၁၄ မတ်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါဆုံးသော လိုအပ်ချက်တစ်ရပ်မှာ လူသားအရင်းအနှီး (Human Capital) ကိုအားကောင်းသည်ထက် အားကောင်းအောင် ပြုလုပ်နိုင်ရေးပင်ဖြစ်သည်။ လူသားအရင်းအနှီးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံရှိ လူသားအရင်းအမြစ်(Human Resource) ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီး တစ်ရပ်အဖြစ် အသုံးချခြင်းပင်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သောအရင်းအနှီးသုံးရပ်ကို အင်္ဂလိပ်အက္ခရာ M သုံးလုံးဖြင့် ပြဆိုရာ တွင်(Man, Money, Material)) လူသား၊ ငွေကြေး၊ ရုပ်ဝတ္ထုဟူ၍ အရင်းအနှီးသုံးရပ်ရှိသည့်အနက် လူသားအရင်းအနှီးကသာ အဓိကအကျ ဆုံးဟူ၍ ပညာရှင်တို့က အဆိုအမိန့်ရှိကြသည်။
လူသားအရင်းအနှီး (Human Capital) လိုအပ်ချက်အတွက်နိုင်ငံတွင်းရှိပြည်သူများသည် အရည်အသွေးရှိသော ပြည်သူများ (Quality of Population) ဖြစ်ကြရန် လိုအပ်သည်။ သို့ဖြစ်သည့်အလျောက် ပြည်သူများအရည်အသွေးမြင့်မားရေးအတွက် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် မြှင့်တင်မှုများ ပြုလုပ်ပေးခြင်း၊ သက်မွေးဝမ်းကျောင်းပညာရေး (Vocational Education)အတွက် ကျောင်းများ၊ လေ့ကျင့်မှုဌာနများ၊ သင်တန်းများဖွင့်လှစ်ပေးခြင်း စသည်တို့ကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးရမည်ဖြစ်သလို အလုပ်လုပ်သော အသက်အပိုင်းအခြားရှိ ပြည်သူများ ကလည်း မိမိတို့၏ အရည်အသွေးများ မြင့်မားရေးအတွက် ကိုယ်တိုင်အားထုတ်ကြိုးပမ်းကာ မိမိတို့တွင်ရှိသည့်အချိန်နှင့် ငွေကြေးတို့ကိုရင်းနှီးမြှုပ်နှံကြရမည်။ တစ်နည်းအားဖြင့် အချိန်နှင့် ငွေကြေးအချို့အကုန်အကျခံကာ သင်တန်းများ တက်ရောက်ခြင်း၊ လေ့ကျင့်ခြင်းအားဖြင့်မိမိကိုယ်တိုင်သည် တန်ဖိုးမြင့်လူသားအရင်းအမြစ် ဖြစ်လာစေရမည် ဖြစ်သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မကြာသေးမီက သွားရောက်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ်အတွင်း မတ်လ ၆ ရက်နေ့က ခန္တီးမြို့၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့ရာတွင် “မိမိတို့၏ ရည်ရွယ်ချက်တစ်ခုမှာ နိုင်ငံဖွံ့ဖြိုး တိုးတက်ခြင်းကို တစ်ပြေးညီဖြစ်စေလိုပါကြောင်း၊ အချို့နေရာတွင် ချမ်းသာကြွယ်ဝပြီး အချို့နေရာတွင် ဆင်းရဲမှုနှင့် ရုန်းကန်နေရခြင်းများ မဖြစ်စေလိုပါကြောင်း။ တိုးတက်ဖွံ့ဖြိုးမှုဆိုသည်မှာ တန်းတူညီမျှအားလုံး တိုးတက်ဖွံ့ဖြိုးချမ်းသာရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း။ နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် အဓိကပြည်သူပြည်သားများ၏ အရည်အချင်း ဖြစ်ပါကြောင်း။ ပြည်သူပြည်သားများ အရည်အချင်းမြင့်မှ နိုင်ငံချမ်းသာပြီး လမ်းမှန်ပေါ် ရောက်ကာ လိုချင်သည့် ပန်းတိုင်ကို ဖြောင့်ဖြောင့်ဖြူးဖြူး ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း” စသည်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ဤသည်မှာ နိုင်ငံသူ နိုင်ငံသားတစ်ဦးချင်းတို့၏ အရည်အချင်းနှင့် နိုင်ငံ၏ ကြွယ်ဝချမ်းသာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့၏ တိုက်ရိုက် အဆက်အစပ်ကို ညွှန်ပြခဲ့ခြင်းပင် ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူတစ်ရပ်လုံးက တက်ကြွစွာ ပါဝင်လာမှသာ အောင်မြင်နိုင်ကြောင်းကို နိုင်ငံအုပ်ချုပ်သူ အစိုးရတိုင်းက နားလည်လက်ခံကြသည့်အလျောက် မူဝါဒနှင့်လုပ်ငန်းစဉ်များတွင် ပြည်သူများပါဝင်လာရေးကို အလေးထားလေ့ရှိကြသည်။ အတိတ်က ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့စဉ် ပြည်သူများပါဝင်လာရေးအတွက် လှုံ့ဆော်မှုဆိုင်ရာ နည်းလမ်းများ၊ အုပ်ချုပ်မှုဆိုင်ရာ နည်းလမ်းများ စသည်တို့ဖြင့် ပြည်သူ့အင်အားကို ရယူခဲ့သည်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ၊ သိမီကြသူများစွာ ရှိနေဆဲဖြစ်သည်။ ဤသည်မှာ ပြည်သူကို အကောင်အထည်ဖော်သူများ အဖြစ်သာ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ပါဝင်ခဲ့ရသူများမှာလည်း ရုပ်ပိုင်းအရသာ ပါဝင်ခဲ့ကြရသည့်အလျောက် ပွဲပြီးမီးသေသဘောသာ ဖြစ်ခဲ့သည်။
ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီကျင့်စဉ်၌မူ ပြည်သူတို့၏ အကောင်အထည်ဖော်မှုနှင့်တကွ အဆုံးအဖြတ်ပေးမှုကိုပါ အသိအမှတ်ပြုထားခြင်းက အနှစ်သာရဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွင် ပြည်သူတိုင်း ပါဝင်ပတ်သက်နေပြီး အားလုံးသည် နိုင်ငံတော်အတွက် တာဝန်ရှိနေသည်ဟူသော စိတ်ဓာတ်နှင့် ခံယူချက်တို့ လူတိုင်းကိုယ်စီ သက်ဝင်ယုံကြည်ကြခြင်းနှင့်အတူ တစ်ဦးချင်းတို့၏ အရည်အချင်းမြင့်မားကြသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း