၁၂ မတ်
ယခုလ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ယခင်က အကယ်ဒမီဗန်းကိုင်အဖြစ်လည်းကောင်း၊ ရွှေကြိုဟုသတ်မှတ်ကြသော လူငယ်လူရွယ် တက်သစ်စ အနုပညာရှင်လေးများကို ယခု ၂၀၁၉ ခုနှစ်တွင် အကယ်ဒမီအကူဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို ) အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ကနေ သတ်မှတ်လိုက်ကြောင်းသိရပြီး အနုပညာရှင် အလွှာအသီးသီး မှ သားသမီးများကို ရွေးချယ် ခန့်အပ်ခဲ့ကြောင်းသိရသည်။ ထိုသို့ ရွေးချယ်ထားသော သူများတွင် သရုပ်ဆောင်နေထက်လင်း ၊ ကိုကိုဦး ၊ခင်လှိုင် ၊နေမင်း ၊ မင်းသူ တို့ ၏ သား နှင့် သမီး ၊တူ ၊တူမ အစရှိသူတို့ ကို ရွေးချယ်ခဲ့ကြောင်းသိရသည် ။
အကယ်ဒမီအကူ အုပ်သာကျော်( နေမင်း ၏ တူ)
ကျွန်တော်ကတော့ ကိုနေမင်းရဲ့တူပါ မျိုးဆက်သစ်အဖြစ်ပါဝင်ဖြစ်တာပါ။အကယ်ဒမီ အကူမောင် အ ဖြစ်နဲ့ပါဝင်ရလို့ အရမ်းလည်း ဝမ်းသာပါတယ်။ကိုယ့်နဲ့ ရင်နှီးပြီးသား အနုပညာမောင်နှမတွေကို ကိုယ်ကဝိုင်းဝန်း ကူညီရမှာမို့ အရမ်းကို ပျော်ပါတယ်။ တစ်နိုင်ငံလုံးက ကြည့်နေမယ့်ပွဲမှာ ပါဝင်ရတာမို့ အမှားအယွင်းတွေ မရှိအောင်ကြိုးစားလုပ်ဆောင်သွားမှာပါ။အကယ်ဒမီ အကူမောင်မယ်မို့ အခွင့်အလမ်းတွေ ပိုရလာမယ်လို့ထင်ပါတယ်။
အကယ်ဒမီအကူမောင် မင်းသန့်ကိုကို ( မင်းသူ၏ သား)
"ကျွန်တော်ကတော့ သရုပ်ဆောင်မင်းသူရဲ့သားပါ။ ပါဝင်ဖြစ်တာကတော့ အဖေက ဇာတ်လမ်းတွဲရိုက်ကူးချိန်မှာ ဦးရန်လေးနဲ့ ကားရိုက်ဆုံတော့ အကယ်ဒမီအကူမောင် လျှောက်ရတယ်ဆိုတာသိခဲ့ပါတယ်။ကျွန်တော်ကို အ ဖေက ရှုတင်ကိုခေါ်လေ့ခေါ်ထမရှိခဲ့ပါဘူး။ ကိုယ်တိုင်အကယ်ဒမီပေးပွဲ တက်ရမှာမို့ တော်တော်လေးကို စိတ်လှုပ်ရှားနေပါတယ်။အနုပညာပတ်သက်တာတော့ ဘာမှမလုပ်ဖြစ်ပါဘူး။ နောက်ပိုင်းအနုပညာအလုပ်တွေ လုပ်ဆောင်ဖို့ကြိုးစားကြည့်ပါမယ်။ အဖေဆီက အနုပညာနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်ကိုမရှက်နဲ့မကြောက်နဲ့ လို့တော့ပြောပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်ကနည်းနည်းတော့ လူကြောက်ပါတယ်။အနုပညာလုပ်ရတာ တကယ်တော့ မလွယ်ဘူးလို့ထင်ပါတယ်။ ခုတော့ကျွန်တော်ကြော်ငြာတော့ စရိုက်ကြည့်ဖြစ်ပါတယ်။ ဇာတ်ကားတွေရိုက်မယ် ဆိုရင်တော့ အက်ရှင်ကားရိုက်ချင်ပါတယ်၊ လေ့လာစရာရှိတာတွေလည်း လေ့လာထားပါတယ်။အဖေကလည်း ကျွန်တော်ဖြစ်ချင်တာအားလုံးပံ့ပိုးပေးပါတယ်"။
အကယ်ဒမီအကူမောင် ထက်လင်းအောင် (နေထက်လင်း ၏ သား)
