၁၄  မတ်

 

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်၍ အသွင်ကူးပြောင်းတက်လှမ်းရာ၌ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အားလုံးပါဝင်သော ဖွံ့ဖြိုး တိုးတက်ရေး၊ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေး၊ ဒီမိုကရေစီနည်းလမ်းကျသော အလေ့အထများထွန်းကားရေးနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှုပုံစံရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း စိတ်မပျက်၊ အားမလျှော့ဘဲ သန္နိဋ္ဌာန်ချထားသည်နှင့်အညီ ရည်မှန်းချက်ပန်းတိုင်သို့ အားလုံးပါဝင်သည့် စုပေါင်းအင်အားဖြင့် အရောက်လှမ်းလျက်ရှိသည်။ အဓိကကြုံတွေ့နေရသော စိန်ခေါ်မှုများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့စွာဖြင့် အဆင့်ဆင့်တက်လှမ်းနိုင်ရေးနှင့် အများပြည်သူ သိရှိပြီးဖြစ်သည့် ရခိုင်ပြည်နယ်အရေး ကိစ္စများ ဖြေရှင်းရေးပင်ဖြစ်သည်။

 

အာဆာအကြမ်းဖက်သမားများ၏ ကြိုတင်အကွက်ချ တိုက်ခိုက်မှုများမှ စတင်ခဲ့သည့် နောက်ဆက်တွဲ အကျိုးဆက်များနှင့် ယိုယွင်းပျက်ပြားသွားသည့် အခြေအနေများကို ပြန်လည်တည့်မတ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ နှစ်နှစ်ကျော် ကြိုးပမ်းအားထုတ်မှုများမှာ အရာထင်အကျိုးဖြစ်ထွန်းမှုများ ရှိလာချိန်တွင် မကြာသေးသည့်အချိန်က အေအေ သောင်းကျန်းသူတို့က ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်မှုကြောင့် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးစပြုနေသော ရခိုင်ပြည်နယ်၏ အခြေအနေကို ရှုပ်ထွေးစေခဲ့သည်။

 

မြန်မာနိုင်ငံအနေဖြင့် အခက်အခဲအမျိုးမျိုးရှိနေသော်လည်း နိုင်ငံတကာ၏အာရုံစိုက်ခြင်း ခံခဲ့ရသည့် လူ့အခွင့်အရေး အခြေအနေများ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အကြောင်းပြချက် တစ်ခုဖြစ်သည့် နေရပ်စွန့်ခွာသွားသူများအရေးကို နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ နေရပ်ပြန်လာမည့်သူများကို စိစစ်လက်ခံရန် အဆင်သင့်ဖြစ်လျက်ရှိသည်။ နေရပ်ပြန်လာမည့်သူများအား သင့်တင့်လျောက်ပတ်သည့် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်ရန် UNDP၊ UNHCR ကုလသမဂ္ဂ အဖွဲ့အစည်းများအပြင်အာဆီယံသာမက ဒေသတွင်း နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် အစိုးရနှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နေပြည်တော်တွင် ရုံးခန်းဖွင့်လှစ်၍ လုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိသည်။ အစိုးရ အနေဖြင့် ကိုဖီအာနန်အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်မှုအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအားလုံး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သည့်ဖြေရှင်းမှုများကို ရှာဖွေလုပ်ကိုင်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်သမျှအရေးကိစ္စတို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကိုင်တွယ်ဖြေရှင်းရန် စိတ်ဆန္ဒရှိပြီးဖြစ်သည့်အပြင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်း ရှိပေသည်။ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုက်အဝန်း အားလုံးတို့အပေါ်တွင် လူသားချင်းစာနာ ထောက်ထားစိတ် အပြည့်အဝဖြင့် ကာကွယ်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်သည်ဟု စွပ်စွဲချက်များနှင့်ပတ်သက်၍ ခိုင်လုံသော သက်သေအထောက်အထား ပြသနိုင်ပါက တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွင် အစိုးရအနေဖြင့် အပြည့်အဝ အာမခံတာဝန်ယူ ဆောင်ရွက်ပေးနိုင်သည်။

 

ထို့ကြောင့် လူသားတို့ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးများကိုကာကွယ်မြှင့်တင်ရာတွင် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုသည်သာ အရေးကြီးပြီး နိုင်ငံတစ်နိုင်ငံ၏ လူမှုရေးသဟဇာတဖြစ်မှုနှင့် စည်းလုံးညီညွတ်မှုကို ထိခိုက်စေသော တရားမျှတမှုမရှိသည့် ဘက်လိုက်သော မည်သည့်ပြုမူ၊ ပြောဆို၊ လုပ်ကိုင်မှုမျိုးကိုမဆို သတိပြု ဆင်ခြင်ရှောင်ရှားရမည်ဖြစ်သည်။ ယင်းဆောင်ရွက်ချက်များကိုလက်မခံဘဲ ပယ်ချရမည်သာ ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အများပြည်သူ လိုလားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် သန္နိဋ္ဌာန်ချထားပြီး ဖြစ်သည့်အတိုင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတို့ကို မယိမ်းမယိုင်တည့်မတ်ခိုင်မာစွာဆောက်တည်ပြီး ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိသည့်တိုင် စုပေါင်းအင်အားဖြင့် ဆက်လက်တက်လှမ်းသွားမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