မြောက်ဦးခရိုင်၊ ကျောက်တော်မြို့တွင် ယနေ့ နံနက်ပိုင်းက(၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်ပွဲ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းနှင့် တိုင်းရင်းဆေး ပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းဦး တို့က တိုင်းရင်းဆေးရုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ 

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်တွင် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံ၊ ခရိုင်အဆင့် တိုင်းရင်းဆေးကုဌာန ၁၀ ခု၊ မြို့နယ်ဆေးကုဌာန ၁၁ ခုတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ယခု (၁၆)ခုတင်ဆံ့ ဆေးရုံးသစ် ဖွင့်လှစ်နိုင်သည့်အတွက် ကျောက်တော်မြို့နယ် အတွင်းမှ ဒေသခံပြည်သူများကို တိုင်းရင်းဆေးပညာဖြင့် အချိန်ပြည့် ကျန်မာရေးစောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသည့် တိုင်းရင်းဆေးဆရာ၊ ဆရာမ များအနေဖြင့် ကုသရေးလုပ်ငန်းများကို ပြည်သူ့အကျိုးအတွက် မေတ္တာ၊ စေတနာထားပြီး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက တိုင်းရင်းဆေးရုံဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းဆေးရုံဆောက်လုပ်ရန် အတွက် မြေဧက ၃ ဒသမ ၆ ဧက၊ တန်ဖိုးငွေကျပ်သိန်း(၉၀)တန်ဖိုးရှိ မြေကွက်အားလှူဒါန်းသော ဦးသာဒိုးအောင် (ဝတီအောင်နိုင်)ကုမ္ပဏီကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးမှူးက ပြည်နယ်ဝန်ကြီးချုပ်ထံ ဖွင့်ပွဲအထိမ်းအမှတ်အလံကိုပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကာ ဆေးရုံ တက်ရောက်ကုသမှုခံနေကြသော လူနာများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကြသည်။ 

 

တင်ထွန်း(ပြန်/ဆက်)