ကျွန်တော်ကတော့ သရုပ်ဆောင်နေထက်လင်းရဲ့သားဖြစ်ပါတယ်။ အကယ်ဒမီ အကူမောင်နေရာ ပထမဆုံးပါဝင်ခွင့်ရလို့အရမ်းကို စိတ်လှုပ်ရှားပါတယ်။ အရမ်းလည်းပျော်ပါတယ်၊ အရင်ကတော့အဝေးကနေကြည့်နေရတဲ့ ပရိသတ်တစ်ယောက်ပေါ့။ အခုက ကိုယ့်အကြိုက် Idol တွေကို ပေးမဲ့ဆုသယ်ပေးရမယ်ဆိုတော့ စိတ်လှုပ်ရှားပြီးပျော်မိတယ်။ ကျွန်တော်က မေတိုးခိုင်နဲ့ အတူတွဲရပါမယ်၊ပရိသတ်က လက်ခံလား၊ လက်မခံလားတော့ မသိသေးပါဘူး။စင်မြင့်အတွေ့အကြုံကတော့မရှိပါဘူး။ အဖေကတော့ အောင်ခြေက တက်လှမ်းဖို့ပဲ အကြံပြုပေးပါတယ်၊ အဖေကတော့ မင်းသားဖြစ်စေချင်တယ်။ ကျွန်တော်ဖိုက်တင်ကိုကြိုက်တယ် အဖေကတော့သူ့ဆီမှာ မသင်စေချင်ဘူး၊ တစ်ခြားမှာသင်စေချင်တယ်။ ဖိုက်တင်သင်ရတော့ ကိုယ့်သားဆိုတော့ ညှာမိမှာစိုးတယ်ထင်ပါတယ်။ ကိုယ်တိုင်လည်း မင်းသားဖြစ်ချင်တော့ အဖေရဲ့ အိပ်မက်နဲ့ကိုယ့်ရဲ့အိပ်မက်က ထပ်တူကျပါတယ်။ကြိုတင်ပြင်ဆင်မှုအနေနဲ့ အိမ်မှာဗန်းထဲကို ရေသန့်ဘူးကို ရေအပြည့်ဖြည့်ပြီးတော့ နာရီဝက်လမ်းလျှောက်ခိုင်းပါတယ်။ ခုလိုရွေးချယ်ခံရတာကတော့ စစ်ဗိုလ်ဆိုရင်ဗိုလ်ဖြစ်အောင် ရွေးချယ်လိုက်တာပါပဲ။ စစ်သားတော့မဖြစ်တော့ဘူးပေါ့။ ဗိုလ်ကနေပြီးတော့ စစ်ပွဲတွေကို အများကြီးတိုက်ရဦးမှာပါ။နေရာတစ်ခုရအောင်ရှေ့ဆက်တက်လှမ်းရမှာပါ"
အကယ်ဒမီအကူ နန်းရွှေရည်
"ညီမကတော့ အနုပညာမျိုးဆက်ထဲကတော့ မဟုတ်ပါဘူး။ တက်သစ်စအနုပညာရှင် အသစ်တစ်ယောက်အနေနဲ့ ပါဝင်ဖြစ်တာပါ။ အနုပညာအကယ်ဒမီအကူမယ် ဆိုတာကတော့ အိ်ပ်မက်တစ်ခုပါပဲ။ ဒီလိုစင်မြင့်ပေါ်မှာ လျှောက်လှမ်းဖို့တွေးခဲ့ပေမယ့် အခွင့်အရေးမသာခဲ့ပါဘူး။ ဒီနှစ်ကတော့အနုပညာမျိုးဆက်မှ မဟုတ်ပဲတက်သစ်စမျိုးဆက်သစ်တွေလည်း ပါဝင်ခွင့်ရလို့ ဝင်လျှောက်ဖြစ်တာပါ။ ကိုယ့်အိပ်မက်တစ်ခုကိုအကောင်အထည်ဖော်ရလို့ အရမ်းပျော်ပါတယ်။ နောက်ထက်ခြေလှမ်းသစ်တစ်ခုပေါ့။ ဒီလိုအကယ်ဒမီအကူမယ် ရွေးချယ်ခံရလို့လည်း ထီပေါက်သလို ညီမပျော်ပါတယ်။အရင်တော့ ဇာတ်လမ်းတွဲတွေရော၊ ဗီဒီယိုခေတ်မှာတုန်းဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့ပါတယ်။ အကယ်ဒမီပြီးရင်တော့ ကိုယ့်ဆီရောက်လာမယ့် အခွင့်အရေးပေါ်မူတည်ပြီးတော့ အနုပညာတွေကို ရှေ့ဆက်လုပ်ဆောင်သွားမှာပါ။ မအောင်မြင်သေးတဲ့ ညီမတို့လို တက်သစ်စတွေကို အခွင့်အရေးပေးတဲ့အတွက် အရမ်းပျော်ပါတယ်"
အကယ်းမီအကူ သဇင်ထူးမြင့် ( ခင်လှိုင်သမီး)
