နီဇော်သစ်

ပြီးခဲ့သည့်အပတ်က ပြောခဲ့သော ရုပ်ကြွင်းလောင်စာတို့၏ ခေတ်သို့ရောက်ရှိလာရခြင်း၏ အဓိကအကျဆုံး အကြောင်းရင်းမှာ ICE ဟု အတိုကောက်ခေါ်သည့် Internal Combustion Engine နည်းပညာအဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်။ ယင်းမှာ လက်ရှိနေရာအနှံ့တွင် တွေ့မြင်နေရသည့် ဓာတ်ဆီ၊ ဒီဇယ်အင်ဂျင်များပင်ဖြစ်သည်။ သူ့အတိုင်းဆိုလျှင် အတွင်းလောင်ကျွမ်းအားသုံး အင်ဂျင်ဟုဆိုနိုင်သည်။ လောင်စာကို လောင်ကျွမ်းစေရာမှ ထိန်းချုပ်ထားသည့် ပေါက်ကွဲအားနှင့် လေအားကို သုံးပြီး မော်တာကိုလည်ပတ်စေသည့် နည်းဟု အလွယ်မှတ်နိုင်၏။ ရေနွေးငွေ့ အင်ဂျင်ကြီးများနှင့်မတူ။ အပူစွမ်းအင်ဖြင့် ရေနွေးငွေ့တွန်းအားကိုဖြစ်စေပြီး စက်စွမ်းအင်သို့ ပြောင်းရခြင်းမျိုးမဟုတ်၍ နေရာကျုံ့သွားသည်။

ထို့ကြောင့် လောင်ကျွမ်းအားသုံး အင်ဂျင်များ သို့မဟုတ် ပေါက်ကွဲအားသုံး အင်ဂျင်များသည် မော်တော်ကား၊ ဘတ်စ်ကား၊ ရထား၊ သင်္ဘော၊ လေယာဉ် စသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း သုံး ယာဉ်များအပြင် မြက်ရိတ်စက်များ၊ လက်ကိုင်လွှစက်များ၊ လယ်ထွန်စက် များမှသည် ဆောက်လုပ်ရေးသုံးကိရိယာများ၊ မီးစက်များအထိ နယ်ပယ်ကျယ်ပြန့်စွာ ပါဝင်ပတ်သက်လာခဲ့သည်။ စိုက်ပျိုးရေးမှ စစ်သုံးအထိ၊ ထောက်ပံ့ပို့ဆောင် ရေးမှ ဇိမ်ခံပစ္စည်းများအထိ ကဏ္ဍတိုင်း လိုလိုသည် အဆင့်တစ်ခုမဟုတ်တစ်ခုတွင် အဆိုပါ ထိန်းချုပ်ပေါက်ကွဲအားသုံး အင်ဂျင်များကိုသုံးလာရာ နောက်ဆုံး အာကာသသို့သွားသည့် ဒုံးပျံများသည်လည်း ထိုနည်းပညာကိုပင် သုံးထားခြင်း ဖြစ်သည်။

