ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ (၁၄)နယ်မြေ၊ စံပယ်လမ်းသွယ်(၁)နေ အိမ်ရှင် ဦးလှမြင့် နေအိမ်တွင် အဝီစိတွင်း တူးဖော်ရာမှ ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပေ ၂၀ဝ အနက်အရောက်တွင် အမျိုးအမည် မသိရှိရသေးသော ရေနှင့်ဓါတ်ငွေ့များ ပန်းထွက်လာမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
အဆိုပါဖြစ်ပွားရာသို့ တာဝန်ရှိသူများရောက်ရှိကာ အခြေအနေအား စောင့်ကြည့်လျက်ရှိပြီး မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ ထိန်းသိမ်းဖြန့်ဖြူးရေး (သန်လျင်) တာဝန်ခံ အင်ဂျင်နီယာ ဦးစိုးဝင်းက ယခုဖြစ်စဉ်သည် အဝီစိတွင်း တူးဖော်ရာတွင် ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး လက်ရှိ ပေ ၂၀ဝ မှ ထွက်ရှိနေသော ဓါတ်ငွေ့များအား စမ်းသပ်မှုများ ပြုပြီးမှသာ ဓါတ်ငွေ့အခြေအနေကို တင်ပြပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါပေ ၂၀ဝ အနက်မှ ထွက်ရှိနေသော ရေနှင့် ဓါတ်ငွေ့များသည် အချိန်ကြာမြင့်စွာ ထွက်ရှိမည်မဟုတ်ဘဲ အချိန်အတိုင်းအတာ ခဏမျှသာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင် လူနေအိမ်များ အနေဖြင့် ပေ ၁၀ဝ အတွင်း မီးအသုံးပြုမှုကို သတိပြုနေထိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 
 
ထို့နောက် ရေနှင့် သဘာဝဓါတ်ငွေ့ ထွက်ရှိနေသော နေရာအား သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်ကြည့်ရှုကာ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
 
သက်ခိုင် (သန်လျင်)