၁၁ မတ်

 

အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြောင်းလဲလာသည့် နည်းပညာတိုးတက်ဖွံ့ဖြိုးမှုက ယနေ့လူမှုအဖွဲ့အစည်း၏ ဆက်ဆံရေးပုံစံကိုများစွာ သက်ရောက်ခဲ့သည်။ မယုံကြည်နိုင်လောက်အောင် လျင်မြန်သည့်ဆက်သွယ်ရေးစနစ်နှင့် ကွန်ရက်များကြောင့် လူသားတို့၏ ဆက်ဆံရေး နယ်ပယ်အတွင်း၌ ဩဇာသက်ရောက်မှု၊ ထိရောက်မှုတို့ကလည်း သမားရိုးကျမဟုတ်တော့သည့် ခေတ်သို့ရောက်လာသည်။

 

လူချင်း မျက်နှာချင်းဆိုင်ဆွေးနွေး ပြောဆိုချိန်မှာ နှုတ်ကထွက်လာမည်ဟု မထင်ရသည့် စကားလုံးများ၊ တုံ့ပြန်မှုများကို လူမှုကွန်ရက်ပေါ်၌ ရုန့်ရုန့်ရင်းရင်း တွေ့ရသည်မှာ အံ့အားသင့်ဖွယ်ဖြစ်သလို နည်းပညာနှင့်ခေတ်အပြောင်းအလဲ၊ နည်းပညာနှင့် ယဉ်ကျေးမှုအပြောင်းအလဲတို့ကိုလည်း သတိပြုမိရပါသည်။

 

လူမှုကွန်ရက်စာမျက်နှာများပေါ်မှာ အချိန်နှင့်အမျှဟုဆိုဆို၊ အချိန်နှင့် တစ်ပြေးညီ ပြောပြော၊ ဖတ်စရာ ကြည့်စရာ လေ့လာစရာ သင်ယူစရာ သင်ခန်းစာရစရာ အစုံစုံရှိသည်။

 

မိမိတို့၏ ဘဝအတွေ့အကြုံ၊ ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံ၊ ပြည်တွင်း ပြည်ပ ဟိုကသည်က ဖတ်ခဲ့ရသမျှ ဗဟုသုတ၊ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်၊ ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်၊ ဘာသာရေး အယူအဆ၊ အစိုးရ ကြေညာချက်၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစာဂျာနယ်များပါ ဆောင်းပါးသတင်းအချက်အလက်၊ အတိုက်အခံတို့၏ နိုင်ငံရေးသဘောထား၊ တိုင်းရင်းသားလူမျိုးစုများ၏အသံ အစရှိသည့် စုံစုံစီစီကိုရေးကြသားကြ ဝေမျှကြ၊ မှန်တာရှိ၊ မမှန်တာတွေလည်းပါ။

 

အဲသည်လို စာတွေကိုအကြောင်းပြုပြီး ဝေဖန်သုံးသပ်ကြတာတွေ၊ ကဲ့ရဲ့ပြစ်တင်ကြတာတွေ၊ ငြင်းချက်ထုတ်ကြတာတွေ၊ ထောက်ခံကြတာ တွေကိုလည်း တွေ့ရဖတ်ရပါသည်။

 

အယူအဆမျိုးစုံကို မတူကြ ကွဲလွဲငြင်းခုန်ကြတာက ကြိုဆိုရသော်လည်း သတင်းအမှားများပေါ် အခြေပြုရေးသားလာမှုများ၊ ဝေဖန်ပြစ်တင်ရာမှာ ကြမ်းတမ်းရုန့်ရင်းလှသော အသုံးအနှုန်းများကို ဖောဖောသီသီသုံးစွဲကြမှုများကမူ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အလွဲသုံးစား ပြုခြင်းဟု ထင်မြင်ပါသည်။

 

လောဘနှင့် ယှဉ်၍တွေးသည့် အယူအဆများ၊ ဒေါသနှင့်ယှဉ်၍ တွေးသည့်အယူအဆများ၊ အာဃာတနှင့် ယှဉ်၍တွေးသည့် အယူအဆများကို ကိုင်စွဲထားရင်းသူတစ်ပါးကို ဘာလာလာပြစ်တင် စောကြောနေကြ သည်ကိုလည်း စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေကြရသည်။

 

လူတို့၏ သဘာဝအရ အယူအဆအတွေးအမြင် မတူကြတာရှိမည်။ အပြုအမူတစ်ခု အပြောအဆို အရေးအသားတစ်ခုတွင် ကွဲလွဲငြင်းခုံစရာ များရှိမည်။ ဤသည်တို့က လူမှုလောကထဲတွင် တွေ့နေကျ ဖြစ်ရိုး ဖြစ်စဉ်သာ။

 

မတူခြားနားမှု ကွဲပြားမှုကို အာဃာတ ရန်လိုမှုတို့ဖြင့် ရုန့်ရုန့် ရင်းရင်း ကြမ်းကြမ်းတမ်းတမ်း ပြောဆိုရေးသားမှုကမူ လူမှုအဖွဲ့အစည်းအတွက်အကျိုးများစရာထက် အကျိုးယုတ်စရာတို့ကိုသာ အားပေး ထွက်ပေါ်လာစေမည်ဟု ယူဆပါသည်။ ယဉ်ကျေးဖွယ်ရာ သည့်နည်းဖြင့်ကွဲလွဲခြင်းဖြင့် ပိုမိုကောင်းမွန်သော ဝန်းကျင်နှင့် အာဝါသတို့ ပေါ်ထွန်းစေမည်ဟု ယုံကြည်မိပါကြောင်း။

 

မုန်းတီး ရန်လိုခြင်းတို့ကို ရိုင်းရိုင်းပျပျ ဖန်တီးနေခြင်းဖြင့် ပိုမိုကြမ်းကြုတ်ခက်ထန်သည့် ဝန်းကျင်နှင့် အာဝါသတွင်းထဲသို့ နစ်သထက်နစ်ရင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းစားတုံ့ပြန်မှု ရက်စက်အကြမ်းဖက်မှုတို့က ရှေ့တန်းရောက်လာမည်ဆိုလျှင် လူမှုအဖွဲ့အစည်း ပျက်စီးရေးဆီသို့ဦးတည်သွားမည့် အန္တရာယ်ကို သတိမူကြရန်လိုမည် ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း