နေပြည်တော် မေ ၁၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။  

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများ တက်ရောက်ကြသည်။

 

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုဆိုင်ရာများ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တာဝန်စတင် ထမ်းဆောင် ချိန်မှစတင်၍ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ တာဝန် ပေးအပ်ရာတွင်လည်း တပ်မတော်သားများကိုသာ ခန့်အပ်ခြင်းမဟုတ်ဘဲ စစ်ဘက်နှင့် နယ်ဘက် မျှတအောင် တာဝန်ပေးခန့်အပ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင် ချိန်ကာလအတွင်း လုပ်ငန်းများအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

 

မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက်ကြည့်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပညာရေး အရ၊ စီးပွားရေးအရ အားနည်းမှုများရှိကြောင်း၊ အဆိုပါအားနည်းမှုများကြောင့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရ လှုံ့ဆော်မှုမျိုးစုံကိုခံစားခဲ့ရပြီး တိုင်းပြည်တည်ငြိမ်မှုမရှိခဲ့ခြင်းကို သမိုင်း မှတ်တမ်းများတွင် သမိုင်းသင်ခန်းစာအဖြစ် တွေ့ရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ပြည်ထောင်စုမပြိုကွဲရေးအတွက် တွက်ဆ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုရေးဆွဲပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးထားသည့် အခွင့်အရေးများ၌ ဖက်ဒရယ်အခွင့်အရေးများ ပေးထားသည်ကို တွေ့ရကြောင်း။

 

၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီး အာဏာရပါတီကို နိုင်ငံတော် တာဝန်များကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းချိန်၌ အာဏာရပါတီအတွင်း သဘောထားကွဲလွဲ မှုများရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ဒီမိုကရေစီ ပထမအစိုးရသက်တမ်းကာလတွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်၌ အတိုက်အခံပါတီ ဖြစ်သည့် NLD ပါတီအနေဖြင့် NCA ကို လက်မှတ်ရေးထိုးခြင်းမပြုရန် လှုံ့ဆော်ကန့်ကွက်မှုများရှိ ခဲ့ကြောင်း။

 

၂၀၁၅ ခုနှစ် ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းတွင် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါအစိုးရသက်တမ်းကာလအတွင်း နိုင်ငံတော်အတွက် အရေးကြီးသည့် ကာလများ၌ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအား လုံးဝပြုလုပ်ခြင်းမရှိခဲ့ကြောင်း၊ အလားတူ ဥပဒေနှင့်မညီသည့် ပြဋ္ဌာန်းချက်များအား အတည်ပြုခဲ့ပြီး ဥပဒေနှင့်မညီညွှတ်သည့် ကိစ္စရပ်များစွာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရကြောင်း။

 

ဒီမိုကရေစီ ပထမအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်၏ ကုန်သွယ်ရေးလိုငွေမှာ ၁၂ ဘီလီယံခန့်နှင့် ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် ၁၂ ဘီလီယံခန့် စုစုပေါင်း ၂၅ ဘီလီယံခန့် လိုငွေပြခဲ့ ကြောင်း၊ အဆိုပါငွေများအား ပြည်ပအကူအညီများ၊ ချေးငွေများ၊ ကုန်သွယ်မှုမှအပဝင်ငွေများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီပထမအစိုးရ သက်တမ်းကာလတွင် ကျောင်းနေ ရာခိုင်နှုန်းများ မြင့်တက်လာခဲ့သည်ကို အချက်အလက်များအရ သိရှိရကြောင်း၊ ကိုဗစ် - ၁၉ ဖြစ်ပွားပြီး ချိန်၌ ကျောင်းနေရာခိုင်နှုန်းများ ကျဆင်းခဲ့ကြောင်း၊ ထိုကဲ့သို့ ပညာရေးအားနည်းချက်များကို ဂရုပြုရန် လိုကြောင်း။

 

၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအစိုးရအဖွဲ့အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် အထူးဒေသများဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီ ပထမအစိုးရ သက်တမ်း ကာလတွင်လည်း NCA လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ သမိုင်းတစ်လျှောက်တွင် အခက်အခဲများရှိခဲ့ကြောင်း၊ ဒီမိုကရေစီ ဒုတိယ အစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေးညီလာခံအား (၂၁) ရာစု ပင်လုံအဖြစ် အမည် ပြောင်းလဲနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ သမိုင်းကြောင်းအရ အခက်အခဲများရှိလာနိုင်သဖြင့် အသိပေးမှုများ ဆောင်ရွက်ခဲ့ရကြောင်း။

 

တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်ပေးခဲ့ ကြောင်း၊ ၁၉၈၈ ခုနှစ်ကတည်းက ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန် တပ်မတော်ကကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများအရ ဗိုလ်မှူးကြီးဟောင်း တင်မောင် ရေးသားသည့် “တိုင်းပြည်က နုနု၊ မုန်တိုင်း က ထန်ထန် ဆိုသည့်အတိုင်း ၎င်းအချိန်က “ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် ဖြစ်ပေါ် နေသည့်ကာလဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ လျှောက်လှမ်းရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့မူလရည်ရွယ်ချက်တွင်ပါသည့်အတိုင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင်လည်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသကဲ့သို့ ဖဆပလခေတ်တွင်လည်း အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် တရားမျှတသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပုဒ်မ ၈၅ ၊ ပုဒ်မ ၁၂၈ ၊ ပုဒ်မ ၁၅၅ တို့တွင် လွှတ်တော်ခေါ်ရာ၌ အထမြောက်သည့် အပိုင်းများကို ထည့်သွင်းရေးသားထားကြောင်း၊ ဥပဒေများအား ချိန်ထိုးကြည့်ရာတွင် ရွေးကောက်ပွဲကိုအထမြောက်အောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ ရွေးကောက်ပွဲကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပ ရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း။

 

မိမိတို့အနေဖြင့် နိုင်ငံရေးအရ တာဝန်ယူဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာများကို ခွဲဝေဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ရပ်ကွက်ကျေးရွာအဆင့်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ ပေးအပ်ထားခြင်း ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု အဆင့်ဖွဲ့စည်းပုံအခြေခံဥပဒေမှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရည် အချင်းပြည့်ဝနေရန်လိုကြောင်း၊ အုပ်ချုပ်ရေးတာဝန် ယူထားသူများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းနေရန်လိုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူများအနေဖြင့် အရည်အချင်းပြည့်ဝရန် လိုအပ်သကဲ့သို့ အုပ်ချုပ်မှုအတတ်ပညာ၊ ဥပဒေနှင့် ဒေသဖွံ့ဖြိုးရေးအမြင်များ ရှိရန်လိုကြောင်း။

 

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမဖြစ်မနေဖော်ဆောင်ပေးရမည်

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ် လူသားအရင်းအမြစ်ကောင်းများကို မဖြစ်မနေ ဖော်ဆောင်ပေးရမည်ဖြစ်ပြီး စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ပညာတတ်များ ရှိမှသာလျှင် နိုင်ငံ့အနာဂတ်အတွက် စိတ်ချရမည်ကို အမြဲတမ်း ခံယူထားရန် လိုအပ်မည်ဟု ပြောလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးနှင့် ပတ်သက်၍ လွတ်လပ်ရေး မရမီကတည်းကပင် အားနည်းချက်များရှိခဲ့ကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်း အထောက်အထားများကို လေ့လာကြည့်မည်ဆိုပါက သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ရှေးဘုရင်များ လက်ထက်က ဥရောပနိုင်ငံများသို့ ပညာတော်သင်များစေလွှတ်ခဲ့သည့် သမိုင်းမှတ်တမ်းများလည်း ရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ရှေးဘုရင်များခေတ်က နိုင်ငံတော်၌ ကျင့်သုံးခဲ့သည့် ပညာရေး စနစ်များ နှင့် ခေတ်အဆက်ဆက်၌ ကျင့်သုံးခဲ့သည့် ပညာရေးစနစ်များကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပညာရေးအားနည်းမှုများနှင့်ပတ်သက်ပါက ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်၍ မြှင့်တင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေချိန်အတွင်း ပညာရေးနှင့်ပတ်သက်၍ များစွာမြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပညာရေး ညီလာခံများလုပ်ဆောင်ရာ၌ အကြောင်းအရာ ဖော်ထုတ်ချက်များအပြင် ပညာရေးနှင့်ပတ်သက်၍ မည်ကဲ့သို့မြှင့်တင်ဆောင်ရွက်မည်ကို လက်တွေ့ ကျကျ ဆုံးဖြတ်ဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် ကျောင်းသား ကျောင်းသူများကိုလည်း နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကို သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ပြီး အကျိုးရလဒ်များကိုတွေ့မြင်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးနှင့် ပတ်သက်ပါက ရေရှည်အနာဂတ် အကျိုးကိုကြည့်၍ စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အများစုအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုများလည်းရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာသင်အထက်တန်းကျောင်းများကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများ အထိုက်အလျောက်ရရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေး နယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း။

