စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၈-၂၀၁၉) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည်  စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များရှိ စီမံကိန်းဦးစီးရုံးများတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် လက်ထောက်ညွှန်ကြား ရေးမှူးနှင့်အထက် အရာထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်၍ ကျင်းပသည့် သင်တန်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ဘာသာရပ်များကို လာရောက်သင်ကြားရခြင်းမှာ အရာထမ်းများအတွက် များစွာကောင်းမွန်သည့် အခွင့်အရေးဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အာရှဖောင်ဒေးရှင်းမှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Diana Fernandez က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ 

 

ယင်းနောက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဆက်လက်ကျင်းပရာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း၊ မြို့နယ်မှူးများ၏ တာဝန်ဝတ္တရားများ၊ ထားရှိရမည့်စာရင်းများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များကို ဆွေးနွေးပို့ချ ကြသည်။ 

 

ယခုသင်တန်းတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း၊ ပြည်သူများပူးပေါင်းပါဝင်သည့် စီမံကိန်းရေးဆွဲခြင်း၊ စီမံကိန်း ရွေးချယ်ခြင်း၊ စီမံကိန်းစိစစ်ခြင်း၊ စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် အကဲဖြတ်ခြင်း၊ 2008 SNA အရ Supply & Use Table အပေါ်အခြေခံ၍ ကဏ္ဍအလိုက် ပြောင်းလဲတွက်ချက်မှု၊ Multidimensional Welfare Analysis စသည့်ဘာသာရပ်များကို ဒီဇင်ဘာ ၂၈ ရက်အထိ ၈ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၉၀ တက်ရောက်ကြသည်။ 

 

အဆိုပါလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ 2008 SNA သို့ကူးပြောင်းရာတွင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်းများ ပိုမိုပြည့်ဝမှုရှိစေရေး၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများအား အယူအဆနှင့် လက်တွေ့ပူးပေါင်း အဖြေရှာနိုင်ရေး၊ ကဏ္ဍဆိုင်ရာအတွေ့အကြုံနှင့် ဒေသဆိုင်ရာအတွေ့အကြုံများ ဖလှယ်နိုင်ရေး တို့ကိုရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)