လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ်တစ်ဦး တရုတ်နိုင်ငံတွင်ရိုက်နှက်နှိပ်စက်ခံနေရသည့် ရုပ်သံဖိုင်တစ်ခု ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့နေသည်ကို တွေ့ရသည်။ မျှော်လင့်ချက်မဲ့စွာ တုံဏှိဘာဝေ ထိုင်နေသည့် အမျိုးသမီးငယ်ကို အခြားအမျိုးသမီးတစ်ဦးက ဆဲဆိုပြီး မျက်နှာနှင့်ပါးတို့ကို အချက်ပေါင်းများစွာ ရိုက်နှက်နေခြင်း ဖြစ်သည်။ နှိပ်စက်ခံနေရသည့် အမျိုးသမီးငယ်နှင့်စပ်လျဉ်း၍ လည်း ကောင်း၊ ရုပ်သံဖိုင်၏ ဇာစ်မြစ်နှင့် သတင်းအချက်အလက်တို့ကိုလည်း ကောင်း ပြည့်ပြည့်စုံစုံမသိရသေး။ လူကုန်ကူးခံရပါက ဤသို့ နှိပ်စက်ခံရနိုင်သည်ဟူသော အချက်အလက်တစ်ခုကိုသာ ရုပ်သံဖိုင်တွင် တွေ့ရသေး သည်။
လူကုန်ကူးခံရခြင်း၏ အဓိက အကြောင်းရင်းများတွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ ဆင်းရဲမွဲတေခြင်း၊ Óဏ်ပညာဗဟုသုတ နည်းပါးပြီး စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိခြင်း၊ လူကုန်ကူးသူများနှင့် လူခေါ် ပွဲစားတို့၏ လိမ်ညာပြောစကားများကို နားယောင်ပြီး တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် အခြားနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်သွားရောက်ခဲ့ခြင်းတို့ အဓိကပါဝင်သည်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ဝေသည့် လက်ကမ်းစာစောင်တစ်ခုတွင် ဖော်ပြထားသည့် အချက်အလက်များမှာ အထူးဂရုပြုဖွယ်ရာပင် ဖြစ်သည်။ အဆိုပါ လက်ကမ်း စာစောင်တွင် “တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ အလုပ်လုပ်ကိုင်ရန်သွားလာမည်ဆိုပါက လူကုန်ကူးခံရနိုင်သည်ကို အထူးဂရုပြုပါ” ဟူ၍ စာလုံးကြီးကြီးများဖြင့် ရှင်းလင်းစွာ ဖော်ပြထားသည်။ မည်သူမဆိုအချိန်မရွေး၊ နေရာမရွေး၊ လူကုန်ကူးခံရနိုင်သည်ကို သတိပြုရန်လည်း နှိုးဆော်တိုက်တွန်းထားသည်။ ထို့အပြင်-
တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ပြီး တရားဝင်သွားရောက်အလုပ်လုပ်ခွင့် မရှိပါ။ နယ်စပ်ဖြတ်ကျော်သွားလာခွင့်လက်မှတ်ဖြင့်လည်း အလုပ်လုပ်ခွင့်မရှိပါ။
မိမိကိုင်ဆောင်သော နယ်စပ်ဖြတ်ကျော်သွားလာခွင့် လက်မှတ်၏ သွားလာခွင့်ပြုသည့်နေရာနှင့် နေထိုင်ခွင့်ပြုသည့် ကာလ တို့ကို သိထားရန် လိုသည်။ (တာဝန်ရှိသူတို့ကို မေးပါ)
သင်စာချုပ်ချုပ်ဆို၍ လက်မှတ်ထိုးသည့်တိုင်အောင် လိမ်လည်ခံရနိုင်သည်။ လက်မှတ်မထိုးပါနှင့်။
တရားမဝင်အလုပ်လုပ်ရခြင်းကြောင့် အလုပ်သမားအခွင့်အရေး ရမည် မဟုတ်ပါ။
တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရနိုင်သည်။
အဆိုးဆုံးအ္တရာယ်အဖြစ် လူကုန်ကူးခံရနိုင်သည်ဟူ၍ အသိပေးထားသည်။
ထို့အပြင် သင့်ကိုတစ်စုံတစ်ဦးက တရုတ်နိုင်ငံသို့ လိုက်ပါရန် ပြောဆိုလာ ပါက ထိုသူ၏အမည်ရင်း၊ ဖုန်းနံပါတ်၊ လိပ်စာတို့ကိုတောင်းရန်၊ ဖြစ်နိုင်ပါက ထိုသူကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားရန်၊ ထိုသူက အချက်အလက်များပေးရန်ငြင်းဆန်ခြင်း၊ သံသယရှိဖွယ်တစ်စုံတစ်ရာ ေ တွ့ရှိခြင်းများရှိပါက မလိုက်ရန်၊ မိမိမှတ်ပုံတင် နယ်စပ်ဖြတ်ကျော်သွားလာခွင့်လက်မှတ်၊ မိမိ၏မှတ်စုစာအုပ်များ ကို သိမ်းဆည်းမည် ဆိုပါကလည်း မလိုက်ရန်၊ အတင်းခေါ်ဆောင်ခြင်း၊ ကြိုတင်ငွေထုတ်ပေးခြင်း၊ လမ်းခရီးတွင် စစ်ဆေးခြင်းကို လိမ်ညာရန် သင်ကြားလာခြင်း တို့ရှိပါက စစ်ဆေးရေးတာဝန်ရှိသူများထံ ဆက်သွယ်အကူအညီတောင်းခံရန်တို့ကိုလည်း အကြံပြုထားသည်။
လူပွဲစားများက တစ်ဖက်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များတွင်လုပ်ခလစာ ကောင်းကောင်းရမည်ဟူ၍ လည်းကောင်း၊ အိမ်ဖော်အလုပ်ရမည်၊ ကလေးထိန်းသက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရမည်ဟူ၍ လည်းကောင်း၊ လမ်းစရိတ်အကုန်အကျခံ၍ လည်းကောင်း၊ ကြိုတင်လစာထုတ်ပေးခြင်း၊ တစ်ဖက်နိုင်ငံရောက်ပါက မိဘများထံ ငွေလွှဲပေးမည်ဟူ၍ လည်းကောင်း၊ ဟန်ဆောင်လက်ထပ်ခြင်း၊ ချစ်ကြိုက်ဟန်ဆောင်ခြင်း၊ အလည်အပတ်ခေါ် ခြင်း၊ ခိုးပြေးခြင်း နည်းလမ်းများဖြင့်လည်းကောင်း၊ တရုတ်အမျိုးသားနှင့် ၆ လ၊ တစ်နှစ်ပေါင်းသင်းပါက ငွေကျပ်သိန်းပေါင်းမည်ရွေ့မည်မျှ ရမည်ဟူ၍ လည်းကောင်း စည်းရုံးလေ့ရှိကြသည်။
မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူအနေဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံစလုံး၏ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုကို ရပိုင်ခွင့်ရှိကြောင်းနှင့် လူကုန်ကူးမှုအတွက် ပြစ်ဒဏ်များမှာ ပြစ်မှုအပေါ်လိုက်၍ ထောင်ဒဏ်ငွေဒဏ်မှသည် သေဒဏ်အထိ အပြစ်ပေးနိုင်သည့် ကြီးလေးသော ပြစ်ဒဏ်များကို ပြဋ္ဌာန်းထားကြောင်း အသိတရားနှင့်သတိထားနိုင်ကြပါ စေကြောင်း။ မြန်မာ့အလင်း