 

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့ချိန်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာအချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် စာမေးပွဲပြန်လည်ဖြေဆိုရန် စီစဉ်ဆောင်ရွက် ခဲ့ရကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည့်အတွက် ပြန်လည်ဖြေဆိုမှု မဆောင်ရွက်စေဘဲ ဖြေလျှော့မှုဖြင့် စာမေးပွဲအအောင်ပေးရန် ပြောဆိုမှုများရှိကြောင်း၊ သို့သော် သိက္ခာရှိသည့် အောင်မြင်မှုမျိုးနှင့် နိုင်ငံတကာစံချိန်စံနှုန်းများအရ စာမေးပွဲ ပန်လည်ဖြေဆိုရန် မိမိတို့ အနေဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း စာမေးပွဲ ပြန်လည် ဖြေဆိုရမည့်ဒေသများ၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် အဆင်ပြေချောမွေ့မှုရှိစေရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ မေလ ၂၂ ရက်နေ့ဆိုပါက ကျောင်းအပ်နှံရေး ရက်သတ္တပတ်စတင်ပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအလိုက် ကျောင်းများ အားလုံးဖွင့်လှစ်နိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ နှောင့်ယှက်မှုများမဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေး ကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေမည်ဆိုပါက ထိုသို့ဆောင်ရွက်နေသည့်နေရာ ဒေသများသည် အခြားဒေသများ၏နောက်တွင် ကျန်နေခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ အနေဖြင့်လည်း ၎င်းကဲ့သို့ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေခြင်းသည် မိမိတို့အနာဂတ်ကို မိမိတို့ ဖျက်ဆီးနေသည်ကို အသိရှိရန်လိုကြောင်း။

 

