးက ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုံခြုံမှုရှိမှသာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြား လာမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ နည်းပါးခြင်းကြောင့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်၍ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

 

GDP နှင့်ပတ်သက်၍ နိုင်ငံ၏ GDP တိုးတက်စေရေး စိုက်ပျိုးရေးထုတ်ကုန်နှင့် လယ်ယာကဏ္ဍနှင့် သားငါးကဏ္ဍများ တိုးတက်စေရေးနှင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ကြရန် လိုသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ စီမံကိန်းများကို အောင်မြင်အောင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။

 

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအနေဖြင့် လာမည့်ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊ လုံခြုံရေးစနစ် ကောင်းမွန်လာ ပါက ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အမျိုးသား စီမံကိန်းများ အောင်မြင်စေရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအင်အား ကောင်းမွန်ရန်အတွက် ဂျီဒီပီကို ရည်မှန်း ထားသည့်အတိုင်း ရရှိရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရ စီမံကိန်းများတွင် ရည်မှန်းထားသည့်ရလဒ်များ ရရှိစေရေး လက်တွေ့ကျကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့အရေးကို ရှေ့တန်းတင်ပြီး အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် မိမိတို့အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများကို ထင်သာ မြင်သာရှိပြီး ပြည်သူများ အကျိုးကျေးဇူးရရှိခံစားနိုင်ရန်နှင့် လုပ်ဆောင်ချက်များ အားလုံးကို မှတ်ကျောက်တင်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေနှင့် ဒေသန္တရစီမံကိန်းဥပဒေများမပြဋ္ဌာန်းမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း။

 

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားများ ကောင်းမွန်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းများကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန်လိုကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ရယူသင့်သည့် သင်ခန်းစာများကို ဖော်ထုတ်ပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် တီထွင်ကြံဆ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကိုလည်း လေလွင့်မှုမရှိစေဘဲ သက်ဆိုင်ရာ ဒေသအသီးသီး၌ ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကောင်းများ ဖန်တီးပေးထားပြီး ဖြစ်သည့်အတွက် လုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေးနှင့် ဒေသတွင်းထုတ်လုပ်မှု ကွင်းဆက်မှ တစ်ဆင့် ကမ္ဘာ့ထုတ်လုပ်မှုကွန်ရက်သို့ ချိတ်ဆက်နိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

 

နိုင်ငံခြားငွေ ယိုစိမ့်မှုလျော့နည်းစေရေးအတွက် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများက သွင်းကုန် အစားထိုးနိုင်မှု တိုးတက်ရရှိရေး၊ သယံဇာတပစ္စည်းများ တရားမဝင်ထုတ်ယူခြင်း၊ ရောင်းဝယ်ခြင်းနှင့် တရားမဝင် ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေးအတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ယခုထက်ပိုမိုပြီး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်