ကျေးရွာသန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်များကို အမျိုးအစားခွဲခြားကာ စနစ်တကျ စွန့်ပစ်တတ်စေရန်နှင့် ပလတ်စတစ်များ အသုံးပြုမှု နည်းပါးသွားစေရန် ရည်ရွယ်၍ အုတ်ဖိုမြို့နယ် အုန်းနှဲကျေးရွာတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ဖြင့် ကျေးလက်နေ ပြည်သူများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ဒုတိယပတ်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
“ကျေးရွာ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းပြီး သန့်ရှင်းရေး ဆောင်ရွက်ရတာ ကုသိုလ်လည်း ရပါတယ်။ အဖွဲ့အစည်းနဲ့စုပေါင်းပြီး ဆောင်ရွက်ရတော့ ဒေသနေ ပြည်သူတွေရဲ့ ပရဟိတ စိတ်ကလေးတွေကို တွေ့မြင်ရတာ ဝမ်းသာပိတီဖြစ်မိပါတယ်”ဟု အုန်းနှဲကျေးရွာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မာလာထွန်းက ပြောသည်။
အုန်းနှဲကျေးရွာသည် အုတ်ဖိုမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာတစ်ရွာဖြစ်ပြီး စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာတွင် ကော်မတီဖွဲ့စည်းပေးခြင်း၊ စွန့်ပစ်အမှိုက်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးလက်နေပြည်သူများနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။
အုတ်ဖိုမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများအတွင်းမှ အုန်းနှဲကျေးရွာနည်းတူ ကျွန်းကုန်းကျေးရွာနှင့် ရှမ်းကုန်းကျေးရွာတို့တွင်လည်း စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ဖြင့် စွန့်ပစ်အမှိုက် ကင်းရှင်းရေး အသိပညာပေးဟောပြော ဆောင်ရွက်ခြင်း၊ လက်တွေ့သရုပ်ပြ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)