လော့စ်အန်ဂျလိစ် ဇွန် ၉
ရွှေ့ပြောင်းအခြေချနေထိုင်သူများကို နှိမ်နင်းမှုများလုပ်ဆောင်နေသည့်အပေါ် ကန့်ကွက်ဆန့်ကျင် ဆန္ဒပြနေသူများအား ဖြိုခွင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်အရ အမေရိကန် အနောက်ပိုင်း လော့စ်အန်ဂျလိစ်မြို့တွင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များကို ဖြန့်ကြက်ချထား ကြောင်း သိရသည်။
ဇွန် ၆ ရက်က အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနသည် မြို့တော်အတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများကို အကြီးအကျယ်နှိမ်နင်းဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သည်။ အဆိုပါ ဖြိုခွင်းမှုများကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး တချို့ဆန္ဒပြသူများ သည် အကြမ်းဖက်အသွင်ကူးပြောင်းခဲ့သည်။
ဇွန် ၇ ရက် ညနေပိုင်းမှစပြီး တစ်ညလုံး လော့စ်အန်ဂျလိစ်မြို့လယ်ရှိ လမ်းများတွင် ဆန္ဒပြသူ ၁၂၀ ခန့်ရှိကြောင်း အေဘီစီသတင်းနှင့် တခြားအမေရိကန်မီဒီယာများတွင် ဖော်ပြခဲ့သည်။ ဆန္ဒပြသူအချို့သည် အာဏာပိုင်များ၏ အမိန့်ကိုမနာခံခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ကို တပ်ဖြန့်ချထားရန် အမိန့်ပေး ခဲ့သည်။ တချို့သည် ဇွန် ၈ ရက်တွင် မြို့လယ်ကောင်သို့ ရောက်ရှိနေကြသည်။
အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် ပုံမှန်အားဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ကွပ်ကဲမှုအောက် တွင်ရှိသော်လည်း အရေးပေါ်အခြေအနေတွင် အမေရိကန်သမ္မတက ၎င်းတို့ကိုခေါ်ယူပိုင်ခွင့်ရှိသည်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးစ်ကမ်က မစ္စတာ ထရမ့်၏လုပ်ဆောင်ချက် သည် တင်းမာမှုများကို ပိုမိုတိုးလာနိုင်စေကြောင်း ပြောကြားခဲ့ပြီး လော့အန်ဂျလိစ်မြို့တော်ဝန် ဘတ်စ်က တပ်ဖြန့်ချထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