လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မြို့တော်ခန်းမ၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
 
 
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို အသက်အရွယ် အမျိုးအစားအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင် မိခင်မှစတင်၍ ရှေးဦးအရွယ် ကလေးသူငယ်များ၊ အမျိုးသမီးငယ်များ၊ လူငယ်များ သက်ကြီးရွယ်အိုများ သာမက မသန်စွမ်းများ စသည်တို့ကို လူမှုကာကွယ်စောင့်ရှောက် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ 
 
 
ထိုသို့ ဆောင်ရွက်ရာတွင် နည်းမှန်လမ်းမှန်ဖြင့် ပြည်သူများ အမှန်တကယ်အကျိုး ဖြစ်ထွန်းစေရန်အတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ဖေါ်ဆောင်ပြီး ဆောင်ရွက်နေပါကြောင်း၊ ကလေးအခွင့်အရေးဖြစ်သည့်  အစောင့်အရှောက်ခံပိုင်ခွင့် ရရှိရန်အတွက် ရင်ခွင့်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက် အခွင့်အရေးများကိုလည်း စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်အဖြစ် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတားဖြစ်မည့် လူကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေးများအတွက်လည်း ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေး ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မူးယစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များကလည်း လိုအပ်ချက်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြပြီး အကောင်အထည်ဖော်မှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကြစေလိုကြောင်း ပြောကြားသည်။
 
 
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်ပေးနေမှုများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသား ပြည်သူများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးနေမှုများ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် အရေးကြီးသဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးတန်း တူညီမျှခံစားရရှိနိုင်မည့် ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်တည်ဆောက်ရေး၊ ဘုံသဘောတူညီချက်ကိုရယူရန် စားပွဲဝိုင်းဆွေးနွေးပွဲတွင် စိတ်ရှည်သည်းခံမှုဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်နှင့် ဒုတိယဝန်ကြီး ဦးစိုးအောင် တို့သည် ကလေးခရိုင်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေကျပ် ၂၉၂ သိန်းကျော်၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကျပ် ၅၇၆ သိန်း၊ ကလေးမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ ၅ ဖွဲ့ အတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ ငွေကျပ် ၃၅ သိန်းကျော်နှင့် ကလေးမြို့ရှိ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေ ၆၇ သိန်း ကျော် တို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
 
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော ဘိုးဘွားများအတွက် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခြင်းနှင့် ကလေးများအတွက် အာဟာရမုန့်များနှင့် ကစားစရာ အရုပ်များကို ပေးအပ်ကြသည်။
 
 
(မောင်မင်းနိုင်)