မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်သူလူထုအားကိုးယုံကြည်သော ရဲတပ်ဖွဲ့ဝင်များဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ်နှင့် Emotional Intelligence for Law Enforcement (ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/ ၂၀၁၈) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ ရက်၊ ယနေ့နံနက် ၈ နာရီက ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲတွင် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေလင်းက သင်တန်းသားတပ်ဖွဲ့ဝင် တစ်ဦးချင်းအလိုက်  တာဝန်ထမ်းဆောင်ရာတွင် ပြည်သူဗဟိုပြုရဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပြီး ပြည်သူလူထုအားကိုး ယုံကြည်ရသော ရဲတပ်ဖွဲ့ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများကို အကျိုးရှိစွာ အသုံးချ ဆောင်ရွက်လုပ်ကိုင်ကြရန် ရှင်းလင်းဆွေးနွေး မှာကြားသည်။

 

အဆိုပါ ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ်နှင့် Emotional Intelligence for Law Enforcement (ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/ ၂၀၁၈)သင်တန်းအား ခရိုင်အတွင်းရှိ အရာရှိနှင့် အခြားအဆင့်တပ်ဖွဲ့ဝင် သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်များ၊ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရပြီး၊ သင်တန်းဆင်းပွဲသို့ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေလင်းနှင့် နယ်မြေရဲစခန်းမှူးများ၊ ရဲကင်းစခန်းမှူးများ၊ ဌာနစိတ်တာဝန်ခံ အရာရှိများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။  

 

 ရဲဝင်းနိုင် (ညောင်ဦး)