မြို့ပြအခြေအနေ ဖွံ့ဖြိုးပြောင်းလဲလာမှုအား မှတ်တမ်းတင်နိုင်ရန်နှင့် ကျေးရွာ(၂၅)ရွာအား မြေငှားဂရံများ ထုတ်ပေးနိုင်ရန် မြေတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 

 

“မြို့အခြေအနေတွေက ပြောင်းလဲနေကြပြီ၊ အသေးစိတ်တိုင်းတာဖို့ လိုနေတဲ့အတွက်ကြောင့် အောင်လံ၊ ငဖဲ၊ ကျောက်ထု၊ နတ်မောက်မြို့ (၄)မြို့ကို မြေတိုင်းဖို့ ရှိပါတယ်။ တစ်ချို့မြို့တွေ စတိုင်းနေပါပြီ။ ကျေးရွာမြေငှား ဂရံတွေ ထုတ်ပေးနိုင်ဖို့အတွက်လည်း တိုင်းအတွင်း ၂၅ မြို့နယ်မှာ တစ်မြို့နယ် တစ်ရွာနှုန်းနဲ့ ကျေးရွာ ၂၅ ရွာ တိုင်းတာရေးတွေ စလုပ်နေပါပြီ” ဟု တိုင်းဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။ 

 

 

ကျေးရွာမြေဂရံ ထုတ်ပေးရန် တိုင်းတာရေးလုပ်ငန်းတွင် လိုအပ်နေသည့် Demarcation Officer နှင့် Boundary Officer များ ခန့်ထားပေးရန် တင်ပြထားကြောင်း၊ မူလရွာမြေ၊ တိုးချဲ့မြေ၊ ထပ်မံတိုးချဲ့ရန် ရည်ရွယ်သည့် မြေများကို Boundary Officer မှ သတ်မှတ်ပေးရပြီး လ၇-၃၀(ခ) ပြန်လျှောက်ကာ မူလရွာမြေနှင့် ပေါင်းစပ်ပေးရကြောင်း တိုင်းဦးစီးက ရှင်းပြသည်။

 

 

“ရွာတွေမှာက ရွာဝိုင်းကြီးပဲရှိတယ်။ တစ်ဦးချင်းပိုင် မရှိဘူး။ မရှိတော့ ပြဿနာဖြေရှင်းဖို့ တော်တော်ခက်တယ်။ ဂရံတွေရပြီး သူ့အကွက်နဲ့သူ ဖြစ်သွားရင် ပြဿနာတွေ ဖြစ်ရင်လည်း ရှင်းလို့လွယ်သွားပြီ။ စီမံခန့်ခွဲရတာ ပိုလွယ်သွားတာပေါ့။ ဒါပေမယ့် တစ်နှစ်ထဲလည်း အများကြီး လုပ်လို့မရဘူး။ စီမံချက်နဲ့ လုပ်ရတာပေါ့” ဟု တိုင်းဦးစီးမှူး ဦးဇော်ဝင်းက ဆိုသည်။

 

 

တစ်နှစ်လျှင် တစ်မြို့နယ် ကျေးရွာတစ်ရွာနှုန်းဖြင့် ကျေးရွာဂရံ ထုတ်ပေးရေး မြေတိုင်းလုပ်ငန်း လုပ်ဆောင်ခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး တောမြေတိုင်းတာလျှင် ၁၆ လက်မ တစ်မိုင်စကေး၊ ဂရံပေးကာ မြို့မြေတိုင်းလျှင် ၆၄ လက်မ တစ်မိုင်စကေးဖြင့် တိုင်းတာမှုများ လုပ်ဆောင်ရကြောင်း တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရသည်။

 

ဇေယျတု(မကွေး)