ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မပျက်စေဘဲ အဆင့်ဆင့် အောင်မြင်စွာ တက်လှမ်းနိုင်ရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေးကို သုံးကြိမ်ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မတိုင်မီတွင် ညီလာခံ သုံးကြိမ် ထပ်မံကျင်းပရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ငြိမ်းချမ်းရေးအတွက် အရေးပါသော အဆိုပါညီလာခံကြီးများကို တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပရာမှ နှစ်ကြိမ်၊ သုံးကြိမ် တိုးတက်ကျင်းပကာ အရေးကြီးသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများအား အပြီးအပြတ်ချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။ ယင်းသို့ ဆောင်ရွက်ခြင်း သည် အများပြည်သူ မျှော်မှန်းထားသော အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံ အုတ်မြစ်များကို ခိုင်ခိုင်မာမာ စိုက်ထူထားနိုင်ရေး ဖြစ်သည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတွင် ငြိမ်းချမ်းရေးသည် အဓိကကျသော အခန်းကဏ္ဍ ဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးများကို အရှိန်အဟုန်မပျက်ကျင်းပကာ ပြည်ထောင်စု အတွက် အခြေခံမူများ စနစ်တကျ စိုက်ထူလျက်ရှိသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးတွင် အပစ်အခတ်ရပ်စဲရေး၊ NCA တွင် လက်မှတ်ရေးထိုးရေး၊ လက်မှတ်ရေး ထိုးပြီးနှင့် လက်မှတ်မထိုးရသေးသောအဖွဲ့များ အလွတ်သဘောဆွေးနွေးရေးမှာ အရေးပါသဖြင့် နေရာဒေသအလိုက် မကြာခဏ ဆွေးနွေးနေကြသည်ကို တွေ့ရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး၊ နိုင်ငံတော်အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည် စတင်နိုင်ရေးအတွက် ပြီးခဲ့သည့်ရက်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးကို ယမန်နှစ် ဇူလိုင်လက ကျင်းပခဲ့ပြီးနောက် ကြားကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်၍မနေဘဲ ဤကဲ့သို့သော အလွတ်သဘောဆွေးနွေးပွဲများ၊ သီးခြားတွေ့ဆုံဆွေးနွေးပွဲများ မကြာခဏ ကျင်းပကာ မျက်ခြည်မပြတ် ကြိုးပမ်းအားထုတ်နေသည်မှာ တိုးတက်ကောင်းမွန်သော လက္ခဏာများဖြစ်သည်။
ထိုသို့ ကြိုးပမ်းအားထုတ်နေချိန်တွင် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မတွန့်ဆုတ်ရေးအတွက် ပြည်ထောင်စုအကျိုးကို မျှော်ကိုးကာ ဝိုင်းဝန်း ညှိနှိုင်းအဖြေရှာကြရမည် ဖြစ်သည်။ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများကို သာမန်မျှသာဟု ယူဆနိုင်သော်လည်း မိမိတို့၏ ထင်မြင်ချက်များကို လွတ်လွတ်လပ်လပ်ပြောနိုင်၊ ဆိုနိုင်ကြသဖြင့် အရေးပါသည့် လိုအပ်သော အစည်းအဝေးများဖြစ်သည်။
လတ်တလောတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တုံ့ဆိုင်းနေသည်ဟု ဆိုသော်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ၊ တစ်ဖွဲ့ချင်း တွေ့ဆုံညှိနှိုင်းမှုများ ရှိနေမည်ဖြစ်ပြီး ယခုအခါ ငြိမ်းချမ်းရေး ကော်မရှင်နှင့် သော်လည်းကောင်း၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် သော်လည်းကောင်း၊ တပ်မတော်နှင့် သော်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလာမည်ဟု မျှော်လင့်ပါသည်။
နိုင်ငံတော်အစိုးရ၏ ရေရှည်မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်း လာရေး ကြိုးပမ်းအားထုတ်နေမှုများသည် တိုင်းရင်းသားပြည်သူများ အနာဂတ် အာမခံချက်ရှိသည့် ရှင်သန်ဖွံ့ဖြိုးမှုများ ဖြစ်ထွန်းလာရေးဖြစ်သည်။ မျိုးဆက်သစ်ပြည်သူများ စစ်မက်ကင်းစင်ပြီး ငြိမ်းချမ်း တည်ငြိမ်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရေး၊ စစ်မက်ပဋိပက္ခများအကြား နစ်မွန်းခဲ့ရသည့် မျှော်လင့်ချက်များ လင်းလက်တောက်ပလာစေရေးအတွက် ကြိုးပမ်းအားထုတ်နေခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူများ အကျိုးကိုရှေးရှု၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ရန်အတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းများအနေဖြင့် မိမိတို့၏ လိုလားချက်များကို အခြေခံအဆင့်၊ အလွတ်သဘော အဆင့်များတွင် လွတ်လပ်စွာ အကျေအလည် ဆွေးနွေးအဖြေရှာကာ ကြိုးပမ်းအားထုတ် နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။