နေပြည်တော် မေ ၂
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ CMP စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင် သည့် ချန်းရီဖိနပ် ချုပ်စက်ရုံအား ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် MoU စနစ်ဖြင့် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်မည့် လုပ်သားများ၊ မိမိအစီအစဉ်ဖြင့် ပြည်ပသို့သွားရောက်မည့် ကျွမ်းကျင်လုပ်သားများနှင့် ပြည်ပနိုင်ငံများမှ ခွင့်ပြန်လုပ်သားများအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC)အား တစ်နေရာတည်းတွင် ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး Cashless စနစ်ဖြင့် OWIC ကတ်များ ထုတ်ပေးနိုင်ရေး တာဝန်ခံအရာရှိများကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ်၌ ဖွင့်လှစ်ထားသော ပြည်ပတွင် သွားရောက်အလုပ်လုပ် ကိုင်ကြမည့် လုပ်သားများအတွက် အလုပ်ရှင်၊ အလုပ်သမားစာချုပ်အား တစ်နေရာတည်းတွင်စုစည်း၍ စာချုပ် ချုပ်ဆိုရန် ဆောင်ရွက်ပေးနေသည့် နည်းပညာ အထောက်အကူပြုရုံး(ရန်ကုန်)ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမားဆေးရုံ (ရန်ကုန်)သို့ သွားရောက်ပြီး ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ နှင့် ဝန်ထမ်းများအားတွေ့ဆုံပြီး ဆေးရုံအားလှည့်လည်ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ကုသရေးလုပ်ငန်းတွင် လိုအပ်သည့်ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် လိုအပ်သည့်ဆေးဝါးများ ဖြည့်တင်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးပြီး အလုပ်သမားဆေးရုံကြီးအတွင်း ကုသဆောင် များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆေးရုံတက်ရောက် ကုသနေသော အာမခံအလုပ်သမားများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ ပင်မဆေးသိုလှောင်ရေးဌာနသို့ ကြည့်ရှု စစ်ဆေးပြီး ကုသရေးလုပ်ငန်းသုံး ဆေးရုံသုံးပစ္စည်းများ ထိန်းသိမ်းခြင်းနှင့် သက်တမ်းလွန်ဆေးများ မဖြစ်စေရန် လိုအပ်သည့် ဆေးရုံ၊ ဆေးခန်းများသို့ ဖြည့်တင်းပေးရေး လမ်းညွှန်မှာကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံ အလုပ်သမား ၉၅၄၀၂၆ ရှိပြီး အဆိုပါအာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမားဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံ ရေးဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်း၊ ဌာနကြီး ဆေးခန်း ၁၉ ခန်း၊ Fee For Service Payment ဆေးခန်း ၄၂ ခန်း၊ Capitation Payment ဆေးခန်း ငါးခန်းနှင့် မီးဖွားခြင်းနှင့်ဆိုင်သော ဆေးရုံ/ဆေးခန်း ၁၁ ခန်းတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်