ကျန်းမာရေးကဏ္ဍအားပေးမြှင့်တင်

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ နေ့စဉ်လူမှုဘဝ လှုပ်ရှားမှုများ၌ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် နေထိုင်သွားလာ လှုပ်ရှားမှုများ မရှိသည်ကို တွေ့မြင်ရပြီး ကျန်းမာရေးအသိအမြင်များ အားနည်းမှုများ ရှိနေဆဲဖြစ်ကြောင်း၊ အချို့သော ဒေသများ၌ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကြောင့် ကျန်းမာရေးအရ အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပါက ကျန်းမာရေးဝန်ထမ်းများအပြင် ကျန်းမာရေးနှင့် နှီးနွှယ်သည့်သူများ၊ ပြည်သူများအားလုံး အတူတကွဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ “လူ့အသက်ထက် အရေးကြီးသည်မှာ ဘာမျှ မရှိ၊ “ဆေးရုံတိုင်း ဆရာဝန်ရှိရမည် စသည့်မူဝါဒများ ချမှတ်၍ ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးခြင်း၊ အထောက်အကူပြု ပစ္စည်းများ ဖြည့်ဆည်းပေးခြင်းတို့ဖြင့် အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ မိမိတို့ စတင်တာဝန်ယူခဲ့စဉ် နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် လုပ်ငန်းခွင်စွန့်ခွာမှုများရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း အများစုလည်း ပါဝင်ခဲ့ကြောင်း၊ ကိုဗစ် - ၁၉ ဖြစ်ပွား နေစဉ်ကာလနှင့် နိုင်ငံရေးပဋိပက္ခများဖြစ်ပေါ်နေ စဉ်ကာလဖြစ်သဖြင့် ယင်းအကျပ်အတည်းကို မိမိတို့အနေဖြင့် ရှိသည့်အင်အားများကိုစုစည်း၍ ကြိုးပမ်းဆောင်ရွက်ကာ ကျော်လွှားခဲ့ရကြောင်း၊ တပ်မတော်သား ဆရာဝန်၊ ဆေးမှူးများကိုလည်း နိုင်ငံအနှံ့သို့ စေလွှတ်၍ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ အရေးကြီးသည်မှာ ပြည်သူများ၏ ကျန်းမာရေးကိစ္စများ အဆင်ပြေစေရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ များစွာဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆေးရုံ အဆောက်အအုံများ၊ မြေနေရာများနှင့် ပတ်သက်၍လည်း လိုအပ်သည်များဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေး၊ ကျန်းမာရေးတို့နှင့် ပတ်သက်ပါက လိုအပ်သည်များကို ဖြည့်ဆည်းမြှင့်တင်ပေးသွားရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန် ရှိသူများ အနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုအပ်မည်ဖြစ်ကြောင်း။

 

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကြိုတင်ပြင်ဆင်ထားရှိရန်လို

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့ နိုင်ငံအနေဖြင့် သဘာဝဘေးဒဏ်ကို များစွာကြုံတွေ့ ခဲ့ရကြောင်း၊ ကပ်ရောဂါကြုံတွေ့ရမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ပဋိပက္ခများကြုံတွေ့ရမှု၊ ငလျင် ဘေးဒဏ်ကြုံတွေ့ရမှု စသည်တို့ဖြင့် နိုင်ငံတော်အနေဖြင့် ဆုံးရှုံးခဲ့ရမှုများစွာဖြစ်ပေါ်ခဲ့ရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း တစ်ဦးချင်းထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရမှုများရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလီယံဖိုး ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အစိုးရဘတ်ဂျက်မှ ငွေကျပ် ၇၃ ဒသမ ၇၉၇ ဘီလီယံကျော်ဖိုး ပြန်လည်ပြုပြင်ထောက်ပံ့ပေးခဲ့ကြောင်း၊ ပြည်သူတို့၏ ကုန်ကျမှုများ မပါရှိသေးဘဲ နိုင်ငံတော်မှ ကုန်ကျမှုသီးသန့်ပင်ဖြစ်ကြောင်း၊ ထို့အတူ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၅၄ ဒသမ ၈၀၇ ဘီလီယံ ထောက်ပံ့ပေးခဲ့ရကြောင်း၊ မတ်လ ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင် ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအနေဖြင့် ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံရှိခဲ့ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်များ ကြုံတွေ့ခဲ့ရခြင်းမရှိပါက မိမိတို့ အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သဘာဝ ဘေးဒဏ်များအပြင် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ထိခိုက်သေဆုံးခဲ့ ရမှုများ၊ နိုင်ငံပိုင်လမ်း၊ တံတားအဆောက်အအုံများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရမှုများ များစွာရှိခဲ့ကြောင်း၊ ယင်းတို့သည် တိုင်းပြည်အတွက် အရှုံးများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများ အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင်မှု ကောင်းစွာဖြင့် ကာကွယ်နိုင်ရန်လိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုများသည်လည်း ကြီးမားသည်ဖြစ်သည့်အတွက် ငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်း။

 

