ကိုလံဘို မတ် ၈
သီရိလင်္ကာရေတပ်သည် မတ် ၇ ရက် ညပိုင်းက မူးယစ်ဆေးဝါး ကုန်ကူးသည်ဟု သံသယရှိသဖြင့် တောင်ပိုင်းရေပြင်၌ ငါးဖမ်းရေယာဉ်ကိုတားဆီးခဲ့ရာ ဘိန်းဖြူ ၁၀၃ ကီလိုဂရမ်နှင့် ကိုကင်း ၁ ကီလို ဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရေတပ်က မတ် ၈ ရက်တွင် ပြောကြားသည်။
ရူပီး ၂ ဒသမ ၈ ဘီလီယံခန့်ရှိ
ကာကွယ်ရေးဒုတိယဝန်ကြီး အာရူနာ ဂျယာဆီကာရာက မတ် ၈ ရက် နံနက်ပိုင်းတွင် အဆိုပါ နေရာသို့သွားရောက်ခဲ့ပြီး သိမ်းဆည်းရမိသည့် ရေယာဉ်နှင့် မူးယစ်ဆေးဝါးများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများ၏ ဖမ်းဆီးရမိမှု ပမာဏမှာ ရူပီး ၂ ဒသမ ၈ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းခန့်) ရှိကြောင်း ၎င်းက ပြောကြားသည်။
ခြောက်ဦးကို ထိန်းသိမ်းထား
အာဏာပိုင်များက သံသယရှိသူ ခြောက်ဦးကို ထိန်းသိမ်းထားပြီး ပါဝင်သူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ


