ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများအပြင် ရေရှည် ဆောင်ရွက်မှုများ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားကြရန်နှင့် ကလေးသူငယ်ဥပဒေ၊ နည်းဥပဒေပါ ကလေး သူငယ်များရဲ့အခွင့်အရေးတွေ ပြည့်ဝစွာရရှိ လာစေရန်အတွက် ရည်ရွယ်ပြီး ကယားပြည်နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်က လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်း ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က အဖွင့်အမှာစကား ပြောကြားရာတွင် လတ်တလော အနေဖြင့် ဖြစ်ပွားမှု များနေသော သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်စေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန် သိရှိသတင်းပို့ တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသော ကလေးသူငယ်များအား လိုအပ်သော အကူအညီများ အလျင်အမြန် ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးနိုင်ရေး၊ ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေးလုပ်ငန်းများကို ပြည်သူလူထုအကြား လုပ်ဆောင်သွားကြ ရန်လိုအပ်ကြောင်း၊ ထို့အပြင် အမျိုးသမီးကလေးငယ် ကိစ္စများဆောင်ရွက်ရာ၌ မသန်စွမ်းများအတွက်ပါ ထည့်သွင်းဆောင်ရွက် ရမှာဖြစ်ပြီး မသန်စွမ်းကလေးများအတွက် ကလေးသူငယ် အခွင့်အရေးပါ ထည့်သွင်းထားရန် အလွန်ပင်အရေးကြီးပါကြောင်း၊  ပြည်နယ်အတွင်း ကလေးသူငယ်များအတွက်ကြိုတင် ကာကွယ် စောင့်ရှောက်ခြင်းလုပ်ငန်း၊ တုန့်ပြန်ဖြေရှင်းဆောင်ရွက်ခြင်းလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း ပညာပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း စသည့်လုပ်ငန်းများအားလုံးကို တက်ရောက်လာသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး စေလိုကြောင်းဖြင့် ပြောကြားသည်။ 

 

ဆက်လက်၍ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးချန်ပဲ့ က ပြည်နယ်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကလုပ်ငန်းများဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲများက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ  လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ အစည်းအဝေးသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ၊ ပြည်နယ်အတွင်း ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်နေကြသော Save The Childern ၊  World Vision ၊ ကိန္နရာကျေးလက် ၊ ကယားဖူး  လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ထွန်းလေး