ထိုသို့ နေရာစုံတွင် သုံးနိုင်သော်လည်း အကျယ်ပြန့်ဆုံး ရိုက်ခတ်ခဲ့သည့် နယ်ပယ်မှာ မော်တော်ကားလောကဖြစ်သည်။ ဟင်နရီဖို့ဒ်က ၁၉၀၈ ခုနှစ်တွင် မိုဒယ်လ်-တီကို စတင်တီထွင်ပြီး ၁၉၁၃ ခုနှစ်တွင် အလုံးအရင်း ထုတ်လုပ်လာခြင်းက ဓာတ်ဆီအင်ဂျင်များ လူသုံးများ လာသည်ဟု ဆိုနိုင်သည်။ ယခင်က ပေါ်ထွက်ခဲ့သည့် ကားများနှင့်ယှဉ်လျှင် ဈေးသက်သာပြီး စီးလို့လည်းပိုကောင်း သည့် မော်တော်ကားများကို လူအများက ဝယ်ယူအားပေးခဲ့ခြင်းသည် ကား လောကတစ်ခုတည်းကို သာမက လောင်ကျွမ်းအင်ဂျင်နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ကဏ္ဍများဖြစ်သည့် ရေနံချက်လုပ်ငန်း၊ လမ်းတံတားလုပ်ငန်း၊ မိုတယ်များ၊ ဓာတ်ဆီဆိုင်များ စသည့် လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာသလို ဆင်ခြေဖုံး အိမ်ခြံမြေ ဈေးကွက်ကြီးကိုလည်း စတင်ပေါ်ပေါက် လာစေသည်။ အမေရိကန်စီးပွားရေး သမိုင်းပညာရှင် ပေါလ်ဒေးဗစ်က “အထွေထွေသုံးနည်းပညာအစစ်တစ်ခုက တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေး ချိတ်ဆက်မှုတွေအကုန်လုံးကို ပြောင်းပစ် လိုက်နိုင်တယ်။ ပေါက်ကွဲအားသုံး အင်ဂျင်တွေလုပ်ခဲ့တာ အဲဒီအတိုင်းပဲ” ဟု သုံးသပ်ခဲ့ဖူးသည်။

ပေါက်ကွဲအားသုံး အင်ဂျင်များ၏ ပါဝါပြန်လည် ဖြန့်ဝေမှုကိုကြည့်လျှင် လူမှုစီးပွားနယ်ပယ်၌ ကြီးကြီးမားမား အကျိုးသက်ရောက်ခဲ့သည်ကို တွေ့နိုင်သည်။ ရေနွေးငွေ့အင်ဂျင်များပေါ်လာ စဉ်က မြို့ပြအသိုင်းအဝိုင်း ကြီးထွားလာစေခဲ့ပြီး လျှပ်စစ်နည်းပညာပေါ်လာချိန်တွင် အစိုးရ၏ ကျေးလက်မီးရရှိရေး စီမံကိန်းများကြောင့် လယ်ယာလုပ်ငန်း တိုးတက်ကာ ကျေးလက်များ ပြန်လည်စည်ကားခဲ့ကြောင်း ရှေ့တွင်ပြောခဲ့သည်။ ယခု ဓာတ်ဆီ/ဒီဇယ် အင်ဂျင်များပေါ်လာ ချိန်တွင်မူ ထွန်စက်၊ ခြွေလှေ့စက်၊ ရိတ်သိမ်းစက်များက စိုက်ပျိုးမြေများပေါ်မှ လူ့လုပ်အားကို အပြီးတိုင်ဖယ်ရှားလိုက်ရာ သန်းနှင့်ချီသောလုပ်သားတို့ စက်ရုံအလုပ်များလုပ်ရန် မြို့ပြများသို့ ပြောင်းရွှေ့လာကြရသည်။

တစ်ဖက်တွင် မြို့ပြနေထိုင်မှုပုံစံလည်း အသွင်ဆန်းလာသည်။ လူလတ်တန်းစားတို့ မော်တော်ကားစီးလာနိုင်ချိန်တွင် အလုပ်အသွားအပြန် အဆင်ပြေလာသောကြောင့် ဆင်ခြေဖုံးအရပ်များ၌ ခြံဝင်းများဖြင့် နေလာကြသည်။ အိမ်ခြံမြေလုပ်ငန်း အရှိန်ကောင်းလာသည်။ လုပ်သားဈေးကွက်တွင် ကျား၊ မခွဲခြားမှု ကျဆင်းသွားသည်။ အမျိုးသမီးများလည်း သွားလာရေးအဆင်ပြေလာ၍ပင်။ ထို့ကြောင့် လုပ်သားဈေးကွက် ပိုမို ကျယ်ပြန့်သွား၏။ ကားဖြင့် ခရီးသွားခြင်းကဲ့သို့ လူငယ်ယဉ်ကျေးမှုထွန်းကားလာသည်။ လူထုရွေ့လျားနိုင်စွမ်း မြင့်တက်သွားခြင်းကြောင့် ကိုယ်ဝယ်လိုသည့်ပစ္စည်းကို အဆင်ပြေသည့်နေရာတွင် သွားဝယ်နိုင်ရာ စားသုံးသူ လွတ်လပ်ခွင့် မြင့်တက်သွားသည်။ နည်းပညာ-စီးပွားရေး ပါရာဒိုင်းအရွေ့ သဘောတရားကို သုတေသနလုပ်ခဲ့သည့် နည်းပညာ လူမှုစီးပွားပညာရှင် ကာလိုတာပီရက်ဇ်က “တကယ့် နည်းပညာကြီးတွေအားလုံးဟာ ကျွန်မတို့ ဘာလုပ်လဲဆိုတာကိုသာ ပုံဖော်ပေး တာမဟုတ်ပါဘူး။ ကျွန်မတို့ ဘယ်လို နေထိုင်လဲ၊ ဘဝကနေ ကျွန်မတို့ ဘာတွေ မျှော်လင့်ထားလဲ ဆိုတာတွေကိုပါ ပုံဖော်ပေးပါတယ်။ ကားအင်ဂျင်တွေက အဲဒါတွေအကုန်လုံးထက်တောင် ပိုပြီး လုပ်ခဲ့တာပါ”ဟု မှတ်ချက်ပြုထားသည်။ ပေးဆပ်ခဲ့ရသည်တို့ကတော့ သိကြသည့် အတိုင်းပင် လေထုညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ ဖြစ်သည်။

