၂၅ မတ်
ဇော်ဂျီ၏ ကဗျာများ
ဆရာဇော်ဂျီ ရေးစပ်ခဲ့သော ကဗျာတိုင်းလိုလိုပင် ဒဿန (ဘဝအမြင်၊ လောကအမြင်) ပါပါသည်။ ဒဿန မပါသော ကဗျာဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ ဆရာသည် မိမိတင်ပြလိုသော ဒဿနကို ကဗျာပုံစံအမျိုးမျိုးဖြင့် ရေးဖွဲ့တင်ပြပါသည်။ ဆရာသည် ကဗျာများကို ရေးဖွဲ့ရာ၌ အကြောင်းအရာတစ်ရပ်ကို နောက်ခံပြု၍ ပုံစံတူကဗျာစုများအဖြစ် ရေးဖွဲ့ခဲ့ပါသည်။ (ဗေဒါ လမ်းကဗျာစု၊ ညီသစ်ဆင်းကဗျာစု၊ ပုဂံကဗျာစု စသည်ဖြင့် ဖြစ်ပါသည်။) ဆရာတို့၏ ကဗျာများ၊ စာများအကြောင်းကို အတွေးအခေါ် ရှုထောင့်မှလည်းကောင်း၊ အတတ်ပညာရှုထောင့်မှလည်းကောင်း၊ ရသပညာ ရှုထောင့်မှလည်းကောင်း၊ အခြားသော ရှုထောင့်အမျိုးမျိုးမှလည်းကောင်း သုံးသပ်အကဲဖြတ်ခဲ့ကြသည့်စာတွေ အတော်များများပေါ်ထွက်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ထိုအကဲဖြတ်စာ၊ ဝေဖန်စာများသည် ပြီးမြောက်ပြည့်စုံပြီဟု မယူဆပါ။ ဆရာတို့၏ ကဗျာများ၊ ကဗျာက ပေးသော ခံစားချက်၊ အသိ၊ အတွေးအမြင်တို့ကို ဆက်လက်လေ့လာသင့်ပါသည်။
ဆရာဇော်ဂျီသည် “အသိ”ကိစ္စကို အလွန်အလေး ထားသူဖြစ်ပါသည်။ မိမိကိုယ်တိုင်သိသော အသိကိုသူတစ်ပါးအား (စာဖတ်သူအား) ပေးလိုသော၊ မျှဝေလိုသော စေတနာရှိသူ ကဗျာစာဆိုဖြစ်သည်။ ဆရာသည်မိမိပေးလိုသော ဘဝအသိ၊ ဘဝအမြင်ကို မိမိကိုယ်တိုင်သေချာအောင်၊ ရှင်းလင်းအောင် ဆင်ခြင်ပြီးမှ ကဗျာကိုရေးဖွဲ့စပ်ဆိုသူဖြစ်ကြောင်း ဆရာ့၏ တပည့်ဖြစ်သူတက္ကသိုလ်မင်းမော်က ယခုလို ရေးခဲ့ပါသည်။ “ဆရာ ဇော်ဂျီသည် စိတ်ကူးတစ်ခုရလျှင် ထိုစိတ်ကူးကိုကြည်လင်အောင် ဆင်ခြင်ပြီးမှ၊ အတွေးတစ်ခုရလျှင်ထိုအတွေးကို ပြတ်သားအောင် ဆင်ခြင်ပြီးမှ၊ အသိတစ်ခုရလျှင် ထိုအသိကို ရှင်းလင်းအောင် ဆင်ခြင်ပြီးမှ ကဗျာကိုပီပြင်အောင်၊ သပ်ရပ်အောင် စိတ်ရှည်လက်ရှည်နှင့်၊ သည်းခံစွာနှင့် လောဘမထားဘဲ အေးဆေးတည်ငြိမ်စွာ ကဗျာစပ်သူ ဖြစ်ပါသည်။ ဆရာနှင့်ပတ်သက်၍ ကျွန်တော့် အတွေ့အကြုံ၊ ကျွန်တော့်ခံစားမှုအရ ပြောရလျှင် ဆရာဇော်ဂျီသည် သူ့စိတ်ကူး၊ သူ့အတွေး၊ သူ့အသိတို့ကို တရားအဆင့်ရောက်သည်အထိ ဆင်ခြင်၍ မရမချင်း ကဗျာစပ်ခဲ့သူမဟုတ်ဟု ဆိုချင်ပါသည်” [တက္ကသိုလ်မင်းမော် - ကဗျာကိစ္စပြီးသူ (သို့မဟုတ်) ဆရာဇော်ဂျီ၊ စာပေဂျာနယ်၊ အောက်တိုဘာ၊ ၁၉၉၂ ]
တက္ကသိုလ်မင်းမော်က ဆရာဇော်ဂျီသည် ဝိုးဝါးသော ချက်ချင်းအသိမျိုး၊ မရှင်းလင်း မပြတ်သားသော ချက်ချင်း အသိမျိုးကို မနှစ်သက်ကြောင်းလည်း ရေးခဲ့ပါသည်။ ထိုသို့ ဆရာမနှစ်သက်သည်ကို ဆရာ၏ ‘ဝိဓူရဒုက္ခ’ ကဗျာကို ဥပမာပေး၍ တင်ပြထားပါသည်။ ဘုရားလောင်း ဝိဓူရဇာတ်တော်ကို အများပင် သိဖူး၊ ကြားဖူးကြမည် ဖြစ်ပါသည်။ နဂါးမင်း၏ မိဖုရားက ဝိဓူရ အမတ်၏တရားကို ကြားချင်၊ နာချင်သည်။ သို့သော်မိဖုရားသည် တရားနာချင်သည်ဟု ရိုးရိုးရှင်းရှင်း မပြောဘဲ ဝိဓူရ၏ နှလုံးသားကို လိုချင်သည်ဟု နဂါးမင်း ကို ပူဆာသည်။ နဂါးမင်းက မယားအလိုကို ဖြည့်ဆည်း ချင်ဇောဖြင့် အပူပွား ဗျာပါများနေသည်။ ခမည်းတော်၏ သောကကို မကြည့်ရက်သော သမီးတော် ဣရန္ဓတီက သူ့ကို ချစ်ကြိုက်နေသော ပုဏ္ဏကဘီလူးအား ဝိဓူရ၏ နှလုံးသားကို ချစ်လက်ဆောင်အဖြစ် တောင်းဆိုသည်။ ပုဏ္ဏကက သိန္ဓောမြင်းကိုစီး၍ ဝိဓူရအမတ်၏ ဘုရင်ရှိရာ ကောရဗျမင်း၏ နန်းတော်သို့သွားကာ ဘုရင်နှင့်လောင်းတမ်း ကြွေအန်ကစားသည်။ ကောရဗျမင်း အန်ရှုံး သည့်အခါ ပုဏ္ဏကက လောင်းကြွေးအဖြစ် ဝိဓူရအမတ်ကိုတောင်း၍ ဝိဓူရကို ဘီလူးပြည်သို့ ခေါ်ဆောင်သွားသည်။ ခေါ်ဆောင်ရာ၌ ရိုးရိုးမခေါ်ဘဲ ဝိဓူရကို မြင်း၏အမြီးကိုဆွဲစေ၍ သေစေရန်အကြံဖြင့် မြင်းကိုဒုန်းစိုင်းစီးပြီး တောင်ကမ်းပါးယံနှင့် တိုက်ခြင်း၊ ဆူးချုံသစ်ပင်များ ကြားသို့ တိုးဝင်မောင်းနှင်ခြင်း၊ ကောင်းကင်တွင် လေပြင်းတွေ တဟူးဟူးတိုက်နေသည့်ဘက်သို့ မျက်နှာမူ၍ အရှိန်အဟုန်ပြင်းစွာ မြင်းကိုနှင်ခြင်းတို့ဖြင့် ဝိဓူရအမတ်သေဆုံးအောင် အမျိုးမျိုးကြံစည်လုပ်ဆောင်သည်။ ပုဏ္ဏက၏စိတ်ကူးမှာ ဝိဓူရအမတ်သေဆုံးတော့မှ အမတ်၏ နှလုံးသည်းပွတ်ကိုယူ၍ အလောင်းကို စွန့်ပစ်ထားခဲ့ရန်ဖြစ်သည်။ ဝိဓူရအမတ်မှာ မေတ္တာဖြင့်နေသော ဘုရားလောင်းဖြစ်၍သာ မသေဘဲ ခံနိုင်ခြင်းဖြစ်သည်။ မသေသော်လည်း ပုဏ္ဏကနှိပ်စက်သည့်ဒဏ်ကို မသေရုံတမယ်ခံလိုက်ရသည်။ အဖြစ်မှန်ကို နဂါးပြည်ရောက်တော့မှ(နဂါးမင်း၏ မဟေသီနှင့် တွေ့တော့မှ) သိရတော့သည်။ မိဖုရား၊ ဘုရင်၊ သမီးတော်၊ ပုဏ္ဏကဘီလူးတို့၏ နှိပ်စက်သည့်ဒဏ်ကို ဝိဓူရအမတ် အလူးအလဲခံလိုက်ရသည်။ ဝိဓူရဇာတ်ကိုအကြောင်းပြု၍ ဝိုးဝါးအသိ၊ မရှင်းမရှင်း အသိတို့ကြောင့် ပညာရှိအမတ် ဒုက္ခရောက်ရပုံကို ဆရာ ဇော်ဂျီက ကဗျာအဖြစ် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ကဗျာတစ်ပုဒ်လုံးတွင် ‘ဆိုလိုချင်ရင်း ဆိုမရှင်း’၊ ‘သိပြီချက်ချင်း သိမရှင်း’၊ ‘ဆိုဝိုးဝါး’၊ ‘သိဝိုးဝါး’ ဟူသော အသုံးအနှုန်းများကိုကြိမ်ဖန်များစွာ ထည့်သွင်းထားသည်။ ဝိဓူရဇာတ်တော်၏ ဖြစ်ရပ်ဇာတ်ကြောင်းမှာ အလွန်စိတ်မကောင်းဖွယ်ဇာတ်ကြောင်းဖြစ်သည်။ သို့သော် ဆရာဇော်ဂျီက စာဖတ်သူကို အလွန်အကျူး စိတ်ထိခိုက်မသွားစေလိုသော စေတနာ၊ ဖတ်သူ၏ ခံစားချက်ကို လျော့ပါးသက်သာ စေလိုသော စေတနာကြောင့်လား မသိ၊ ဝိဓူရ၏ ဒုက္ခကိုသနားခြင်း ကရုဏာရသနှင့် ရယ်ရွှင်ခြင်း ဟာသရသ ရသနှစ်မျိုးကို သမမျှတအောင် ရောယှက်၍ မိမိပြောချင်သည့်ဒဿနကို တင်ပြခဲ့ပါသည်။
ဝိဓူရဒုက္ခကဗျာကိုဖတ်ရင်း ဝိုးဝါးအသိ၊ သိမရှင်း တို့ကြောင့် ပညာရှိသူတော်ကောင်းများ ဒုက္ခရောက်ရသည်ကို တွေးမိပါသည်။ ထိုသို့တွေးမိရာမှ ဆရာ မင်းသုဝဏ် ‘မကျက်တကျက် ပေါင်မုန့်’ ဟု အပြောခံရပုံကိုသတိရမိပါသည်။ မသိခြင်းကိစ္စတွင် ကိုယ့်ကိုယ်ကိုယ်မသိခြင်းသည် အဆိုးဆုံးဖြစ်သည်ဟုလည်း စဉ်းစားမိပါသည်။ ကိုယ့်ကိုယ်ကိုယ် မသိခြင်းဟူသည် ကိုယ်မသိသည်ကို ကိုယ်မသိခြင်း (ကိုယ့်ကိုယ်ကိုယ် သိသည်၊ တတ်သည်ဟု အထင်ရောက်ခြင်း) ဖြစ်ပါသည်။ ရာဇဝင်သမိုင်းတစ်လျှောက်တွင် အသိဉာဏ်နည်းသူမင်းဆိုးမင်းညစ်များက ပညာရှိအမတ်များ၏ အကြံဉာဏ်ကို မနာယူခြင်း၊ ပညာရှိကို အလေးမထားခြင်း၊ ပြစ်မှား စော်ကားခြင်းတို့ကို ပြုမူမှုကြောင့် တိုင်းပြည် ဆုံးရှုံးပျက်စီးရသည့် သာဓကများ ရှိခဲ့ပါသည်။ ဆရာမင်းသုဝဏ်၏ ‘မကျက်တကျက် ပေါင်မုန့်’ ဇာတ်လမ်းကို ကြားသိရသည့်အခါ ဓမ္မပဒတရားတော်လာ ‘အန္ဓဘူတော အယံလော ကော’ (ဤလောက ဤလောကီလူအပေါင်းသည် ပညာ မျက်စိမရှိသဖြင့် မိုက်ကန်းဖြစ်၏။) အစချီ ဓမ္မပဒ ဂါထာသည် စာရေးသူ၏ စိတ်ထဲသို့ ရောက်လာပါသည်။
ဆရာဇော်ဂျီ၏ အသိအမြင်တို့သည် ဆရာဇော်ဂျီ၏ အတွေးမှ ပေါက်ဖွားလာခဲ့သည်။ သို့သော် အသိမှန်၊ အမြင်မှန် ဟူသည် တစ်ကိုယ်တည်း ထိုင်တွေးနေရုံနှင့်ရနိုင်သည်မျိုးမဟုတ်ပါ။ ဆရာဇော်ဂျီခံယူထားသော အယူအဆ သဘောထားအရ မိမိပတ်ဝန်းကျင်ကို ချစ်ခြင်း၊ ဂရုပြုခြင်း၊ အလေးထားခြင်း၊ လောကအတွင်းတွင် ဖြစ်ပျက်နေသော ကိစ္စရပ်များအပေါ် သတိသမ္ပဇဉ် ဉာဏ်ယှဉ်၍ ဆင်ခြင်ကြည့်ရှုခြင်းစသော စိတ်ကောင်း၊ စေတနာ ကောင်း၊ အပြုမူကောင်းတို့ကို အခြေပြု၍ တွေးတော စဉ်းစားခြင်းဖြင့်သာ အသိမှန်၊ အမြင်မှန်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဆရာဇော်ဂျီ၏ အတွေးအမြင်တို့သည်အတွေးမှန် (သမ္မာသင်္ကပ)၊ အမြင်မှန် (သမ္မာဒိဋ္ဌိ) သို့ဆိုက်ရောက်ခဲ့သည်ဟု ဆိုချင်ပါသည်။
ခံစားချက်နှင့် အတွေး
ကဗျာကောင်းတွင် ခံစားမှုပါသလို အတွေးလည်း ပါရသည်။ ...... ဝေဒနာကို ပညာက ထောက်ပံ့ရမည်။ ပညာကို ဝေဒနာက ထောက်ပံ့ရမည်။ ဝေဒနာသည်ခံစားမှုဖြစ်၍ ပညာသည် ကဗျာအတွေးဖြစ်သည်။ (မြဇင်-ကဗျာ့အတွေး၊ ကဗျာ့နရီနှင့် နိမိတ်ပုံ)
ဆရာနှစ်ဦး၏ ကဗျာများတွင် ဆရာတို့ဖြတ်သန်း တွေ့ကြုံခဲ့ရသောဘဝသည် ထင်ဟပ်နေပါသည်။ ဆရာ တို့၏ အတွေးအခေါ်၊ ခံစားချက်တို့ကိုလည်း ဆရာတို့၏ ကဗျာများက ဖော်ပြနေပါသည်။ ဆရာတို့သည် ဘဝချင်း မတူတာတွေ ရှိသလို တွေးပုံချင်း၊ ခံစားချက်ချင်း ကွာခြားသည်များလည်း အထိုက်အလျောက်တော့ရှိမည် ဖြစ်ပါ သည်။ သို့သော် ဆရာနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အကျိုးပြုနေသော၊ အလွန်လိုက်ဖက်ညီညွတ်သော၊ ဟာမိုနီဖြစ်သော စာဆိုညီနောင်နှစ်ဦး ဖြစ်ပါသည်။
