စာကြည့်တိုက်ပညာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းကို ဒီဇင်ဘာ ၁၅ ရက်က မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက ကျောင်းစာကြည့်တိုက်များ စာစု၊ စာပြု၊ စာငှားလုပ်ငန်းများ စနစ်တကျ ရှိစေရေးနှင့် ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်တွင် ပျော်မွေ့လာစေရန် စာကြည့်တိုက်မှူး၏ စွမ်းဆောင်ရည် မြင့်မာလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး စာကြည့်တိုက်ပညာ စီမံခန့်ခွဲမှုနှင့် စာအုပ်၊ စာစောင်များ တိုက်ပိုင်သွင်းခြင်း ဘာသာရပ်ခွဲခြင်းတို့ကို ဆွေးနွေးပို့ချပေးခဲ့သည်။
ယင်းနောက် Book Club နာယက လက်ထောက်ပညာရေးမှူး (ငြိမ်း) ဦးအောင်ကျော်စိုးက စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် စာကြည့်တိုက်တစ်တိုက် အမြဲရှင်သန်နေစေရန် စာကြည့်တိုက်မှူးတစ်ဦး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းစာကြည့်တိုက် တာဝန်ခံ ဆရာ၊ ဆရာမ (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)