ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန် မြစ်ကြီးနား တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ညှိနှိုင်းဆွေးနွေး ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကလေးစာပေပွဲတော်ကျင်းပမည့် မြစ်ကြီးနား တက္ကသိုလ်၏ မုခ်ဦးများနှင့် ဝင်/ထွက်လမ်းများ၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် သုတေသန အဆောက်အဦ၊ စာသင်ခန်းမနှင့် စာသင်ဆောင်များ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် ဖျော်ဖြေရေးဆိုင်ရာ ကျင်းပမည့် နေရာများကို လှည့်လည်ကြည့်ရှုကြသည်။
ထိုနောက် ပြည်နယ်အစိုးအဖွဲ့ရုံး၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းအချက်အလက် ပြန်ကြားရေးဆိုင်ရာများ၊ ပညာပေးရေးဆိုင်ရာများနှင့် ဖျော်ဖြေရေးဆိုင်ရာများကို ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများစသည့် နိုင်ငံပိုင် မီဒီယာအဖွဲ့အစည်းများဖြင့် ဆောင်ရွက်နေမှုများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ခရိုင်၊ မြို့နယ်ရုံး စာကြည့်တိုက်များနှင့် လူထုအခြေပြု ဗဟိုဌာနများ ဖွင့်လှစ် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံပြန်တမ်းအပါအဝင် နိုင်ငံတော်အစိုးရ၏ ပုံနှိပ်ရေးဆိုင်ရာ လုပ်ငန်းများ၊ စာပေဗိမာန်မှ စာအုပ်ထုတ်ဝေရေးဆောင်ရွက်နေမှုများကို ဦးစွာ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ကလေးစာပေပွဲတော်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပွဲတော်ကျင်းပခဲ့မှုများ၊ မြစ်ကြီးနားမြို့တွင် ကျင်းပမည့် ကလေးစာပေပွဲတော်၌ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများမှ ပြခန်းနှင့် ဖျော်ဖြေရေးဆိုင်ရာများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များအနက် လမ်းပန်းဆက်သွယ်ရေးအပေါ်မူတည်၍ ပွဲတော်သို့ သွားလာရေးနှင့် တည်းခိုနေထိုင်ရေး သက်ဆိုင်ရာအဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်ရေး၊ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် လိုအပ်ချက်များ ပူးပေါင်းဖြည့် ဆည်းဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်းရှိ ကလေးများမှစ၍ လူငယ်များ လမ်းမှားမရောက်စေရန် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများဖြစ်ပေါ်လာပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အနာဂတ်တွင် လူချွန်လူကောင်းများ ထွက်ပေါ်လာစေရန်တို့အတွက် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးစေလိုသည်တို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မြို့နယ် စာရေးဆရာများအသင်း၊ စာပေချစ်သူများအဖွဲ့၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး စာပေဆိုင်ရာများ ဆွေးနွေးသည်။
ကလေးစာပေပွဲတော်(မြစ်ကြီးနား)ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက် အထိ မြစ်ကြီးနားမြို့၌ ကျင်းပမည်ဖြစ်ရာ ပြပွဲ၊ ပြိုင်ပွဲများနှင့် ဖျော်ဖြေရေး အစီအစဉ်များကို ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများအပြင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်