တကယ်တော့ ကဗျာဆရာတစ်ဦးအဖို့ ဒဿနနှင့်ခံစားမှုသည် သီးခြားဖြစ်တည်နေသောအရာများ မဟုတ်ပါ။ ဆရာဒဂုန်တာရာက “အတွေးအခေါ်ဆိုတာကလည်း ခံစားမှုကို လေးလေးနက်နက် စုံစုံလင်လင် ခံစားမှုအပေါ် အခြေတည်မှသာလျှင် အတွေးအခေါ် ထက်မြက်တယ်။ ဒါ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်ဗျ” ဟု ပြောခဲ့သည်။ ဆရာမြဇင်(ဦးဝင်းဖေ)ကလည်း ခံစားမှုနှင့် အတွေးတို့၏ အဆက်အစပ်ကို ယခုလိုသုံးသပ်ပြပါသည်။ ခံစားမှုဆိုတာ “ခံစားမှုကတော့ အခြေခံပဲ၊ ခံစားမှုကတော့ အစပဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အာရုံနဲ့စရတာကိုး၊ အာရုံနဲ့အာယတနနဲ့ စရတာ၊ နောက်မှ ဘယ်လိုပြောပါသလဲဆိုတော့ ဒီခံစားမှုမှန်မှ အတွေးမှန်မယ်လို့ ပြောလေ့ရှိပါတယ်။ အဲဒီတော့ ခံစားမှုလွဲရင် အတွေးလွဲတတ်တယ်။ ဒါကြောင့်မို့လို့ ကဗျာဆရာက ခံစားရုံပဲ ခံစားလို့မဖြစ်ဘူး။ ခံစားတတ်ဖို့ကလည်း လိုသေးတယ်။ အဲဒါ ခံစားတာ ပြီးတော့ ကဗျာကို သူတို့အနေနဲ့ သရုပ်ဖော်ကြတာပေါ့လေ။ ဘာလဲဆိုတော့ ဒီဘာသာစကားကို ဖွဲ့နွဲ့ဖန်တီးတဲ့အားဖြင့် သဘာဝစကားလေးဖြစ်လာအောင် ပြုလုပ်တာဟာ ကဗျာပဲ။” (ဒဂုန်တာရာ၊ မြဇင်၊ မင်းလှညွန့်ကြူး၊ မောင်စွမ်းရည်နှင့် တင်မိုးတို့ ဆွေးနွေးကြသည့် ကဗျာဝိုင်း၊ စာဝိုင်း၊ ပွင့်စွယ်တော်မဂ္ဂဇင်း၊ အမှတ် (၄၊ ၅) စက်တင်ဘာ၊ နိုဝင်ဘာ ၁၉၈၉)
ဆရာဇော်ဂျီ၏ ကဗျာများနှင့် ဆရာမင်းသုဝဏ်ကဗျာများတွင် အခြေခံဒဿန(အမြင်)ချင်း မကွာပါ။ မကွဲလွဲပါ။ ခံစားချက်ကို တင်ပြပုံချင်းသာ အနည်းငယ်ကွာခြားပါသည်။ ဤနေရာတွင် ဆရာဦးအောင်သင်းက ဆရာနှစ်ဦး၏ ကဗျာများအပေါ် သုံးသပ်စိတ်ဖြာပြပုံကို တင်ပြလိုပါသည်။ “ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်ကဗျာတွေ ကြည့်လိုက်၊ ဆရာမင်းသုဝဏ်က အသေးစိတ်တယ်။ ဝေဒနာကို သူရေးတယ်။ ဆရာဇော်ဂျီက ဝေဒနာကို ပြန်ရပ်ပြီးတော့ သုံးသပ်ပြီးမှ သူက ပြန်ရေးတယ်။ အဲဒီလို သိပ်ကွာတယ်။ အဲဒီတော့ ဝေဒနာအပိုင်းပြတဲ့အခါကျတော့ သူ့Emotional၊ သူရင်ခုန်တဲ့အတိုင်း ကျွန်တော်ပြန်ခုန်လို့ရတယ်။ ဆရာ ဇော်ဂျီက အဲဒါကို ပြန်ပြီးရပ်ပြီးတဲ့အခါကျမှ သူ့စိတ်မှာ အတွေးအခေါ်နဲ့ ပြန်သုံးသပ်ပြီးမှ ပြန်ရေးလိုက်တဲ့အခါ ကျတော့ သူက နှလုံးသားကို ရုတ်တရက် မထိဘူး။ အဲဒီအချိန်မှာ သူ့ဦးနှောက်က၊ သူ့အတွေးအခေါ်က ဘာသာပြန်ပေးနေတဲ့အခါကျတော့ ချက်ချင်း ရုတ်တရက်မရဘူး။ အဲဒီလိုကွာတယ်။ ဆရာမင်းသုဝဏ်က တိုက်ရိုက် Heart to Heart ပေါ့ဗျာ။ ဆရာဇော်ဂျီကျတော့ ဗုဒ္ဓဘာသာနဲ့ပြောရမယ်ဆိုရင် သုတ္တန်ဒေသနာ မထားဘဲနဲ့ အဘိဓမ္မာနဲ့ အဆုံးသတ်ပြီး ပြီးတော့မှ တရား ကို နိဂုံးချုပ်တာ။ ဆရာမင်းသုဝဏ်က သုတ္တန်ဒေသနာ အတိုင်း ရေးတယ်။” (အောင်သင်း ဟောပြောချက်)
လောကတွင် ခံစားချက်နှင့် ဒဿနကဲ့သို့ပင် တစ်ခုနှင့်တစ်ခု မတူသော်လည်း ခွဲ၍မရစကောင်းသော၊ အပြန်အလှန် အမှီသဟဲပြုနေသောအရာများ ရှိပါသည်။ ပမာအားဖြင့် ရုပ်နှင့်စိတ်၊ စိတ်ကောင်းနှင့်ဉာဏ်ပညာ၊ နှလုံးသားနှင့်ဦးနှောက် စသည်တို့ ဖြစ်ပါသည်။ လူသည်စိတ်ကောင်းနှင့် ဉာဏ်ပညာနှင့် နေရမည်ဟု အဆိုရှိသည်။ သို့သော် စိတ်ကောင်းနှင့် ဉာဏ်ပညာတို့သည် သီးခြားမဟုတ်ကြ၊ စိတ်ကောင်းမရှိသူသည် ဉာဏ်မရှိနိုင်ပါ။ (စိတ်ထားမကောင်းသူသည် ဉာဏ်ပညာကို မရနိ်ုင်ပါ) လူတွေအချင်းချင်း ဆက်ဆံကြ၊ ပြောကြ၊ ဆိုကြသည့်အခါတွင်လည်း နှလုံးသားရော ဦးနှောက်ပါ လိုအပ်ပါသည်။ ဦးနှောက်မပါဘဲ နှလုံးသားသက်သက်ဖြင့် စကားပြောလျှင် မှားနိုင်သည်။ နှလုံးသားမပါဘဲ ဦးနှောက်သက်သက်ဖြင့် စကားပြောလျှင် မနွေးထွေး။ သို့ဖြစ်ရာ လူတွင် အသိဉာဏ်ဆင်ခြင်တုံတရားရှိဖို့ လိုသလို အေးမြ ကြည်လင် ချစ်ခင်သိမ်မွေ့သော မေတ္တာစိတ်လည်း ရှိဖို့လိုအပ်ပါသည်။
ဆရာမြဇင်က ဆရာဇော်ဂျီ၏ ကဗျာများကိုအောက်ပါအတိုင်း အကဲဖြတ်ခဲ့ပါသည်။ “ဆရာဇော်ဂျီ၏ ကဗျာများ ကောင်းသည်ဆိုသည်မှာ အသံကြောင့်လည်း ဟုတ်ပါသည်။ အလှတန်ဆာကြောင့်လည်း ဟုတ်ပါ သည်။ စကားပရိယာယ်ကြောင့်လည်း ဟုတ်ပါသည်။ သို့သော် အကြောင်းရင်းမှာ ဘဝသံပါသော အတွေး ကြောင့် ဖြစ်သည်။ ထိုအတွေးသည်လည်း သာမန်စကား စဉ်ဖြင့် ရုပ်လုံးဖော်ထားသော