နေပြည်တော် မေ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးသည်။
ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်း ကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်နေသူများ မရှိစေရေး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မဲခေါင်မြစ် ကြောင်း လုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေး၊ တရားမဝင်လူကုန်ကူးမှုများ မရှိစေရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိမှု၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်မှုနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မှုနှင့် အခြား လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။
ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲဂရုပြုနေရန်နှင့် အလေးအနက်ထား ဆောင်ရွက်သွားရန်လို
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တပ်များအလိုက် မိမိတို့ တာဝန်ယူထားရသည့် နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေ စိုးမိုးရေးလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေးနှင့်ပတ်သက်လာပါက အစဉ်အမြဲ ဂရုပြုနေရန်နှင့် အလေးအနက်ထား ဆောင်ရွက် သွားရန်လိုကြောင်း၊ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်း ရည်၊ တိုက်စွမ်းအား ပြည့်ဝနေရန်လိုအပ်မည်ဖြစ်ပြီး တစ်ဦးချင်းစီအလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည် ဖြစ်သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်းများကလည်း အမြဲမပြတ်လေ့ကျင့်ပေး နေရန်လိုအပ်မည် ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ခေါင်းဆောင်များ ကိုယ်တိုင်က စည်းကမ်းကောင်းမှသာလျှင် စည်းကမ်းကောင်းမွန်ပြီး တိုက်စွမ်းရည်တိုက်စွမ်းအားကောင်းမွန်သည့်တပ်များ ဖြစ်လာမည် ဖြစ်ကြောင်း။
တပ်ဌာနချုပ်များ၊ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နယ်မြေဒေသ၏ မြေအနေအထားနှင့် သတင်းအချက်အလက်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာများ၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားမှသာလျှင် အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်သင့်သည်များကို မှန်မှန်ကန်ကန်ဆောင်ရွက်နေမည်ဆိုပါက မည်သည့် စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုမဆို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
တပ်မိသားစုဝင်များ၏ သက်သာချောင်ချိရေးဖြည့်ဆည်းဆောင်ရွက်ပေးရမည်
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ထောက်ပံ့ငွေများကို တိုးမြှင့်ပေးလျက်ရှိ ကြောင်း၊ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ပေးခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကို ဖော်ဆောင်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ အနီးကပ်ကြပ်မတ် ကွပ်ကဲနေရသည့်တပ်မှူးများအနေဖြင့် မိမိတပ်နှင့် မိမိစစ်သည်များ၏ လုပ်ငန်းခွင် အခက်အခဲများ၊ အုပ်ချုပ်မှုဆိုင်ရာအခက်အခဲများနှင့် စားဝတ်နေရေးဆိုင်ရာ အခက်အခဲများကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲခတ်သိရှိနေရန်လိုပြီး တတ်နိုင်သရွေ့ ဖြေရှင်းဆောင်ရွက်ပေးနိုင် ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်တစ်ဦးချင်း၏ စားရေး၊ နေရေး၊ ဝတ်ရေး၊ ကျန်းမာရေးတို့ကို အတိုင်းအတာ တစ်ခုအထိ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ဖြစ်သည့်အတွက် ၎င်းတို့၏ လူနေမှုဘဝ မြှင့်တင်ရေးနှင့် စည်းကမ်းစနစ်တကျ နေထိုင်သွားလာစားသောက်မှု ဖြစ်စေရေးအတွက် အနီးကပ် ကွပ်ကဲနေရသည့် တပ်မှူးများက ထိန်းသိမ်းတည့်မတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။
စစ်သည်တစ်ဦးချင်းအနေဖြင့် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို ပိုင်နိုင်စွာ တတ်မြောက်ရမည်၊ တပ်ဆင်ပေးထားသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်၊ ရဲစွမ်းသတ္တိ ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက အရည်အချင်းရှိသည့် တပ်ရင်း၊ တပ်ဖွဲ့များ ဖြစ်လာမည် ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုး စီးပွား ဖော်ဆောင်ရေးတို့ကိုလည်း သက်ဆိုင်ရာ နယ်မြေအလိုက်ရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ အနေဖြင့် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်