မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်ကောင်းမွန်စေမည့် GAP စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့်အညီ စိုက်ပျိုးလုပ်ကိုင် ခြင်းဖြင့် တောင်သူတစ်ဦးချင်း သီးနှံဝင်ငွေတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) နည်းပညာ တောင်သူပညာပေးသင်တန်းကို ဒီဇင်ဘာ ၂၀ ရက် ယမန်နေ့ နံနက် ၉ နာရီက ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင်တို့က တက်ရောက်လာသည့် သင်တန်းသားတောင်သူများအား မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယခု ဖွင့်လှစ်သင်ကြားပေးမည့် GAP စနစ် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို စနစ်တကျ လေ့လာသင်ယူသွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) နည်းပညာ တောင်သူပညာပေးသင်တန်း ဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြများဖြစ်သည့် ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဝါဝါမွန်တို့က တက်ရောက်လာသည့် တောင်သူများကို သီးနှံအထွက်နှုန်းမြင့်မားစေမည့် GAP စနစ် စိုက်ပျိုးနည်းပညာများ ၊ ရာသီအလိုက် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိသော အခြေခံစိုက်ပျိုးရေး ဆိုင်ရာနည်းပညာများနှင့် မြေဆီမြေဩဇာ အချိုးကျ သုံးစွဲနည်းစနစ်များကို နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ စာတွေ့ လက်တွေ့ ပို့ချသင်ကြားပေးခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် တောင်သူများက မိမိတို့ တွေ့ကြုံရသည့် စိုက်ပျိုးရေး ဆိုင်ရာအခက်အခဲများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) နည်းပညာ တောင်သူပညာပေးသင်တန်းသို့ ညောင်ဦး မြို့နယ်အတွင်း မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးသည့်ကျေးရွာများနှင့် တောင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံ တောင်သူ ၅၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)