သီးနှံ ၈ မျိုးကို AQSIQ ရရှိစေရန်နှင့် နယ်စပ်ဂိတ် အားလုံးမှ တရားဝင် တင်ပို့ခွင့် ရရှိအောင် ဆောင်ရွက်နေ

ရန်ကုန် ၂၁  မတ်


မြန်မာ့သီးနှံ ၈ မျိုးကို တရုတ်နိုင်ငံ၏ အပင်နှင့် တိရိစ္ဆာန်များ ရောဂါကင်းရှင်းရေး (AQSIQ) စာရင်းတွင် ပါဝင်လာစေရန်နှင့် နယ်စပ်ဂိတ်ပေါက် အားလုံးမှ တင်ပို့ခွင့် ရရှိစေရန်အတွက် အစိုးရသို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။ 


ယင်းကဲ့သို့ သီးနှံ ၈ မျိုးကို  AQSIQ စာရင်းတွင် ပါရှိရေးနှင့် နယ်စပ် ဂိတ်ပေါက်မှ တင်ပို့ခွင့် ရရှိရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာသို့ တင်ပြတောင်းဆိုထားသည်။


"အရင်ကတော့ ဖရဲ၊ သခွားတို့ပဲရှိတာ ခုဆိုအခြားသီးနှံတွေလည်း အများကြီး ထွက်လာပြီ။ သရက်၊ ထောပတ်၊ ကျွဲကော၊ ပိန္နဲသီး၊ နာနတ်သီးတွေ ထွက်လာတယ်။ ဒါတွေက AQSIQ က ခွင့်မပြုထားတဲ့အတွက် ပို့လို့မရဘူး။ ပို့ရင် ဖမ်းမယ်ဆို ဖမ်းလို့ရတယ် မသွားဘူးတော့ မဟုတ်ဘူး။ သွားတော့သွားတယ်။ ဒါပေမယ့် ပေါ်ပေါ်ထင်ထင် သွားလို့ မရဘူး။ တရားမဝင် လမ်းကြောင်းကနေ သွားနေတယ်။ အဲ့ဒါကြောင့် အခုသီးနှံ ၈ မျိုးကို AQSIQ ရအောင် ထပ်တင်ထားတယ်" ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း  ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။


တရုတ်နိုင်ငံ၏ AQSIQ စာရင်းတွင် ဖရဲ၊ သခွား၊ သရက်နှင့် ဇီးသီးဟူ၍ သီးနှံ ၄ မျိုးကို ခွင့်ပြုထားသည့်အပြင် ထောပတ်၊ ကျွဲကော၊ ငှက်ပျော၊ နာနတ်၊ သံပရာ၊ ဝဥ စသည့် သီးနှံ ၈မျိုးကို မူဆယ်- ရွှေလီပေါက် ၁ ပေါက်ထဲသာမက ကန်ပိုက်တီး၊ လွယ်ဂျယ် အစရှိသည့် တရုတ်နှင့် ဆက်စပ်နေသော နယ်စပ်ဂိတ်ပေါက်များမှတစ်ဆင့် တင်ပို့ခွင့် ရရှိအောင် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ တင်ပြတောင်းဆိုထားမှုမှာ ၆ လခန့် ကြာမြင့်နေပြီ ဖြစ်ကာ သီးနှံများ ပိုးမွှားရောဂါ ကျရောက်မှုနှင့် ပတ်သက်သည့် စစ်ဆေးမှုများ ပြုလုပ်၍ ရရှိသည့် အချက်အလက်များကို တရုတ်နိုင်ငံဘက်သို့ ပြန်ပို့ရမည်ဖြစ်ပြီး ယင်းတို့စစ်ဆေးပြီးမှသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ 


"အခုဆို မြစ်ကြီးနားဘက်မှာဆို ကျွဲကောတွေ ကြက်မောက်တွေ အများကြီး ထွက်တယ်။ အဲ့မှာထွက်တဲ့ ဟာတွေက မူဆယ် တစ်ခုထဲကနေပဲ ပို့ရမယ်ဆိုတဲ့အတွက် တရုတ်ပြည်ကို ပို့ချင်တယ်ဆိုရင် မူဆယ်လမ်းကို လာပြီးမှ ရွှေလီဘက်ကနေမှ ပို့လို့ရမယ်။ မူဆယ်- ရွှေလီပေါက် ၁ ပေါက်ထဲမဟုတ်ဘဲနဲ့ ကန်ပိုက်တီး၊ လွယ်ဂျယ် တရုတ်နဲ့ ဆက်စပ်တဲ့ နယ်စပ်ဂိတ်ပေါက်တွေကနေ တင်ပို့ခွင့်ရဖို့ တင်ပြထားပြီးပြီ။ အဲ့အပိုင်းကျတော့ အစိုးရအချင်းချင်းပဲ လုပ်မှရမှာပါ။" ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။

လက်ရှိတွင် ထောပတ်နှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံဘက်က AQSIQ အတွက် လာရောက် သုတေသနများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်များ၊ တိရိစ္ဆာန်ထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ စက်မှုထုတ် ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် AQSIQ မှတ်ပုံတင်ထားသော ကုန်စည်မှာ ဆန်၊ သရက်၊ ဖရဲ၊ သခွား၊ ဇီးသီး (၅) မျိုးသာရှိပြီး ကျန်ကုန်စည်အများစုမှာ နယ်စပ်လမ်းကြောင်းမှ တရားမဝင် တင်ပို့နေရသည့် အခြေအနေရှိနေသဖြင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း၊ တစ်ဖက်နိုင်ငံ၏ ဈေးကွက်အနိုင်ကျင့်ခံရမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိကာ ဆုံးရှုံးမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာလုပ်ငန်း ကော်မတီ အဖွဲ့ဝင် ဦးကိုကိုကြီးက ပြောသည်။

ထို့ပြင် လယ်ယာထွက်ကုန်ဖြစ်သော ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ မြေပဲ၊ ဝဥ၊ ကျွဲကောသီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ရာဘာ၊ မွေးမြူ ရေးထွက်ကုန်ဖြစ်သော ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရှင်၊ ရေထွက်ကုန်ဖြစ်သော  ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ကင်းမွန်နှင့် စက်မှုထုတ်ကုန်ဖြစ်သော အသင့်စား အစားအစာများ၊ အိမ်သုတ်ဆေးများ စသည့် ကုန်စည်များကို AQSIQ မှတ်ပုံတင်ခွင့် အမြန်ဆုံး ရရှိရေးအတွက် သက်ဆိုင်ရာ ဌာနမှ ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုထားသည်။


အေးယမုံ