နေပြည်တော် ၁၇ မတ်
နိုင်ငံတစ်နိုင်ငံဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ ၎င်းတို့၏တာဝန်များကိုထမ်းဆောင်ရာတွင် အုပ်ချုပ်သူအစိုးရ၊ ဝန်ထမ်းများနှင့် ပြည်သူများ လက်တွဲညီညီ၊ အချိတ်အဆက်မိမိ၊ နားလည်မှုရှိရှိ အတူလက်တွဲ၍ စေတနာ၊ မေတ္တာနှင့် လုပ်ရည်ကိုင်ရည် ပြည့်ဝစွာဖြင့် ဆောင်ရွက်ကြပါက အောင်မြင်တိုးတက်မှုများရရှိမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်သည်။
ယင်းအချက်ကို နိုင်ငံ့ခေါင်းဆောင်များ နယ်မြေဒေသများသို့ကွင်းဆင်းသွားရောက်ရာ၌ မကြာခဏ မှာကြား လေ့ရှိသည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတ်လ ၁၅ ရက်နေ့က ပဲခူးခရိုင်အတွင်းရှိ ဒေသခံပြည်သူ များနှင့်တွေ့ဆုံစဉ် အဆိုပါ အချက်နှင့်ပတ်သက်၍ အသိပေးပြောကြားခဲ့သည်။
“ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူလူထုကနေပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရ၊ ဒါကြောင့် ပြည်သူ ကို တာဝန်ခံရပါတယ်။ ပြည်သူရဲ့ အကျိုးအတွက် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ပြည်သူအတွက် အကောင်းဆုံး၊ နိုင်ငံအတွက် အကောင်းဆုံးကိစ္စရပ်တွေကိုလုပ်ရမှာဖြစ်ပါတယ်။ နိုင်ငံအပေါ်မှာ စေတနာထား ရမယ်၊ ပြည်သူအပေါ်မှာ စေတနာထားရမယ်။ စေတနာထားတဲ့အပြင် လုပ်ရည်ကိုင်ရည်လည်းရှိဖို့လိုပါတယ်။ တချို့က စေတနာရှိတယ်၊ လုပ်ရည်ကိုင်ရည် မပြည့်ဝဘူး။ တချို့က လုပ်ရည်ကိုင်ရည် ပြည့်ဝတယ်၊ စေတနာကျတော့ အားနည်းနေ တယ်။ ဒီနှစ်ခုလုံးက ပြည့်ဝမှ ဖြစ်မှာပါ” ဟူသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏မှာကြားချက်သည် နိုင်ငံအတွက် အရေးကြီးသည့်အချက်ဖြစ်သည်။
အစိုးရ၊ ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းဟူသည့် ကဏ္ဍသုံးရပ်တွင် နိုင်ငံ့ဝန်ထမ်းများသည် အရေးပါသည့် ယန္တရားတစ်ခုဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ပြည်သူလူထုအကျိုးကို ဆောင်ကြဉ်းပေးရာ၌ အစိုးရ သည် တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲသွားသော်လည်း နိုင်ငံ့ဝန်ထမ်း များသည် အစဉ်အမြဲကျန်ရှိနေသဖြင့် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရေး၊ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းရွက်နေရေးကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
ပြည်သူလူထုအကျိုးကို ထိရောက်စွာဆောင်ရွက်ပေးခြင်း၊ ပြည်သူလူထု ကျေနပ်နှစ်သက်လက်ခံခြင်းရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက တည်ဆဲအစိုးရ၏ပုံရိပ်ကို ကျဆင်းစေရုံသာမက နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင်ပါ နှောင့်နှေးကြန့်ကြာစေပေသည်။ ထို့ကြောင့် အစိုးရ၊ ပြည်သူနှင့်ဝန်ထမ်းများ တညီတညွတ်တည်း အလုပ်လုပ်ကြရမည်ဖြစ်ပြီး အဆိုပါ ကဏ္ဍသုံးရပ်စလုံးအနေဖြင့် အရည်အချင်းလည်း ပြည့်ဝ၊ စေတနာလည်း ပြည့်ဝမည်ဆိုပါက နိုင်ငံအနေဖြင့် တိုးတက်လာမည်မှာ အမှန်ဖြစ်သည်။
ပြည်သူများအနေဖြင့် အစိုးရ၏လုပ်ဆောင်မှု၊ ဝန်ထမ်းများ၏ လုပ်ဆောင်မှုများကို ဝေဖန်နိုင်ခွင့်ရှိကြောင်း အဆိုပါအခမ်းအနားတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးခဲ့သည်။ သို့သော် ဒီမိုကရေစီစနစ်နှင့် ဆီလျော်စွာ အဆိုပါအခွင့်အရေးကို အသုံးချသောအခါ နိုင်ငံ၏စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေး ကိုဦးတည်ပြီး မှန်ကန်သော စေတနာဖြင့် ဝေဖန်ခြင်း၊ အပြုသဘောဖြင့် ဝေဖန်ခြင်းတို့ပြုလုပ်ရန် လိုအပ် ပေသည်။ တိုင်းပြည်ကောင်းမွန်ရေးကိုရှေးရှုပြီး စေတနာ၊ မေတ္တာထား၍ ပြုပြင်ပေးလိုသည့်စိတ်ဓာတ်ဖြင့် အားလုံးဝိုင်းဝန်း၍ ပြုပြင်ကြရန်လိုအပ်ပေသည်။
သို့ဖြစ်ရာ အစိုးရကိုကိုယ်စားပြုသည့် ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုအပေါ်တွင် စေတနာ၊ မေတ္တာများ ထားကာ မိမိတို့၏အရည်အချင်း များကို အပြည့်အဝအားထည့်၍ တာဝန်ကျေပွန်စွာဆောင်ရွက်ပြီး ပြည်သူ လူထုကို ကောင်းမွန်စွာအလုပ်အကျွေးပြုခြင်းဖြင့် နိုင်ငံပုံရိပ်မြင့်မား တိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ရမည်ဖြစ်ပါကြောင်း။
ကြေးမုံ