အလားတူ နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေး ပါဝါပြန်လည်ဖြန့်ဝေမှုတွင်လည်း အကျိုးသက်ရောက်မှုကြီးမားသည်။ ပေါက်ကွဲအားသုံးအင်ဂျင်များသည် အတောမသတ်နိုင်သော ရေနံ လိုအပ်ချက်ကို တောင်းဆိုနေရာ ရေနံကြွယ်ဝသောဒေသများသို့ ပါဝါများရွေ့လာသည်။ ဆော်ဒီအာရေဗျ၊ အီရန်၊ ဗင်နီဇွဲလားနှင့် နောက်ပိုင်း ရုရှားတို့သည် ခေတ်သစ်ကမ္ဘာကို ပါဝါပေးမည့်လောင်စာတို့ကို ထိန်းချုပ်ထားနိုင်ရာ ပထဝီနိုင်ငံ ရေးအားသာချက်များစွာ ရလာသည်။ ကိုလိုနီအင်ပါယာကြီးများသည် ရေနံကို အဓိကထား ရှာဖွေလာကြသည်။ အမေရိကန်ပြည်ထောင်စုသည် ပြည်တွင်းရေနံအရန်အင်အား၊ ကားထုတ်လုပ် မှုကိုဦးဆောင်နေခြင်းနှင့် ရေနံဒေါ်လာ ဖြစ်စေခဲ့ခြင်းတို့ကြောင့် တစ်ကမ္ဘာလုံး ကို ခြုံလွှမ်းနိုင်သော ကမ္ဘာ့ပါဝါဖြစ်လာ သည်။ တစ်ချိန်က ကမ္ဘာ့ရေးရာများတွင် ဘေးရောက်နေခဲ့သော အရှေ့အလယ် ပိုင်းဒေသသည် ထိုအချိန်မှစ၍ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ သံတမန်ရေး နှင့် စစ်ရေးတို့တွင် အခရာကျလာသည်။ 