စီးပွားရေးနှင့်ပတ်သက်၍ နိုင်ငံတစ်ခုတိုးတက်ရန်အတွက် စီးပွားရေးအရ အားကောင်းရန် လိုအပ် မည်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းအောင်ဆောင်ရွက်ရန်အတွက် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ရှိကြောင်း၊ နိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများထက် လျော့နည်းလျက်ရှိသဖြင့် မိမိတို့ အနေဖြင့် ယခုထက်ပိုမိုကြိုးပမ်းဆောင်ရွက်သွားရဦးမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်မူဝါဒကိုသာ ချမှတ်ပေးမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်အောင်ဖန်တီးပေးရန်နှင့် တိုက်တွန်းပေးရန်မှာ အစိုးရတွင် တာဝန်ရှိပြီး မိမိတို့အနေဖြင့် ချေးငွေများထုတ်ပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်းတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လုပ်ငန်းများ ထိုက်သင့်သလောက် အောင်မြင်မှုမရှိခဲ့ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိသေးသည်ကို တွေ့ရကြောင်း၊ ဆီထွက်သီးနှံနှင့် ပတ်သက်၍လည်း အထွက်နှုန်းအားနည်း နေဆဲဖြစ်ပြီး ပြည်ပမှ တင်သွင်းနေရဆဲပင်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် မပြည့်မီခြင်းကြောင့် နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ခန့် လျော့နည်းခဲ့သည်ကို တွက်ချက်မှုများအရ တွေ့ရှိရကြောင်း၊ သီးထပ်စွမ်းအားများ ရာနှုန်းပြည့် ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါကလည်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရေခံမြေခံကောင်းများနှင့် လုပ်အား အရင်းအမြစ်များရှိပြီးဖြစ်သော်လည်း အမှန်တကယ် အလုပ်လုပ်ခြင်းမရှိသဖြင့် ဝင်ငွေနည်းရခြင်း ဖြစ်ကြောင်း၊ ငွေကြေးဈေးနှုန်းများ မတည်မငြိမ် ဖြစ်ရခြင်းနှင့်ပတ်သက်၍လည်း အချက်တစ်ချက် အနေဖြင့် စဉ်းစားရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဝင်ငွေတိုးတက်အောင် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဆိုပါက ငွေကြေးဈေးနှုန်းများ တက်လာမည် မဟုတ်သကဲ့သို့ ကုန်ဈေး နှုန်းများလည်း တိုးမြှင့်လာမည်မဟုတ်သဖြင့် မိမိတို့အနေဖြင့် အလုပ်ကို အမှန်တကယ် လုပ်ကြရန်နှင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်းနှင့်ပတ်သက်၍ အဖြေရှာရန်လိုပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအား နှင့်ရောင်းလိုအား မမျှတခြင်း တို့ကို ဖြေရှင်းနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုတိုးမြှင့်အောင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။

 

လျှပ်စစ်စွမ်းအား လုံလောက်စွာရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှုတိုးတက်ကောင်းမွန်စေရေး

လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လိုအပ်ချက်ရှိခဲ့ပြီး အချိန်တိုအတွင်း လျှပ်စစ် ရရှိနိုင်ရန် ဆိုလာစွမ်းအင်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက် သမားများအနေဖြင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်၍ မရနိုင်စေရေး စက်ရုံ၊ အလုပ်ရုံများ၊ ဓာတ်အားပေး တိုင်များအား ဖျက်ဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ဆောင်ရွက်လျက်ရှိသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ကြိုးပမ်း ဆောင်ရွက်၍ လျှပ်စစ်စွမ်းအားပေးနိုင်ရေး အစွမ်းကုန်ဆောင်ရွက်လျက်ရှိသဖြင့် မိမိ အနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လည်း အကြမ်းဖက်သမားများ၏ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများကို ရက်ပိုင်းအတွင်း၊ နာရီပိုင်း အတွင်း ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို အမြန်ဆုံး ကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်မှုမရှိပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိအောင်ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိမည်ဖြစ်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထုက ယုံကြည်မှုရှိပြီး အားကိုးရသည့် အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ သမိုင်း ကြောင်းကောင်းကို ရေးထိုးနိုင်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်အကျဉ်းချုပ်၊ ဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍဆိုင်ရာများတွင် လုပ်ငန်းဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ အထွေထွေ တင်ပြချက်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ညှိနှိုင်းအစည်းအဝေးပထမနေ့ကို ညနေပိုင်းတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်