ညီမက ဦးခင်လှိုင် ရဲ့သမီးသဇင်ထူးမြင့်ပါ။ တာဝန်ကတော့အရမ်းကြီးတယ် အရမ်းလေးနက်တဲ့ဆု တစ်ဆုကိုကိုင်ရမှာဆိုတော့၊ အရမ်းဂုဏ်ယူပါတယ်။ နိုင်ငံတော်အဆင့်လုပ်တဲ့ အကယ်ဒမီဆုပေးပွဲမှာ အခုလိုပါဝင်ဖို့က အိမ်မက်တော့မမက်ခဲ့ပါဘူး။ ညီမနဲ့ကလည်း သက်သက်ကြီးဖြစ်နေတာလေ အရင်ကသွားလျှောက်ရတာ အခုကတော့ အနုပညာရှင်တွေရဲ့မျိုးဆက်တွေကို လုပ်ခိုင်းတာလေ၊ ဒီလိုပွဲကြီးမှာပါဖို့ ကမ်းလှမ်းခံရတာဆိုတော့ ဂုဏ်ယူရပါတယ်။ တာဝန်လည်းကြီးပါတယ် နိုင်ငံတော့အဆင့်ပွဲဆိုတော့လေ တစ်နိုင်ငံလုံးကလည်း ကြည့်နေကြမှာလေ။ ညီမက အနုအညာအလုပ်ကို အစကဝါသနာမပါဘူး၊ အခုကျတော့အနုပညာအလုပ်ကို စိတ်ကယိုင်သလို၊ မယိုင်သလိုနဲ့၊ စိတ်မပါသေးဘူးလို့တော့ ထင်ပါတယ်။ညီမ မလုပ်နိုင်ဘဲနဲ့တော့ အလွယ်ကြီးတော့မလုပ်ချင်ဘူး။ ညီမကဒီဇိုင်နာ လုပ်ချင်တာဝါသနာလည်းပါတယ်။ ဒါပေမဲ့ညီမ ပုံဆွဲကျမတော်ဘူး။ သူငယ်ချင်းတစ်ယောက် တိုက်ကကမ်းလှမ်းထားတော့ ရိုက်ဖြစ်မလားတော့ မသိသေးဘူး စဉ်းစားနေတုန်းပါ။ ဖေဖေကဘာမှတော့ မတိုက်တွန်းပါဘူး။ကိုယ့်ဝါသနာပါရာကို လုပ်ဆောင်ပါလို့ ပြောပါတယ်၊ နည်းနည်းပါးပါးလောက်ပဲ အနုပညာကိုလုပ်ဖြစ်မှာပါ။ အရမ်း ဝါသနာပါတဲ့ အထဲမှာတော့မပါပါဘူး။ ညီမက လူကြောက်တတ်တာမို့ပါ။ ကိုယ်တိုင်ကလည်း စီးပွားရေးကိုစိတ်ဝင်စားတာပါ။ ညီမတို့ကူညီပေးမယ့် အကယ်ဒမီနှစ်မှာ ကောင်းတဲ့အနုပညာရှင်၊ အတတ်ပညာရှင်တွေ အားလုံးကို ရစေချင်ပါတယ်" လို့ ဦးခင်လှိုင်ရဲ့သမီး သဇင်ထူးမြင့်က ပြောပြခဲ့ပါတယ်။
အကယ်ဒမီအကူ မေတိုးခိုင် ( အိန္ဒြာကျော်ဇင်တူမ)
ညီမကတော့ အိန္ဒြာကျော်ဇင်ရဲ့တူမ မေတိုးခိုင်ပါ ဒီနှစ်ထဲမှာ အနုပညာရှင်တွေရဲ့မျိုးဆက်သစ်တွေ ရွေးချယ်တာမို့ လာပြီးလျှောက်တာ အရွေးချယ်ခံရလို့ အတိုင်းမသိဝမ်းသာမိပါတယ်။ အရင်ကတော့ အကယ်ဒမီ ပေးပွဲမှာရွှေကြိုလေးတွေ ထွက်လာတွေ့ရင် ကိုယ်တိုင်လည်းအားကျခဲ့တယ်။ ကိုယ်တိုင်လည်း အခုဒီအထဲက တစ်ယောက်ဖြစ်ပြီးတော့ စင်မြင့်ပေါ်မှာ ပါဝင်ရမှာ မို့ပျော်ပါတယ်။ အနုပညာအလုပ်ကတော့ အလျင်းသင့်သလို လုပ်ဆောင်နေပါတယ်။ကိုယ်တိုင်လည်း သရုပ်ဆောင်အလုပ်တွေ လုပ်ပေမယ့် အသစ်တစ်ယောက်လိုပဲ ခံယူထားပါတယ်။ စင်မြင့်ပေါ်မှာ လျှောက်တာတွေတော့ လျှောက်ခဲ့ဘူးတယ်။ အန်တီအူဝဲကလည်း ခုက အကူမယ်တစ်ယောက် ဆိုတော့ ညီမကိုရှပ်ပြာရှပ်ပြာ မဖြစ်ဖို့အတွက်တော့ သတိပေးတယ်။ ကိုယ်တိုင်လည်း စင်ပေါ်မှာတော့ ချော်လဲမှာကြောက်ပါတယ်။ အနုပညာအလုပ်ကတော့ Sky Net က လွှင့်မယ့်ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိပါတယ်။ အကယ်ဒမီလား အနုပညာရှင်အားလုံး တော်တဲ့သူတွေအားလုံးကို ရစေချင်ပါတယ ်"လို့ မေတိုးခိုင်က ပြောခဲ့ပါတယ်။
ကိုလင်း