ပေါက်ကွဲအားသုံး အင်ဂျင်များ ထွန်းကားလာချိန်ကိုကြည့်လျှင် ရှေ့မှအထွေထွေသုံး နည်းပညာတစ်ရပ်ဖြစ်သည့် လျှပ်စစ်နည်းပညာ ရင့်ကျက်တည်ငြိမ်လာသည့် အချိန်ဖြစ်သည်။ တစ်နည်းပြောရလျှင် လျှပ်စစ်နည်းပညာက တွန်းတင်ပေးခဲ့သည့် ဒုတိယမြောက် စက်မှုတော်လှန်ရေး နှောင်းပိုင်းကာလဟု ဆိုနိုင်သည်။ အဆိုပါ ၁၉၂၀ ပြည့် လွန်နှစ်များမှ ၁၉၅၀ ပြည့်လွန်နှစ်များ အတွင်း ပေါက်ကွဲအားသုံးအင်ဂျင်များ၏ သက်ရောက်မှုဖြင့် မော်တော်ကား တော်လှန်ပြောင်းလဲမှု၊ လေကြောင်း တော်လှန်ပြောင်းလဲမှုတို့သာ ဖြစ်ခဲ့သည် မဟုတ်။ ရင့်ကျက်နေပြီဖြစ်သော လျှပ်စစ်နည်းပညာ၏ အမွေခံများဖြစ် သည့် တယ်လီဖုန်း၊ ဝိုင်ယာလက်၊ ရေဒီယို တို့လို ဆက်သွယ်ရေးနည်းပညာများ၊ အိမ်သုံး၊ ရုံးသုံး လျှပ်စစ်ပစ္စည်းများ ထွန်းကားလာသည့် ခေတ်လည်းဖြစ်သည်။ ဆေးဝါးတို့ တိုးတက်ပြောင်းလဲ လာသည့်ခေတ်၊ ပလတ်စတစ် ထွန်းကား လာသည့်ခေတ်လည်းဖြစ်သည်။ စည်သွတ်ဘူး၊ အေးခဲအစားအစာ၊ အသင့်စား အစားအစာတို့ ပေါ်ထွက်လာသည့် ခေတ်လည်းဖြစ်သည်။ ထိုနည်းပညာများကလည်း တတိယမြောက်စက်မှုတော်လှန်ရေးဖြစ်လာစေရန် ပါဝင်ပံ့ပိုးပေးခဲ့သည်။

ပထမကမ္ဘာစစ် အလှည့်အပြောင်းတွင် ထွန်းကားတိုးတက်လာသော ပေါက်ကွဲအားသုံး အင်ဂျင်နည်းပညာသည် ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံအသီးသီးအတွက် သက်ဆိုင်ရာ သင်္ကေတများဖြစ်လာသည်ဟု ဆိုနိုင်သည်။ ဥပမာ အမေရိကန်ပြည်ထောင်စုအတွက် မော်တော်ကားတို့သည် လွတ်လပ်မှု၏ သင်္ကေတဖြစ်သည်။ စစ်ရှုံးနိုင်ငံများဖြစ်ကြသည့် ဂျာမနီနှင့် ဂျပန်တို့အတွက် မော်တော်ကားတို့သည် ပြန်လည်ထူထောင်ရေး သင်္ကေတ ဖြစ်သည်။ ယခုအချိန်ထိ ကမ္ဘာ့ဈေးကွက်တွင် ဂျပန်နိုင်ငံထုတ် မော်တော်ကားများ ကြီးစိုးနေဆဲဖြစ်သည်ကို မြင်နိုင်သည်။ တစ်နည်းအားဖြင့် လူသားတို့သည် ဆန်းသစ်တီထွင်ခြင်း သဘောတရားကို ရှာဖွေတွေ့ရှိသွားသည့် ကာလလည်း ဖြစ်သည်။ ဆန်းသစ်တီထွင်ခြင်းဆိုသည်မှာ တီထွင်ခြင်းနှင့်မတူ။ မရှိသေးသော နည်းပညာများကို ရှာဖွေဖော်ထုတ်ခြင်းမျိုးမဟုတ်ဘဲ ရှိပြီးသားနည်းပညာများ ကို ပေါင်းစည်း၍ ပုံစံသစ်တစ်ခုအဖြစ် ထိထိရောက်ရောက် အသုံးချကာ ကမ္ဘာ့ ပြဿနာများကို  ဖြေရှင်းသည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် ပေါက်ကွဲအားသုံး အင်ဂျင်နည်းပညာ ထွန်းကားလာသည့် ကာလအတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင် ပါဝါပြန်လည်ဖြန့်ဝေရုံ သာမကတီထွင်မှုဆိုင်ရာ သဘောတရား ပိုင်းတွင်လည်း ပါဝါပြန်လည်ဖြန့်ဝေမှု ကို စတင်မြင်တွေ့လာရသည်ဟု ဆိုနိုင်ပါသည်။ ။