ပေါ့ပ်ကြယ်ပွင့် အရီရန်နာဂရန်းဒ်ဟာ လတ်တလောမှာတော့ ချစ်သူဟောင်းဖြစ်တဲ့ သရုပ်ဆောင် ပီးထ်ဒေးဗစ် ဆန်ကို သူ့ရဲ့လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့မှုတွေအပေါ် တုံ့ပြန် ရေးသားဖော်ပြခဲ့တာကို တွေ့ရ ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ 

ပီးထ်ဒေးဗစ်ဆန်က လတ်တလောမှာတော့ အွန်လိုင်းပေါ်ကနေတစ်ဆင့် အကူအညီ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ပီးထ်ဒေးဗစ်ဆန်က သူဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ ဆက်လက် နေထိုင်လိုစိတ်မရှိတော့ကြောင်း ရေးသားဖော်ပြခဲ့တာပါ။ ဒီဖော်ပြမှုကို နောက်ပိုင်းမှာ ပြန်လည်ဖျက်ပစ်ခဲ့ပေမယ့် အရီရန်နာဂရန်းဒ်ကတော့ တုံ့ပြန်ရေးသားခဲ့တာဖြစ်ပါတယ်။ အရီရန်နာ ဂရန်းဒ်က သူဟာ ဘယ်ကိုမျှ ရောက်ရှိမနေကြောင်း၊ အကူအညီ လိုအပ်ပါက သူရှိနေကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ ပီးထ်ဒေးဗစ်ဆန်က သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရ ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ 

သူနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ သူဟာ ချစ်သူသစ်နဲ့ ချိန်းဆိုတွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။ လတ်တလော မှာတော့ ပီးထ်ဒေးဗစ်ဆန်ဟာ သူ့ရဲ့စိတ်ကို ပျော်ရွှင်စေမယ့်အရာတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားပါတယ်။

 

(အေးပြည့်-ကြေးမုံ)