အတွေးမဟုတ်ပါ။ ထူးခြားသော နရီ၊ လေးနက်သော ရသဖြင့် ရုပ်လုံးဖော်ထားသော အတွေးဖြစ်သည်။ ဆရာသည် လေးနက်သည့် ဟန်ကိုဖြစ်စေသော လေးနက်သည့် ခံစားချက်၊ လေးနက်သည့်အသိတို့ကို ထိန်းကျောင်း မြောင်းသွယ်ကာ လေးနက်သည့် ကဗျာအုပ်စုကို ဖန်တီးထားသည်။ ဗေဒါလမ်း ကဗျာအုပ်စုအတွင်းမှ တောက်ပနေသည်မှာ အရေးထား ဖွယ်ရာ လေးနက်သော ဆရာ့ဉာဏ်ပင် ဖြစ်ပေသည်။” (မြဇင်- လှိုင်းသံ လေသံ ဘဝသံ)
ဦးသက်ထွန်း ပြောခဲ့သလိုပင် ဆရာဇော်ဂျီ၏ ကဗျာများက ဖက်ရှုသူကို တွေးစေသည်။ လောကအမြင်၊ ဘဝအမြင်အသိကို ပေးသည်။ ဆရာမင်းသုဝဏ်၏ ကဗျာများက ဖတ်ရှုသူကို ခံစားစေသည်။ သိမ်မွေ့ယဉ်ကျေးသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ဆရာကြီးလုစ်က ဆရာမင်းသုဝဏ်ကို gentle and thoughtful but sad (သိမ်မွေ့ အတွေးနက်သို့ပေမယ့် ဆွေးလျက်-ဒေါက်တာအောင်ကြီး မြန်မာပြန်) ဟု မှတ်ချက်ပြုခဲ့သည်မှာ ဆရာ၏ စိတ်နေစိတ်ထား၊ စရိုက်သဘာဝတို့နှင့် အတော်ပင် ကိုက်ညီ ဆီလျော်လှပါသည်။
စာရေးသူအနေနှင့်မူ ဆရာနှစ်ဦးကို အမိ၊ အဖနှင့်ပမာပြု၍ ပြောရလျှင် ဆရာဇော်ဂျီသည် အဖနှင့်တူပြီး ဆရာမင်းသုဝဏ်သည် အမိနှင့်တူပါသည်။ ဆရာဇော်ဂျီမှာ မိမိကိုယ်တိုင်က တည်ငြိမ်အေးချမ်းသူဖြစ်သဖြင့် သားသမီးများ၏ လှုပ်ရှားနေသောစိတ်(ခံစားချက်) ပေါက်ကွဲလျက်ရှိသော ဒေါသတို့ကိုအေးသွား၊ ငြိမ်သွားအောင် အကျိုးအကြောင်းပြ၍ ဖျောင်းဖျထိန်းသိမ်းပေးတတ်သော ဖခင်နှင့်တူပါသည်။ ဆရာမင်းသုဝဏ်မှာ မိမိကိုယ်တိုင်က ထိခိုက်ခံစားတတ်သူဖြစ်သဖြင့် မိမိသားသမီးများ မတရားဖိနှိပ်ခံရခြင်းကြောင့် ဝမ်းနည်းကြေကွဲနေပါက သနားစာနာစိတ်ဖြင့်မိမိပါလိုက်၍ ခံစားတတ်သူ၊ ထိုခံစားချက်ဖြင့် သားသမီးဘက်မှ ရပ်တည်ကာကွယ်သော မိခင်နှင့်တူသူ ဖြစ်ပါသည်။ မိခင်သည် အားငယ်ညှိုးနွမ်းနေသော သားသမီးများကို မေတ္တာ၊ ကရုဏာတို့ဖြင့် ယုယနွေးထွေးစွာ ချော့မော့နှစ်သိမ့်ပါသည်။ စာရေးသူသည် ဖခင်ကိုကြည်ညို ရိုသေသလို မိခင်ကို လေးမြတ်ချစ်ခင်ရပါသည်။ ။
လင်းအေး